Skip to main content

၁၄-၁-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

(ယမန်နေ့မှအဆက်)

Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက မိမိမေးမြန်းလိုသည့် မေးခွန်းများကို အတိုချုံး၍ တစ်ဆက်တည်း မေးမြန်းသွားမည်ဖြစ်ကြောင်း၊ ပထမဦးဆုံး မေးခွန်းအနေဖြင့် ဝန်ကြီးတို့အနေဖြင့် မန္တလေးမှ လိင်တူချစ်သူ လောင်းကစားသမား ဇာနည်ကိုကိုကို ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ခဲ့ပါကြောင်း၊ မိမိတို့လေ့လာသိရှိရသလောက် ဇာနည်ကိုကိုသည် ယခင် မဲသူခိုးအစိုးရ၏ အခါတော်ပေးဟူ၍ပင် သတင်းများကြားသိရပါကြောင်း၊ ထို့ကြောင့် ဇာနည်ကိုကိုနှင့် မဲသူခိုးအစိုးရ၏ ဆက်စပ်မှု မည်သည့်အတိုင်းအတာအထိ ရှိသည်ကို ဖြေကြား၍ ရသလောက် ဖြေကြားပေးစေလိုကြောင်း၊ နောက်မေးခွန်းတစ်ခုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပထမသတင်းစာရှင်းလင်းပွဲနှင့် ယခုသတင်း စာရှင်းလင်းပွဲနှစ်ခု အကြားကာလတွင် NLD၊ PDF များအနေဖြင့် ဆိုးဆိုးရွားရွား၊ ရက်ရက်စက်စက်၊ ယုတ်ယုတ်မာမာ ဆောင်ရွက်လာသည်ကို တွေ့ရပါကြောင်း၊ အဆိုပါအခြေအနေကို နှိမ်နင်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဖြေကြား၍ရသလောက် ဖြေကြားပေးစေလိုကြောင်း၊ အကြမ်းဖက်မှုများကြောင့် ဘေးအန္တရာယ်ကျရောက်နေသည့် ပြည်သူများကို ကူညီဆောင်ရွက်ပေးနေမှု အခြေအနေနှင့် ပတ်သက်၍လည်း သိလိုပါကြောင်း၊ နောက်ဆုံးမေးခွန်းမှာ မိမိတို့အိမ်ထဲသို့ ခွေးဝင်သည့်ကိစ္စဖြစ်ကြောင်း၊ ခွေးဝင်သည့် ကိစ္စဆိုသည်မှာအမေရိကန်နိုင်ငံသား ကိုဗစ်ရောဂါပိုးတွေ့ရှိသူ နှစ်ဦးသည် မိမိတို့နိုင်ငံက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ကုသမှုခံယူခြင်းမရှိဘဲ အမေရိကန်သံရုံးမှ ဝန်ထမ်းများက အဆိုပါ ၂ ဦးကို ၎င်းတို့အစီအစဉ်ဖြင့်သာ ကုသမည်ဟုဆိုပြီး လာရောက်ခေါ်ယူသွားသည့်ကိစ္စဖြစ်ကြောင်း၊ အဆိုပါကိစ္စကို နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဂျနီဗာကွန်ဗန်းရှင်းနှင့် ညှိစွန်းသည်ဟု ထုတ်ပြန်ထားပါကြောင်း၊ မိမိအိမ်ထဲသို့ ခွေးဝင်လာပါက မည်သူမဆို မောင်းထုတ်ကြသည့် အစဉ်အလာရှိပါကြောင်း၊ ယခု တိုင်းပြည်ထဲတွင်လည်း မိမိတို့တိုင်းပြည်၏ ဥပဒေကို မလေးမစားပြုလုပ်နေသူများကို မောင်းထုတ်/ နှင်ထုတ်ရန် အစီအစဉ်ရှိ/ မရှိ သိလိုကြောင်း မေးမြန်းသည်။

