Skip to main content

အခုကျင်းပခဲ့တဲ့ လူငယ်နှင့်စာပေပွဲတော်ဟာ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လူငယ်တွေအပေါ်မှာ ထားတဲ့ စေတနာကို ပေါ်လွင်စေတယ်လို့ မြင်မိပါတယ်

နေပြည်တော် ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံ၏အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာမည့်ကလေးများနှင့် လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ်အယူအဆ များ ထက်မြက်လာစေရန်ရည်ရွယ်၍ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ ပွဲတော်ကြီးတွင် အသိပညာ ဗဟုသုတရဖွယ် ပြခန်းပေါင်း ၄၀ ကျော် ပါဝင်ပြသထားပြီး ဖျော်ဖြေရေးအစီအစဉ်ကောင်းများလည်း ထည့်သွင်းထားရာ စိတ်ပါဝင်စားစွာဖြင့် လာရောက် လေ့လာကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ပွဲတော်ကြီးတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ကြသည့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရင်တွင်းစကားသံများကို ရေးသားဖော်ပြလိုက်ရပါသည်။

ဦးမောင်မောင်အုန်း (ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန)

အခုကျင်းပတဲ့လူငယ်နဲ့စာသဲ့တော်ဟာ တကယ်တော့ နိုင်ငံတော်ဝန်ကြီးချုပ်ကို အထူးကျေးဇူးတင်ရမယ့် ကိစ္စဖြစ်ပါတယ်။ အစကတော့ ပြန်ကြားရေးဝန်ကြီး ဌာနတစ်ခုအနေနဲ့ စာပေပွဲတော် တစ်ခု စီမံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ လူငယ်ကဏ္ဍကို အင်မတန်အလေးထားပါတယ်။ ဒါကြောင့်လူငယ်နဲ့စာပေပွဲတော်ကို စီစဉ်တဲ့ အခါမှာ ကျွန်တော်တို့ဝန်ကြီးဌာန တစ်ခုတည်း မဟုတ်တော့ဘဲ ကျန်တဲ့ဝန်ကြီးဌာနတွေနဲ့ အားလုံးပေါင်းစည်းပြီး ဆောင်ရွက်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က လူငယ်တွေကို အသိပညာ၊ အတွေးအခေါ်တွေအပြင် နိုင်ငံတော်အတွက်  သာကောင်းရတနာ၊ သမီးကောင်းရတနာ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပါဆို ပြီးလမ်းညွှန်တဲ့အတွက် ယနေ့နိုင်ငံတော် အဆင့်အခမ်းအနားတစ်ခုလို စီမံဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ပွဲတော်မှာပြန်ကြားရေးဝန်ကြီးဌာန ပြခန်း သိပ္ပံနဲ့နည်းပညာပြခန်း၊ ပညာရေး ဝန်ကြီးဌာနပြခန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ရေကြောင်းပြခန်း၊ လေကြောင်း ဝါသနာရှင်များ အသင်းချုပ်ကနေ လေယာဉ်ပြခန်းနဲ့ လေယာဉ်ပျံသန်းမှု သရုပ်ပြကွင်းတွေ အပြင် ဖျော်ဖြေရေး အစီအစဉ်အနေနဲ့ မြန်မာ့အသံက အနုပညာရှင်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အကအဖွဲ့တွေ၊ ကျောင်းသား ကျောင်းသူတွေရဲ့ ကပွဲတွေ လည်းပါဝင်ခဲ့ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ညပြခန်းမှာဆိုရင်လူငယ် တွေကိုပိုပြီးတော့ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို သိစေဖို့အတွက် မော်ကွန်း စာတမ်းတွေ၊ မော်ကွန်းတိုက်က အထောက်အထားတွေ၊ ကျောက်စာ၊ ပေစာမိတ္တူ တွေကိုလည်း ပြသထားပါ တယ်။ ဒီပြခန်းမှာ စာချုပ်တွေအများကြီး ပါပါတယ်။ ပင်လုံစာချုပ်နဲ့ ရန္တပိုစာချုပ်လည်း ပါဝင်ပါတယ်။ ယနေ့ခေတ်လူငယ် တော်တော်များများက ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို မသိတဲ့အခါကျတော့ တချို့တွေ အယူအဆလွဲမှားတာတွေရှိပါတယ်။ ကိုယ့်နိုင်ငံ အပေါ်မှာ တန်ဖိုးမထားတာတွေလည်းဖြစ်တာပေါ့။ ဒီတော့ ကျွန်တော်တို့ နိုင်ငံတော်ကြီး ဘယ်လို လွတ်လပ်ရေးရပြီးတော့မှ ခုချိန်ထိ ဘယ်လိုဖြတ်သန်းရတယ်၊ ဘယ်လို အခက်အခဲတွေကြားကနေ ဘယ်လို စာချုပ် စာတမ်းတွေနဲ့ ဒီအဆင့်ရောက်အောင် ဖြတ်ကျော် ခဲ့လဲဆိုတဲ့ မှတ်တမ်းတွေပါပဲ။ ဒီလိုမှတ်တမ်းတွေ၊ သမိုင်းတွေကိုသိမှ လူငယ်တွေဟာ အနဂတ်မှာကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ ကိုဘယ်လိုဖွံ့ဖြိုး တိုးတက်အောင် လုပ်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေကို အသိပေး ချင်တာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ လူငယ်တွေဟာ လိုသလိုပုံသွင်းလို့ရတဲ့ ဖယောင်းလေးတွေပါလို့ တင်စားရမှာပါ။ ဖယောင်းလေးတွေလို ပုံသွင်းလို့ရတဲ့ လူငယ်တွေဟာ အသိမှန် အမြင်မှန်တွေ၊ အတွေးအခေါ်မှန်တွေ မသိဘူးဆိုရင်လည်း လမ်းကြောင်းလွဲတာတွေလည်း ရှိတတ်ပါတယ်။ လူငယ်တွေအနေနဲ့ အသက်ငယ်ရွယ်စဉ်မှာ သူတို့ရဲ့ လေ့လာလိုစိတ်၊ စူးစမ်းလိုစိတ်တွေက တစ်ဆင့် အသိပညာ၊ အတတ်ပညာတွေတိုးပွားပြီး မိမိအတွက်၊ မိမိဒေသအတွက်၊ မိမိနိုင်ငံ အတွက်ကိုပါ အတွေးအခေါ်ကောင်း၊ အသိပညာကောင်းတွေရရှိအောင် ရည်ရွယ်ပြီး ပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ လူငယ်တွေကို အင်မတန်ကို အလေးထားပါတယ်။ ဒါကြောင့် ယခင်ကျန်းမာရေးနဲ့ ကစားဝန်ကြီးဌာနကို ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ အားကစားဝန်ကြီးဌာနလို့ သီးသန့်မဖွဲ့တော့ဘဲ အားကစားနဲ့ လူငယ်ရေးရာ ဝန်ကြီးဌာနလို့ ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။ အခုကျင်းပခဲ့တဲ့ ပွဲတော်ဟာ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လူငယ်တွေ အပေါ်မှာထားတဲ့ စေတနာကိုပေါ်လွင်စေတယ်လို့ မြင်မိပါတယ်။

မခင်ပြည့်စုံ (အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်း၊ မန္တလေးမြို့)

