Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ရောဂါဖြစ်ပွားမှုများ မြင့်တက်လာခြင်းကို အချိန်နှင့်တစ်ပြေးညီ ကာကွယ်ထိန်းချုပ်ရန် လိုအပ်၍ ကုသရေးလုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ စသည်ဖြင့် အဘက်ဘက်မှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊  ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ရောဂါ သံသယလူနာများ အနေဖြင့်လည်းကောင်း၊ အတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သူများနေဖြင့် လည်းကောင်း၊ ရောဂါပိုး ရှိ/ မရှိ အမြန်စစ်ဆေး နိုင်ရေးနှင့် ပိုးတွေ့ရှိပါကလည်း အမြန်ဆုံး ကုသစောင့်ရှောက်မှုများပေးနိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်များကို အခြေပြု၍ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့များနှင့် လူနာခုတင် စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းထားရှိ ပြင်ဆင်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ရုံးချုပ်)အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို အားဖြည့်ဆောင်ရွက်ခြင်းအနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး)နှင့် ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)တို့ ပါဝင်သောအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်(၄)ခုကို အခြေပြု၍ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့များ ဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ပိုးတွေ့ရှိသည့် လူနာများကို သက်ဆိုင်ရာ ကုသရေးစင်တာများသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးနိုင်ရေး၊ ဓါတ်ခွဲစစ်ဆေး၍ ပိုးတွေ့ရှိရခြင်းမရှိသူ ဓါတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများကိုလည်း သက်ဆိုင်ရာ ကွာရန်တင်းစင်တာများ (သို့မဟုတ်) ဟိုတယ်ကွာရန်တင်းစင်တာများသို့ ပို့ဆောင်ပေးနိုင်ရေးအတွက် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့များအနေဖြင့် နှီးနွယ်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း တင်ပြသည်။

ဆက်လက်၍ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက အတည်ပြုလူနာများကို ခရိုင်အလိုက် ဖွဲ့စည်းထားသည့် လူနာခုတင် စီမံခန့်ခွဲမှုကော်မတီများ မှတဆင့် သက်ဆိုင်ရာ ခရိုင်အဆင့်ဆေးရုံများ၊ မြို့နယ်/ တိုက်နယ် ဆေးရုံများ၊ ကုသရေးစင်တာများသို့ လွှဲပြောင်းပို့ဆောင် နိုင်မည့် အခြေအနေ၊ နှီးနွယ်ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ဆေးရုံတက်ရောက် ကုသရမည့်ကာလကို လျော့ချနိုင်မည့် အခြေအနေ၊ တတိယလှိုင်းကာလတွင် လူနာနည်းပါးလာမှုကြောင့် ခေတ္တရပ်နားထားရသည့် ကုသရေးစင်တာများကို ပြန်လည်ဖွင့်လှစ်နိုင်မည့် အခြေအနေ၊ ကုသရေးဆိုင်ရာ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေ၊ အောက်ဆီဂျင်နှင့် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိသည့် အခြေအနေ၊ လူနာတင်ယာဉ် ရရှိနိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဓါတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသခြင်း လုပ်ငန်းများ စသည်တို့ဆောင်ရွက်ရာတွင် အစစအရာရာ အဆင်ပြေ ချောမွေ့စေရေးအတွက် မိမိကိုယ်တိုင် သံသယလူနာ(သို့မဟုတ်) ဓါတ်ခွဲအတည် ပြုလူနာ တစ်ဦးဖြစ်ပါက မည်သို့ဆောင်ရွက်ရမည်ဆိုသည်ကို စဉ်းစား၍ ရောဂါကာကွယ် ထိန်းချုပ်ကုသ ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို သတိပြု၍ အလေးထားဆောင်ရွက်ကြစေရေး၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေရေးအတွက် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေး ညီ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်