ဘာသာရေးတွင် ကပြားမရှိ

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် ပထမဆုံးအနေဖြင့် သတင်းထောက်ကြီး မေးမြန်းခဲ့သည့် ဇာနည်ကိုကို၏ ကိစ္စနှင့်ပတ်သက်ပြီးပြန်လည် ဖြေကြားပေးသွားမည် ဖြစ်ကြောင်း၊ NLD ပါတီ၏ အခါတော်ပေးဟုတ်/ မဟုတ်ကို မိမိလည်း မသိပါကြောင်း၊ လူမှုကွန်ရက်တွင် ပို့စ်တင်ထားတာတွေတော့ ရှိနိုင်ကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ မိမိပြောလိုသည်မှာ ဘာသာရေးဆိုသည်မှာ အတော် အကဲဆတ်ပါကြောင်း၊ ဘာသာရေးတွင် ကပြားမရှိကြောင်း၊ သတင်းထောက်ကြီးအနေဖြင့် ကရင်/ ဗမာ ကပြားဖြစ်လို့ရကြောင်း၊ အလားတူမိမိသည်လည်း ကုလား/ ဗမာ ကပြားဖြစ်လို့ရကြောင်း၊ အနောက်ဘက်တွင်ရှိသည့် သံတော်ဆင့်မှ သတင်းထောက်ကြီးကလည်း မွန်/ ကရင် ကပြားဖြစ်လို့ရကြောင်း၊ သို့သော် ဘာသာရေးတွင် ဗုဒ္ဓဘာသာ/ ခရစ်ယာန် ကပြားမရှိကြောင်း၊ မွတ်စလင်/ ခရစ်ယာန် ကပြားမရှိကြောင်း၊ ဘာသာရေးဆိုသည်မှာ ဘက်တစ်ဖက်တည်း ရပ်တည်ရခြင်း ဖြစ်ကြောင်း၊ ဘာသာရေးတွင် ကပြားမရှိကြောင်း၊ ထို့ကြောင့် အကဲဆတ်ပါကြောင်း၊၊

သတင်းထောက်ကြီး မေးမြန်းသည့် မေးခွန်းထဲတွင် ဇာနည်ကိုကိုအား NLD ပါတီ၏ အခါတော်ပေးဟု ပြောထားကြောင်း၊ သို့သော် အခါတော်ပေးဖြစ်ခြင်း/ မဖြစ်ခြင်းကို မိမိမသိကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် Ideology ခေတ်ကောင်းစဉ်က ကွန်မြူနစ်စနစ်သည် အမာဆုံး Ideology ဖြစ်ပြီး အင်အားအကောင်းဆုံး Ideology လည်းဖြစ်ကြောင်း၊ လူထုထောက်ခံမှုလည်း အတော်ရခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် အဆိုပါ Ideology ကျဆုံးရသည်ကို ပြောရမည်ဆိုပါက ဘာသာရေးနှင့် ထိပ်တိုက်တွေ့ခြင်းကြောင့် ဖြစ်ကြောင်း၊ မိမိအယူအဆအရ ပြောရမည်ဆိုပါက ဗုဒ္ဓဘာသာ၏ အယူအဆနှင့် ၎င်းတို့၏ယူအဆများမှာ အတော်ကွဲပြားခြားနားကြောင်း၊ နောက်ဆုံးတွင် ဘာသာရေးအပေါ် ထိခိုက်လာသောကြောင့် ကျဆုံးခြင်းဖြစ်ကြောင်း၊ ပေါင်းတည်ဘက်ရှိ ပဲခူးရိုးမတွင် ဒေသခံများက ရဲနီမများဟုခေါ်သည့် အမျိုးသမီးများက ဘုန်းကြီးသင်္ကန်းများကိုချွတ်၍ အတွင်းခံချုပ်ဝတ်ခဲ့ကြကြောင်း၊ ထိုအချိန်မှစ၍ ၎င်းတို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊၊

ထို့ကြောင့် မြန်မာနိုင်ငံတွင် ၎င်းတို့ လုပ်ချင်သည့် နိုင်ငံရေးစနစ်တစ်ခုကို စတင်အကောင်အထည်ဖော်မည်ဆိုပါက ပထမဆုံးဖြိုရမည့်အရာမှာ ဘာသာရေးနှင့် အမျိုးသားရေးဖြစ်သည်ကို ကောင်းစွာသဘောပေါက်သူများ ရှိကြောင်း၊ ထို့ကြောင့် သတင်းထောက်ကြီး ပြောခဲ့သည့် အခါတော်ပေးဆိုသည့် အခြေအနေမျိုးဖြင့် ဝင်၍မရကြောင်း၊ အခါတော်ပေးဆိုသည့်ကိစ္စထက် များစွာကြီးကျယ်ပါကြောင်း၊ အဆိုပါပုဂ္ဂိုလ် ယခုကဲ့သို့ဖြစ်နေပါလျက်နှင့် မည်သည့်အတွက်ကြောင့် ယခုလိုနာမည်ကျော်သွားရသည်ကို ပြောရမည်ဆိုပါက ထိုပုဂ္ဂိုလ်၏အောက်တွင် “ဒါမှ တို့ဘုန်းဘုန်းကွ၊ ဒါမှ ဘာကွ”ဟုဆိုပြီး ယခုလိုလမ်းကြောင်းကို ရောက်ရှိသွားအောင် မြှောက်ပေးသည့်သူများရှိကြောင်း၊ မိမိသိရသလောက် ပြောရလျှင် အဆိုပါပုဂ္ဂိုလ်မှာ လူဘဝတုန်းက ယခုလိုမဟုတ်ကြောင်း၊ သင်္ကန်းဆီးပြီး၊ ဘုန်းကြီးဝတ်ပြီးသည့်အချိန်မှ မည်သည့်အတွက်ကြောင့် ယခုလိုဖြစ်သွားရသည်ကို ပြောရမည်ဆိုပါက အကြောင်းအရင်းများစွာရှိကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ကိစ္စမျိုးကို ဂရုစိုက်ရန်လိုသည်ဟု ပြောလိုကြောင်း၊၊

နံပါတ်နှစ် မေးခွန်းကို ပြန်လည်ဖြေကြားရမည်ဆိုပါက မိမိတို့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကူညီဆောင်ရွက်ပေး နေပါကြောင်း၊ ထိုသို့ကူညီဆောင်ရွက် ပေးရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးခြင်းများ ရှိသကဲ့သို့ တိုင်းစစ်ဌာနချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ အနေဖြင့် ကူညီဆောင်ရွက်ပေးခြင်းများ လည်း ရှိပါကြောင်း၊ ထို့အပြင် ပရဟိတအသင်းများနှင့် အဆိုပါဒေသမှ သံဃာတော်အချို့ကလည်း အဆိုပါ အိုးမဲ့အိမ်မဲ့အများအပြားကို ကူညီစောင့်ရှောက်ပေးထားကြောင်း၊ ယခုကဲ့သို့ ကူညီစောင့်ရှောက်ပေးထားသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကိုလည်း မိမိတို့အနေဖြင့် အထူးကျေးဇူးတင်ပါသည်ဟု ယခုသတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ပြောလိုကြောင်း၊ အမေရိကန်နှစ်ယောက်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကန့်ကွက်ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် သံတမန်ရေးရာ/ ဆိုင်ရာ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ မိမိတို့လုပ်ဆောင်နိုင်သမျှ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က နိုင်ငံတော်ဝန်ကြီးချုပ်၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ၂၀၂၂ ခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်စမည်ဟု ပြောခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်ဆိုသည်မှာ မည်သည်ကိုပြောပါသလဲ၊ ယခင်ကထက် မည်သည့်အရာများ ပို၍ထူးခြားသွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ခိုင်မာရေး

ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်ဟုဆိုရာတွင် ပထမဆုံး ငြိမ်းချမ်းရေးအတွက် NCA လက်မှတ်ရေးထိုးနိုင်အောင် စတင်လာသည့် အခြေအနေများကို မိမိပြောကြားပြီးဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးနိုင်အောင် ရှေ့တွင်စခဲ့သည့် လုပ်ငန်းများက အများကြီးရှိကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည့် ကြိမ်ရေများကို ပြောပြီးဖြစ်ကြောင်း၊ ယင်းသို့ တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အဆင့်တစ်ခုရောက်အောင်၊ Bilateral ထိုးနိုင်သည့် အဆင့်တစ်ခုရောက်အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊၊

မိမိတို့၏အခြေခံမှာ NCA ဖြစ်ကြောင်း၊ သို့သော် ယခုနှစ်အတွင်း အနည်းဆုံးအဆင့် တစ်ခုအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသွားအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်လျက်လည်းရှိကြောင်း၊ အစပျိုးမှုအနေဖြင့် မိမိတို့ကနံပါတ်(၁) ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ခိုင်မာစေရေး ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန် ခိုင်မာစေရေးအတွက် ယခုလာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ခံဝန်ကြီးဌာနအနေဖြင့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ခမ်းခမ်းနားနားဖြစ်အောင် ဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကိုယ်စားပြုယာဉ်များ၊ ကိုယ်စားပြုသူများဖြင့် ဗိုလ်ရှုခံ၏ရှေ့တွင် စည်းလုံးညီညွတ်မှု ပြသနိုင်သည့်ပွဲကို ဆောင်ရွက်သွားရန် လုပ်ဆောင်နေပါကြောင်း၊ လက်တွေ့ငြိမ်းချမ်းရေး အနေနှင့်လည်း ဆက်လက်ဆွေးနွေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးတက်မှုများရှိအောင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အဖြေတစ်ခုရအောင်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က ဒေါ်အောင် ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ကုလသမဂ္ဂကရော၊ နိုင်ငံတကာကပါ တောင်းဆိုနေမှုများ ရှိပါကြောင်း၊ ယင်းတောင်းဆိုချက်ကို လိုက်လျောရန် ရှိ/ မရှိ သိလိုကြောင်း၊ ပုဒ်မ ၅၀၅ နှင့် ဖမ်းဆီးခံထားရသည့် အနုပညာရှင်များကိုရော ပြန်လွှတ်ရန် အစီအစဉ် ရှိ/ မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ဥပဒေအထက်တွင် မည်သူမျှမရှိ

ဗိုလ်ချုပ်ဇော်မင်းထွန်းက အပိုင်းနှစ်ပိုင်းခွဲ၍ ပြောလိုကြောင်း၊ ပထမအပိုင်းအနေဖြင့် ဥပဒေ၏ အထက်တွင် မည်သူမှမရှိပါကြောင်း၊ ဥပဒေအရ တရားစီရင်ခြင်း ခံရမည်ဟုသာ ပြောလိုပါကြောင်း၊ ပုဒ်မ ၅၀၅(ခ)နှင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင်များနှင့် ပတ်သက်ပြီး ဖြေလျှော့ဆောင်ရွက်ပေးနေမှုများ ရှိပါကြောင်း၊ ၄၈ ဦး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့တင်မက နောက်ထပ် ကျန်ရှိသူများနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်ခြင်းများကို အဆက်မပြတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သင့်လျော်သည့် အချိန်တွင် ယင်းတို့ကို ဆက်လက် ဆောင်ရွက်နိုင်မည်ဟု ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် ကိုဥက္ကာက အမေရိကန်နိုင်ငံသား ၂ ယောက်ကို မြန်မာနိုင်ငံအတွင်းရှိ အမေရိကန်သံရုံးသို့ ခေါ်ဆောင်သွားသည်ဟု သဘောပေါက် နားလည်မိပါကြောင်း၊ အမေရိကန်သံရုံး၏ အဝင်အထွက်များကိုရော မြန်မာနိုင်ငံဘက်က မည်သို့ဆောင်ရွက်ထားခြင်း ရှိပါသလဲ၊ လူမှုကွန်ရက်ပေါ်တွင်လည်း အမေရိကန်သံရုံးအတွင်း ကိုဗစ်ကူးစက်မှုများ များစွာ ဖြစ်ပေါ်နေသည်ဟူ၍ သတင်းပြန့်နေသည့်အတွက် ယင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့စိစစ်ဆောင်ရွက်ထား သည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက သံရုံး၏ စည်းမျဉ်းများအရ သံရုံး၏ဥပစာက ၎င်းတို့နိုင်ငံ၏ နယ်နိမိတ်ဖြစ်သည်ဟု အကြမ်းဖျင်းပြော၍ ရပါကြောင်း၊ ထို့ကြောင့် စိစစ်ဆောင်ရွက်ခြင်း အပိုင်းကို ၎င်းတို့ကသာ စိစစ်ဆောင်ရွက်ပါကြောင်း၊ သို့သော် မြန်မာနိုင်ငံကို ယခုကဲ့သို့ အခြားနိုင်ငံခြားသားများ၊ အဖွဲ့အစည်းအသီးသီးမှ ဌာနေကိုယ်စားလှယ်များ လာရောက်ခြင်းများလည်း ရှိပါကြောင်း၊ မြန်မာနိုင်ငံသား များ ပြန်ရောက်လာခြင်းများလည်း ရှိပါကြောင်း၊ ယခုလို ကန့်သတ်မှုများကို မိမိတို့အနေဖြင့် လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ယနေ့အထိ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းက မည်သူမှ အမေရိကန်သံရုံးဝန်ထမ်း တစ်ဦးနှင့် ယင်းအမေရိကန်နိုင်ငံသား ၂ ဦးကဲ့သို့ ဥပဒေချိုးဖောက်သူ မရှိပါကြောင်း၊ အချို့လွတ်ထွက်သွားမှုများ ရှိကောင်း ရှိနိုင်သော်လည်း ယခုကဲ့သို့ လက်ရှိ ရှိနေသည့် နိုင်ငံ၏ ကိုဗစ်စည်းမျဉ်းများကို ချိုးဖောက်မှုမရှိကြောင်း ပြန်လည်ဖြေကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယင်းနှင့်ပတ်သက်ပြီး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက်ဖြေကြားသည်။