သမီးတို့က မန္တလေးကနေ လာရောက်လေ့လာတာပါ။ ပြခန်းအားလုံးကို လေ့လာကြည့်ရှု ပြီးပါပြီ။ ပြခန်းအားလုံးထဲကမှ ကျန်းမာရေး အသိပညာပေး ပြခန်းကို စိတ်ဝင်စားပါတယ်။ သမီး ကြီးလာရင် ဆရာဝန်လုပ်ဖို့ အခုကတည်းက စာကိုကြိုးစားလေ့လာသင်ယူနေပါတယ်။ လူငယ်နဲ့ စာပေပွဲတော်ကို လာရောက်လေ့လာခွင့်ရတဲ့အတွက် ပျော်ရွှင်မှုတွေရရှိတဲ့အပြင် အသိပညာ ဗဟုသုတတွေလည်း အများကြီး ရရှိပါတယ်။ လေကြောင်း၊ ရေကြောင်းနဲ့ ပတ်သက်တဲ့ အသိပညာပေးပြခန်းတွေကို လေ့လာခွင့်ရတဲ့အတွက် သမီးတို့ မသိသေးတဲ့ရေကြောင်း၊ လေကြောင်းနဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတတွေလည်း အများကြီးရရှိပါတယ်။ မန္တလေး မြို့မှာကျင်းပခဲ့တဲ့ လူငယ်စာပေပွဲတော်တုန်း ကလည်း သမီးပါဝင်ဆင်နွှဲခဲ့ပါတယ်။ နေပြည်တော် မှာကျင်းပတဲ့ ပွဲတော်နဲ့ဆိုရင် လေ့လာခွင့်ရတာ နှစ်ကြိမ်ရှိပါပြီ။  သမီးတို့က မန္တလေးက လာတာဖြစ်တဲ့ အတွက် ပွဲတော်ကိုရောက်တဲ့အခါမှာ နေပြည်တော်အတွင်းမှာရှိတဲ့ ကျောင်း ပေါင်းစုံက ကျောင်းသား ကျောင်းသူတွေ အားလုံး တစ်စုတစ်စည်းတည်းတွေ့ရတော့ ပိုပြီးပျော်စရာကောင်းပါတယ်။

မောင်အောင်ဘုန်းထွဋ် (ရုပ်ရှင် သရုပ်ဆောင်)

ဝန်ကြီးဌာနတွေက ပြသထားတဲ့ ပန်းချီပြခန်း၊ သိပ္ပံနဲ့နည်းပညာပြခန်းတွေမှာ ခင်းကျင်းပြသ ထားတဲ့ ပစ္စည်းတွေ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြသထားတဲ့ Biology နဲ့ ပတ်သက်တဲ့ သင်ထောက်ကူပုံစံတွေကို ကြည့်ရှု လေ့လာပြီးပါပြီ။ လူငယ်နဲ့စာပေပွဲတော်ကို ကိုယ်တိုင်ပါဝင် လေ့လာရတဲ့အတွက် ဝမ်းသာပါတယ်။ ပြခန်းတွေကနေ အသိပညာဗဟုသုတတွေလည်းရပါတယ်။ ပြခန်းတွေအားလုံးထဲကမှ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနက ပြသထားတဲ့ ပြခန်းကို ပိုပြီးစိတ်ဝင်စားပါတယ်။ ပွဲတော်နောက်ဆုံးနေ့ ဖြစ်တဲ့အတွက် လူတွေတော်တော်စည်ကား တာကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့လူငယ်တွေမှာ ရည်မှန်းချက်ကိုယ်စီ ရှိကြပါတယ်။ ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့အခါ ဘယ်လောက်အခက်အခဲရှိရှိ စိတ်ဓာတ်နဲ့ ဇွဲလုံ့လရှိရင်ကျော်ဖြတ် နိုင်ပါတယ်လို့ ပြောချင်ပါတယ်။ ဒီလို အသိစိတ်တွေကို အခုလို လူငယ်နဲ့ စာပေပွဲတော်က လှုံ့ဆော်ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

မအိချောချောမြ (အစိုးရနည်းပညာ အထက်တန်းကျောင်း၊ နေပြည်တော်)

