Skip to main content

ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

မြန်မာနိုင်ငံသည် တိုင်းရင်းသားပြည်သူများ စုပေါင်းနေထိုင်ကြသောနိုင်ငံဖြစ်သည်။ တိုင်းရင်းသားပြည်သူများမှာ ရေမြေသဘာဝ မျိုးနွယ်မတူကွဲပြား၍ အသွေးအရောင်ဓလေ့စရိုက် ခြားနားကြသော်လည်း တစ်မြေတည်းတွင် နှစ်ပေါင်းထောင်ချီ အတူလက်တွဲနေ ထိုင်လာခဲ့ကြသည့် ညီအစ်ကိုမောင်နှမမိသားစုဝင်များ ဖြစ်ကြသည်။ အချင်းချင်းအတူလက်တွဲ၍ တစ်ဦးနှင့်တစ်ဦး နားလည်လက်ခံနေထိုင် ကြခြင်းသည် တစ်မြေတည်းအတူနေသည့် ပြည်ထောင်စုစိတ်ဓာတ်ရှိနေ၍ဖြစ်သည်။

ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားလျှင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းစွာအတူ လက်တွဲ၍ အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်နိုင်ကြသည်။ တိုင်းပြည် တည်တံ့ခိုင်မြဲရေးသာမက တိုင်းပြည်သာယာ ဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် ပြည်တွင်း၊ ပြည်ပရန်စွယ်အန္တရာယ်မှန်သမျှကို လက်တွဲဝန်းရံကာကွယ်ခဲ့ကြသည့် သမိုင်းမှတ် တိုင်များရှိသည်။ သို့သော် ကိုလိုနီနယ်ချဲ့နယ်လက်ဟောင်း လက်သစ်များနှင့် ပြည်တွင်းမှ လက်ဝေခံတို့၏ သွေးခွဲမှုအမျိုးမျိုးတို့ကြောင့် တိုင်းရင်းသားပြည်သူအချင်းချင်း သွေးမကွဲသင့်ဘဲ ကွဲခဲ့ကြသည်။ လွတ်လပ်ရေးမရရှိမီ၊ ရရှိပြီးအချိန်မှ ယနေ့ထက်တိုင်သွေးကွဲမှုများ၏ ဆိုးမွေများကို တိုင်းရင်းသားပြည်သူများ ကိုယ်တိုင်ကြုံတွေ့ ခံစားနေကြရသည်။

မျက်မှောက်ကာလတွင် နိုင်ငံရေးအပြောင်းအလဲကိုအကြောင်းပြု၍ တိုင်းရင်း သားပြည်သူများအကြား သွေးကွဲမှု၊ ပြည်ပအင်အားကြီးနိုင်ငံ အချို့၏သွေးခွဲသပ်လျှို ပေးမှုများကြောင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးမှုလျော့ရဲပြီး လက်နက်ကိုင် ပဋိပက္ခများအထိ ဖြစ်ပေါ်လာခဲ့ သည်။ လတ်တလောတွင် ချင်းပြည်နယ်၊ ကယား ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်း နယ်မြေအချို့တွင် ပြည်တွင်း၊ ပြည်ပ သွေးထိုးမြှောက်ပင့်ထောက်ပံ့ပေးထားသည့် အကြမ်းဖက်သမားများက ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်၊ တိုင်းရင်းသားပြည်သူ များနှင့် အခြေခံအဆောက်အအုံများပျက်စီးအောင် ဖျက်ဆီးနေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

ယခုအခါတွင် တပ်မတော်နှင့်လုံခြုံရေးအဖွဲ့အစည်းများက ဒေသတည်ငြိမ် အေးချမ်းရေး၊ အဖျက်သမားများအား ဖယ်ရှားနှိမ်နင်းရေးတို့ကို ဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ်ပေးခဲ့ပြီး တိုင်းရင်းသားပြည်သူများ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးလျက်ရှိ သည်။ တိုင်းရင်းသားပြည်သူ အားလုံးကလည်း ပြည်ထောင်စု၏ ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်နှင့်အညီ အရေးကြီးချိန်တွင် သွေးစည်းညီညွတ်ကြပြီး အဖျက်အန္တရာယ်ကို သတိမူကာ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေး၊ နယ်မြေဒေသ အေးချမ်းသာယာဝပြောရေးကို လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့သမိုင်းကြောင်း အလှည့်အပြောင်းကို ကောင်းမွန် မှန်ကန်တည့်မတ်အောင် ဆောင်ရွက်နေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏မူဝါဒဖြစ်ပြီး နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာပြည့်ဝရေး၊ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို မျှော်မှန်းဆောင်ရွက်လျက်ရှိရာ တိုင်းရင်း သားပြည်သူများကလည်း တက်ညီလက်ညီ လက်တွဲပါဝင်ဆောင်ရွက်ကြဖို့လိုမည်ဖြစ်သည်။

ယခုအခါ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိရောက် စွာဆောင်ရွက်ပေးလျက်ရှိရာ အစဉ်အလာကောင်းခဲ့သော တိုင်းရင်းသားပြည်သူများ ထားရှိသည့် ပြည်ထောင်စု စိတ်ဓာတ်ကို မပျက်ယွင်းစေဘဲ အားကောင်းခိုင်မာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်လျော့ပါးလာလျှင် အချင်းချင်း သွေးကွဲပြီး မိမိတို့ဒေသတွင်း၌သာ ပဋိပက္ခများဖြစ်ပေါ်လာပါက ဒေသခံတိုင်းရင်း သားပြည်သူများသာ ထိခိုက်နစ်နာဖြစ်ကြရ သည်ကို သတိချပ်ရမည်ဖြစ်သည်။ အဖျက်အန္တရာယ်များပေါ်ပေါက်လာပါက နိုင်ငံတော်နှင့် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်သည့်စိတ်ဓာတ်များ ထားရှိကြရမည်ဖြစ်သည်။

ဒေသများတွင် ဒေသထွက်ကုန်ကောင်းများစွာရှိသဖြင့် ယင်းတို့ကို ဒေသတည်ငြိမ်အေးချမ်းမှသာ လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး လူမှုစီးပွားဘဝ များဖွံ့ဖြိုးလာမည်ဖြစ်သည်။ ဒေသထုတ်ကုန် များကို စီးပွားဖြစ်ထုတ်လုပ်၍ တင်ပို့ရောင်းချခြင်းဖြင့် တစ်ဦးချင်းဝင်ငွေတိုးတက်ပြီး ဒေသ၏ GDP တိုးတက်လာမည်ဖြစ်သည်။ “စည်းလုံးညီညာအောင်ကြောင်းဖြာဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်မှု ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကြိုးပမ်းမှုကြောင့် ဒေသတည်ငြိမ် အေးချမ်းပြီး မူလအခြေအနေထက် ပိုမိုသာလွန်သော ပိုမိုကောင်းမွန်ဖွံ့ဖြိုး တိုးတက်သည့်ဒေသများဖြစ်လာပြီး ပြည်ထောင်စုကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက တိုင်းပြည်နှင့်လူမျိုးကို ဖျက်ဆီးလျက်ရှိသည့် အကြမ်းဖက်သမားများကို ရှင်းလင်းဖယ်ရှားပြီး ဒေသလူမှုစီးပွား တိုးတက်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသား ပြည်သူများကလည်း မိမိတို့ဒေသလုံခြုံအေးချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

ကြေးမုံအယ်ဒီတာ့အာဘော်