People Media မှ သတင်းထောက် ဦးကျော်စိုးဦးက တိုင်းဒေသကြီး၊ ပြည်နယ်အနှံ့အပြားတွင် NUG ၊ CRPH ၊ PDF နှင့်ပတ်သက်ပြီး ၎င်းင်းတို့၏ ပိုင်ဆိုင်မှုများကို နိုင်ငံတော်က ချိတ်ပိတ် သိမ်းဆည်းထားမှုများ ရှိပါကြောင်း၊ ထိုပစ္စည်းများကို နိုင်ငံတော်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏ သက်တမ်းအတွင်း ထုခွဲရောင်းချသွားမည်လား သို့မဟုတ် နိုင်ငံပိုင်အဖြစ် ဆက်ရှိနေမည်လား၊ မည်သို့ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေအရသာ ပြဋ္ဌာန်းထားသည့်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

မြန်မာသံတော်ဆင့်သတင်းဌာနမှ အတိုင်ပင်ခံအယ်ဒီတာ ဦးကိုကိုကြီးက ဝိနည်းတော်နှင့် မညီသည့်ဆရာတော် ဦးဇာနည်ကိုကိုနှင့် ဒေါ်အောင်ဆန်းစုကြည် တွဲရိုက်ထားသည့်ပုံကို နိုင်ငံပိုင်သတင်းစာများတွင် တွေ့ကြောင်း၊ မည်သို့ဆက်စပ်မှုရှိသည်ကို သိလိုကြောင်း၊ ဘာသာရေးဖျက်ဆီးနေသည်ဟု မိမိတို့မြင်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မည်သည့်ကာကွယ်မှုများ ပြုလုပ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

သာသနာကို ဖျက်ဆီးရာရောက်

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်စပ်မှုနှင့် ပတ်သက်ပြီး မိမိတို့မသိရှိကြောင်း၊ ၎င်း၏ Facebook တွင် တင်ထားခြင်းများရှိကြောင်း၊ ဘာသာရေးနှင့် ဖျက်ဆီးနေသည်ဆိုသည်ကို MNP က မေးသည့် မေးခွန်းတွင် မိမိဖြေကြားပြီးဖြစ်ကြောင်း၊ ဘာသာရေးနှင့် ပတ်သက်ပြီး အချို့ရည်မှန်းချက်ရှိရှိ လုပ်နေခြင်းများရှိကြောင်း၊ ဘာသာရေးနှင့် ဆက်နွှယ်နေသည့် လူမှုအသိုက်အဝန်းအနွယ်များ၏ နိုင်ငံရေးအယူအဆ၊ ယဉ်ကျေးမှုအယူအဆများကို တိုက်ခိုက်သည်ဟု မိမိတို့မြင်ကြောင်း၊ လုပ်နေသည့် အထောက်အထား များရှိကြောင်း၊ သို့သော် ပြဋ္ဌာန်းချက်ထဲတွင် ဘာသာရေးကို နိုင်ငံရေးကိစ္စအလို့ငှာ အသုံးမချရဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ ဆရာတော်များကိုအသုံးချပြီး နိုင်ငံရေးလုပ်ခဲ့ခြင်း၊ သံဃာများကို အသုံးချပြီး နိုင်ငံရေးတွင် မြှောက်ပင့်ပေးနေခြင်းသည် အခြေခံဥပဒေနှင့် ငြိစွန်းပါကြောင်း၊ ထို့အပြင် သာသနာတော်ညှိုးနွမ်းမှု ဖြစ်စေပါကြောင်း၊ နိုင်ငံသားအားလုံး ရှောင်ရှားရန်လိုကြောင်း၊ သာမန်ပြည်သူလူထုအနေဖြင့် ယခုဖြစ်နေသည့် အခြေအနေအရ သံဃာတော်တစ်ပါး ကပြောလျှင် အစိုးရဆန့်ကျင်ရေးစကား ပြောခြင်းဖြစ်စေ၊ အခြားစကား ပြောခြင်းဖြစ်စေ ဝိုင်းပြီး ငါတို့ကိုယ်တော်ဟု လုပ်ခြင်းသည် သာသနာကို ဖျက်ဆီးရာရောက်ကြောင်း၊ ရှောင်ကြဉ်ကြရန် ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။

