Skip to main content

ဒုတိယဝန်ကြီး ဦးဝင်း‌ဖေ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတား ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၆

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်း‌ဖေသည် ဖေဖော်ဝါရီ (၄) ရက် နံနက်ပိုင်းက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတလျောက်  (နေပြည်တော်-မန္တလေး) လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးပြီး မိုင်(၂၈၅)အနီးယာဉ်ရပ်နားစခန်း နေရာများတွင် စည်းကမ်းမဲ့ဈေးရောင်းချနေသည့် ကျူးကျော် ဈေးသည်များ မရှိစေရေး၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများကို မှာကြားသည်။ ဆက်လက်၍ တံတားဦးမြို့နယ် မန္တလေး - ရန်ကုန်လမ်းပေါ်ရှိ (ပန်းဆေးကျောင်း) တံတားဆောက်လုပ် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင်  ဒုတိယဝန်ကြီးသည် B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်နေသည့် မန္တလေး - ပြင်ဦးလွင်လမ်းပိုင်းရှိ ORIENTAL HIGHWAY COMPANY ရှင်းလင်းဆောင်၌  နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်စည်းကြပ်မှုဆိုင်ရာ လုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး၊ ကုန်စည်စီးဆင်းမှု၊ နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရေးတို့ကို တာဝန်ရှိသူများကို မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေး - လားရှိုး - ဗန်းမော် - မြစ်ကြီးနားလမ်းပိုင်း၊ (မန္တလေး-ပြင်ဦးလွင်လမ်း) လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဦးလွင်မြို့ လမ်းဦးစီးဌာန၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးရုံးတွင်  ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက  ဝန်ထမ်းများ  ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းအတိုင်း နေထိုင်ကြရန်၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန်  လိုအပ်ကြောင်း မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်ချိန်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမရှိစေရေး၊ သတိပြုရန်လိုကြောင်း မှာကြားပြီး လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်း ဝန်ထမ်းရေးရာများနှင့် ပတ်သက်၍  လိုအပ်သည်များ   မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်