နေပြည်တော် ဖေဖော်ဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ရှမ်းပြည်နယ်(တောင်ပိုင်း) ခရီးစဉ်၌ လမ်းညွှန် မှာကြားချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကလောမြို့မှ ရွှေမင်းဖုန်း ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၅ ရွာသို့ ဆက်သွယ်ထားသော အရှည် ၁၀ မိုင် ၅ ဖာလုံ၊ ၉ ပေ အကျယ် မြေသားလမ်းကို ၂၆ ပေ အကျယ် လမ်းတာချဲ့ဖောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လမ်းလုပ်ငန်းဆောင်ရွက်မှုနှင့် ကျေးရွာများ၏ အနေအထား တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုနှင့် ဒေသခံများ၏ လိုလားချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဒေသခံတိုင်းရင်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရွှေမင်းဖုန်းစေတီတော်အား ဖူးမြော်ကြည်ညိုပြီး ကျောင်းထိုင်ဆရာတော်အား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါလမ်းပိုင်းပေါ်ရှိ ရှုခင်းသာ (view point) သို့ သွားရောက်ပြီး ခရီးသွားလုပ်ငန်းအတွက် အထောက်အကူဖြစ်စေရေးနှင့် အများပြည်သူ စိတ်ချမ်းမြေ့စွာ လာရောက် အပန်းဖြေနိုင်ရေးတို့အတွက် ဆောင်ရွက်ရန် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ကလောမြို့မှ ရွှေမင်းဖုန်းကျေးရွာအုပ်စုသို့ ယခင်က ၉ ပေအကျယ်မြေသားလမ်းမှာ ယခု ၂၆ ပေအကျယ် မြေသားလမ်းအဖြစ် တိုးချဲ့၍ လမ်းတစ်လျှောက်လိုအပ်သော Box Culvert အစင်း ၂၀ တို့ကို တည်ဆောက်ပေးလျက်ရှိပြီး ယင်းလမ်းကို အသုံးပြုနိုင်ခြင်းကြောင့် ကျေးရွာ ၅ ရွာ မှ အိမ်ထောင်စု ၆၄၄ စု၊ လူဦးရေ ၃၆၄၈ ဦး တို့၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်းနှင့် လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျောက်ခင်းလမ်းအဖြစ် ဆက်လက်ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲပိုင်းတွင် အောင်ပန်းမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းသို့ ရောက်ရှိ၍ သင်တန်းကျောင်းအုပ်၏ သင်တန်းကျောင်းဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နည်းပြများနှင့် သင်တန်းသားများကို အမှာစကား ပြောကြားကာ ရင်းနှီးစွာနှုတ်ဆက်သည်။ ဆက်လက်၍ သင်တန်းခန်းမဆောင်များ၌ ဘာသာရပ် အလိုက် လက်တွေ့လေ့ကျင့်သင်ကြားနေမှုများနှင့် အိပ်ဆောင်၊ စားရိပ်သာများကို လိုက်လံကြည့်ရှု စစ်ဆေးကာ ထပ်မံဖြည့်စွက်သင်ကြားပေးရန် လိုအပ်ချက်များနှင့် အဆင့်မြင့် စက်မှုလက်မှုပညာ သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ကိစ္စရပ်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)