မြန်မာသံတော်ဆင့်သတင်းဌာနမှ အတိုင်ပင်ခံအယ်ဒီတာ ဦးကိုကိုကြီးက လမ်းပေါ်နေ ကလေးများနှင့်ပတ်သက်ပြီး မေးလိုပါကြောင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေးတွင် လမ်းမပေါ်တွင် ကလေးများ တောင်းစားနေခြင်းများ တွေ့ကြောင်း၊ လူမူဝန်ထမ်းဌာနအနေဖြင့် လမ်းပေါ်နေကလေးများ ပပျောက်ရေးဟု သတင်းစာတွင် ဖတ်ရပါကြောင်း၊ သို့သော် On Paper တွင်ရှိပြီး လက်တွေ့တွင် မတွေ့ရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လမ်းပေါ်နေကလေးများ ပပျောက်ရေး မည်သို့ပံ့ပိုးကူညီပေးမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များနှင့်လည်း သက်ဆိုင်လိမ့်မည် ဖြစ်ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီများနှင့်လည်း သက်ဆိုင်ကြောင်း၊ လမ်းပေါ်နေ ကလေးများကို မိမိသိထားသည်မှာ အချို့ကယခင်ကတည်းက ဖြစ်ခဲ့ကြောင်း၊ အချို့က လမ်းပေါ်နေကလေးအဖွဲ့ ဂိုဏ်းတစ်ခုအနေဖြင့် လုပ်နေခြင်းများရှိကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် အရေးယူဆောင်ရွက် ပေးမည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

မြန်မာသံတော်ဆင့်သတင်းဌာနမှ အတိုင်ပင်ခံအယ်ဒီတာဦးကိုကိုကြီးက ၂၀၂၁ ခုနှစ် အခြေခံပညာအထက်တန်းစာမေးပွဲ အမှတ်စာရင်းများ ထုတ်ပေးနေခြင်းများရှိကြောင်း၊ အချို့စာစစ်ဌာနများက ပိတ်ထားသည်ကို တွေ့ရကြောင်း၊ မထုတ်ရသေးသည့် ကလေးများရှိကြောင်း၊ တက္ကသိုလ် အမှန်တကယ် တက်လိုသည့်သူများကို တက္ကသိုလ်ဝင်ခွင့်ရက် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/ မရှိ ပညာရေးဝန်ကြီးဌာနကို မေးမြန်းသည်။

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဆင့်မြှင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)က ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့ဘာသာရပ်များအတွက် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကျန်သည်များ ဆက်လက်ဆောင်ရွက်နေကြောင်း၊ မထုတ်ရသေးသည့် ကလေးများအနေဖြင့် ဆက်တင်ပြီး မူဘောင်နှင့်ညီသည့်အခါတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

