Skip to main content

အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီး အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၂ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၁

“ASEAN-A Community of Peace and Shared Future” ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ် (၄၀) မြောက် အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၂ နှင့် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် အခမ်းအနားများကို ကမ္ဘောဒီးယားနိုင်ငံ ပရီဆီဟာနုပြည်နယ်ရှိ ဆိုခါရီဆော့ ကမ်းခြေဟိုတယ်တွင် ဇန်နဝါရီ ၁၇ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် Sokha Resort Hotel ၌ ကမ္ဘော ဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီး Dr.THONG KHON နှင့် ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံ သည်။

ထိုတွေ့ဆုံပွဲတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Implementation of Action Plan on Tourism Cooperation ၂၀၁၇-၂၀၂၀ အရ ဆီရမ်ရိ-ပုဂံ တိုက်ရိုက် လေယာဉ်ပျံသန်းရေးကိစ္စများ အပါအဝင် Action Plan သက်တမ်းတိုးမြှင့်ရေးကိစ္စ၊ သဘာဝအခြေခံခရီးသွား လုပ်ငန်းနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ မြန်မာနိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Enchanting Myanmar Health& Safety Protocol နှင့် အာဆီယံမှ ရေးဆွဲအကောင်အထည်ဖော်မည့် ASEAN Guidelines for Hygiene and Safety ချိတ်ဆက်ကာ နိုင်ငံတကာအဆင့် အသိအမှတ် ပြုရေးကိစ္စနှင့် ကိုဗစ်-၁၉ အလွန်ကာလ နှစ်နိုင်ငံခရီးသွား လုပ်ငန်း ပူးပေါင်းဈေးကွက်မြှင့်တင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၂ အထိမ်း အမှတ်အဖြစ် ပြုလုပ်သည့် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ၏ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်သည်။ အဆိုပါ အခမ်းအနားတွင် ပရီဆီဟာနုပြည်နယ်အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားခဲ့ပြီး အာဆီယံ ခရီးသွားလုပ်ငန်း ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများနှင့် ဧည့်သည်တော်များက ကမ်းခြေ တွင် အမှတ်တရ အရိပ်ရ အပင်များကို စိုက်ပျိုးခဲ့ကြသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၂ ဖွင့်ပွဲအခမ်းအနားနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၏ ကြိုဆိုညစာစားပွဲသို့ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွား လုပ်ငန်းဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများနှင့် ဧည့်သည်တော်များနှင့်အတူ တက်ရောက်သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN က အာဆီယံဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အာဆီယံ နိုင်ငံသားများ၊ မိတ်ဖက်နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှုနှင့် ရင်းနှီးပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ အလွန်ကာလ အာဆီယံ ဒေသတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်ရေး အစီအစဉ်နှင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ကြံ့ကြံ့ခံနိုင်သော၊ အားလုံးပါဝင်သော အာဆီယံခရီးသွားလုပ်ငန်းများဆိုင်ရာ ဖနောင်ပင် ကြေညာချက်ရေးဆွဲရေးတို့ကို ဦးဆောင် အကောင်အထည်ဖော်ခဲ့ပါကြောင်း ပြောကြားသည်။

ထို့နောက် ညစာစားပွဲတွင် ခမာရိုးရာ ယဉ်ကျေးမှုအကများ၊ အာဆီယံနိုင်ငံများ၏ ရိုးရာအက များဖြင့် ဖျော်ဖြေခဲ့ပြီး မီးရှူး မီးပန်းများ ပစ်ဖောက်ကာ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၂ ကို အောင်မြင်စွာ ဖွင့်လှစ်သည်။

ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ကအာဆီယံခရီးသွားလုပ်ငန်း ပြပွဲဖွင့်လှစ်ခြင်း အခမ်းအနားကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ခဲ့ပြီး အာဆီယံခရီးသွားလုပ်ငန်းများမှ ဝန်ကြီးများနှင့်အတူ အဖွဲ့ဝင်နိုင်ငံများမှ ခင်းကျင်း ပြသထားသော ခရီးသွားပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအတွင်းရေးမှူးချုပ် Mr. Dato Lim Jok Hoi၊ အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာခရီးသွားလုပ်ငန်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ကို ဂါရဝပြုတွေ့ဆုံသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၂ နှင့် ဆက်စပ် ကျင်းပသည့် (၂၅) ကြိမ်မြောက် အာဆီယံခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ (၂၁)ကြိမ်မြောက် အာဆီယံ+ ၃ (တရုတ်၊ဂျပန်၊ကိုရီးယား) ခရီးသွားလုပ်ငန်း ဝန်ကြီးများအစည်းအဝေး၊ (၉) ကြိမ်မြောက် အာဆီယံ+အိန္ဒိယ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး ပထမဆုံးအကြိမ်အဖြစ် ကျင်းပသော အာဆီယံ+ရုရှား ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ၏ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သော အာဆီယံ-တရုတ် ဗဟိုဌာန၊ အာဆီယံ-ဂျပန်ဗဟိုဌာန၊ အာဆီယံ-ကိုရီးယားဗဟိုဌာန၊ အာဆီယံခရီးသွား လုပ်ငန်းအဖွဲ့၊ အာဆီယံခရီးသွား လုပ်ငန်းသုတေသနအဖွဲ့၊ ပစိဖိတ်-အာရှခရီးသွား လုပ်ငန်းအဖွဲ့၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီ စသော အဖွဲ့များနှင့် ကျင်းပသည့် အစည်းအဝေးများသို့ တက်ရောက်သည်။

 အဆိုပါ အစည်းအဝေးများမှ အာဆီယံဒေသအတွင်းတွင် ၂၀၂၁ ခုနှစ် အတွင်း ကနဦးစာရင်းများအရ နိုင်ငံတကာခရီးသွား ဧည့်သည်ပေါင်း (၂ဒသမ၅) သန်းသာ ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၉၀ ရာခိုင်နှုန်း ကျဆင်းခဲ့မှု၊ ကိုဗစ်-၁၉ အလွန်ကာလ အာဆီယံခရီးသွားလုပ်ငန်း ပြန်လည် ထူထောင်ရေး အစီအစဉ်၊ အာဆီယံခရီးသွားလုပ်ငန်းများ ဘေးကင်းလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များ ရေးဆွဲပြီးစီးမှုနှင့် ASEAN Safe Travel Stamp ကို ဆက်လက် အကောင်အထည်ဖော်မည့် အခြေအနေ၊ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲများမှ အတည်ပြုလမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ASEAN Travel Corridor Arrangement Framework အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မူလရည်မှန်း ထားသည့် Essential Business and Official ခရီးသွားများအပြင် အပန်းဖြေခရီးသွား ဧည့်သည်များကိုပါ အဆိုပါမူဘောင်တွင် တိုးချဲ့ထည့်သွင်း အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စများနှင့် အာဆီယံ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့လျက်ရှိသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ပြန်လည်လေ့လာ ဆန်းစစ်ရေး ကိစ္စရပ် များကို သဘောတူ အတည်ပြုခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၏ သတင်းစာ ရှင်းလင်းပွဲသို့ လည်းကောင်း၊ အာဆီယံခရီးသွားလုပ်ငန်းဆုများ ပေးအပ်ခြင်း အခမ်းအနားသို့ လည်းကောင်း၊ အာဆီယံခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အာဆီယံခရီးသွား လုပ်ငန်း အမှတ်တံဆိပ် (Logo) နှင့် အာဆီယံခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရုပ်သံမိတ်ဆက်ခြင်း အခမ်းအနားများသို့ လည်းကောင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)