ညီမတို့ ဒီပွဲတော် စတင်ကျင်းပ ကတည်းကလာချင်တာပါ။ ဒီနေ့လာရတဲ့အတွက် ဝမ်းသာမိပါ တယ်။ စာပေ ပြခန်းတွေနဲ့ နည်းပညာပြခန်းတွေ အများကြီး ခင်းကျင်းပြသထားတာ တွေ့ရပါ တယ်။ ညီမတို့က လျှပ်စစ်နဲ့ ပတ်သက်ပြီး လေ့လာသင်ယူနေတာဆိုတော့ လျှပ်စစ် ပိုင်းကို ပိုမိုစိတ်ဝင်စားပါတယ်။ တခြား ရေကြောင်းပညာ၊ လေကြောင်းပညာရပ်တွေပြသထားတဲ့ ပြခန်းတွေကိုလည်း လိုက်လံလေ့လာနေပါတယ်။ ဒီပွဲတော်ကြီးမှာ ညီမတို့ မသိတာတွေလည်း သိခွင့်ရတယ်။ ညီမက သိပ္ပံစာအုပ်တို့ လျှို့ဝှက် ဆန်းကြယ်စာအုပ်တွေကို ဖတ်ရတာ ကြိုက်တဲ့အတွက် စာပေဗိမာန်စာအုပ် ၊ အရောင်းဆိုင်ကနေ ရှာဖွေပြီး ဝယ်ထားတယ်။

ညီမတို့ ဗဟုသုတရသလိုကလေးတွေ အတွက်လည်း ပျော်ရွှင်စရာ အစီအစဉ်တွေ ထည့်သွင်းထားတာကို တွေ့ရပါတယ်။ ကျောင်းက သူငယ်ချင်းတွေနဲ့ အတူတူဗဟုသုတတွေ အများကြီးရ တဲ့အတွက် စိတ်ထဲမှာ ပျော်ရွှင်မိနေပါတယ်။

ဒေါက်တာကျော်ကျော် (တွဲဖက်ပါမောက္ခ၊ မန္တလေးတက္ကသိုလ်)

ကျွန်တော်တို့က အဆင့်မြင့်ပညာ ဦးစီးဌာနနဲ့ အခြေခံပညာဦးစီးဌာန နှစ်ခုပေါင်းပြီး ပညာရေး ဝန်ကြီးဌာနကိုယ်စား ပြပွဲလာရောက်ပြသတာ ဖြစ်ပါတယ်။ အခြေခံပညာဦးစီးဌာနအနေနဲ့ လိပ်ပြာပြခန်းပြသပြီး အဆင့်မြင့်ပညာ ဦးစီးဌာနအနေနဲ့ကတော့ သိပ္ပံနဲ့ဆိုင်တဲ့ သီအိုရီတွေ အားလုံးကို ရှင်းပြနိုင်တဲ့ စက်ပစ္စည်းတွေကို ပြသထားတာဖြစ်ပါတယ်။

ဒီပွဲတော်မှာ ကလေးတွေ လာရောက် လေ့လာနိုင်တဲ့အတွက် ပုံမှန်သမားရိုးကျ စာသင်နေတဲ့ စာတွေ့ထက် အပြင်မှာ လက်တွေ့ကြုံတွေ့ နေရတဲ့အခါ လူတွေအတွက် ဘယ်လောက်ကောင်း အောင်  တီထွင်ထားသလဲဆိုတဲ့ သိပ္ပံဘာသာရပ်ကို ပိုမိုစိတ်ဝင်စားစေတယ်။ ပိုမိုနားလည်  စေပါတယ်။ ကျွန်တော့်အနေနဲ့ အကြံပြုပြောကြားချင်တာကတော့ ဒီလို စက်၊ ပစ္စည်းတွေကို မြင်လိုက်ခြင်းအားဖြင့်  ကလေးတွေဟာ သိပ္ပံနဲ့ပတ်သက်ပြီး  တီထွင်ချင်စိတ်တွေ စိတ်ပါဝင်စား မှုတွေ ပိုမိုတက်ကြွလာမှာဖြစ်တဲ့အတွက် နောင်တစ်ချိန်မှာ မိမိရဲ့ရည်ရွယ်ချက်ကို  အကောင် အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်

ဓာတ်ပုံ - ကိုကြီးထိန်