Myanmar Nation သတင်းဌာနမှ ဒေါ်ဆွေဇင်ဦးက လာမည့်ရွေးကောက်ပွဲတွင် PR စနစ်ကို ကျင့်သုံးမည်ဟု သိရကြောင်း၊ PR စနစ်၏ အားသာချက်သည် မည်သည့်ပါတီကြီးမှ လက်ဝါးကြီး မအုပ်နိုင်ကြောင်း၊ တိုင်းရင်းသားလူနည်းစုနှင့် တိုင်းရင်းသားများ၏ အသံသည် လွှတ်တော်ထဲသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ပြုထားသော်လည်း မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို အထူးပြုသည့်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ PR စနစ်ကြောင့် လွှတ်တော်တွင် လူမျိုးခြားဘာသာခြားများသည် အချိုးကျအနေဖြင့် ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ရောက်ရှိလာခြင်းအတွက် နိုင်ငံတော်၏ အားနည်းချက် အားသာချက်နှင့် Side effect များကို ပြင်ဆင်ရန် မည်သို့ပြင်ဆင်ထားသည်၊ မည်သို့ပြင်ဆင်ထားသင့်သည်၊ မည်သို့ပြင်ဆင်ထားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

သူ့နေရာနှင့်သူ စည်းလုံးနေရန်လို

ဗိုလ်ချုပ်ဇော်မင်းထွန်းက PR စနစ်ကျင့်သုံးခြင်းသည်ကိုယ်စားပြုမှုစနစ် များလာမည်ဖြစ် ကြောင်း၊ များလာသည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားအားလုံး မဲပေးခွင့်ရှိမည် ဖြစ်ကြောင်း၊ ပါတီတည်ထောင်ရာတွင် မြန်မာနိုင်ငံသားဖြစ်လျှင်၊ စည်းမျဉ်းဥပဒေများနှင့် ကိုက်ညီလျှင် ပါတီတည်ထောင်ခွင့်ရှိကြောင်း၊ ပေးရမည့် အခွင့်အရေးများဖြစ်ကြောင်း၊ အချို့ပေးရမည့် အခွင့်အရေးသည် ပေးကိုပေးရမည်ဖြစ်ကြောင်း၊ မပေးရသည့် အခွင့်အရေးကို မပေးသည်က ပြဿနာမရှိသော်လည်း ပေးရမည့်အခွင့်အရေးကို မပေးလျှင် ပိုပြီးပြဿနာကြီး ကြောင်း၊ ပျက်စီးကြီးခြင်းဆိုသည်မှာ မိမိတို့အစိုးရ ရင်ဆိုင်ရမည့် ပျက်စီးကြီးခြင်း မဟုတ်ဘဲ၊ တစ်နိုင်ငံလုံး ရင်ဆိုင်ရမည့် ပျက်စီးကြီးခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ရှိကြောင်း၊ သူ့နေရာနှင့်သူ စည်းလုံးနေရန်လိုကြောင်း၊ စည်းလုံးနေပါက လူဦးရေအချိုးအစားနှင့် တွက်ကြည့်ပါက မည်သူများက လူဦးရေ အချိုးအစားမည်မျှရှိသည်ကို သိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်စားပြုခွင့် မည်မျှရမည်ကို သိပြီးဖြစ်မည်ဖြစ်ကြောင်း၊ အရည်အချင်းရှိရန် လိုအပ်ကြောင်း၊ ပညာရှိရန်လိုကြောင်း၊ စည်းလုံးညီညွတ်ရန် လိုကြောင်း၊ ပူစီဖောင်းကို အပ်ဖြင့်ထိုးလျှင် ပေါက်မည်ဖြစ်ကြောင်း၊ ကြီးမားသည့်သံလုံးကို အပ်နှင့် ထိုးကြည့်ပါဟုသာ ပြောလိုကြောင်း၊ မိမိဆိုလိုနိုင်သည်မှာ ဤမျှသာဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Nation သတင်းဌာနမှ ဒေါ်ဆွေဇင်ဦးက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အခြေခံဥပဒေနှင့်အညီ တပ်မတော်က အာဏာထိန်းသိမ်းခဲ့ပါကြောင်း၊ သမ္မတစနစ်ကို ဦးတည်ပြီး ဒီမိုကရေစီနိုင်ငံပီပီပြင်ပြင် တည်ဆောက်ရန်အတွက် ကြိုးပမ်းနေသည့်အချိန်တွင် ဥပဒေနှင့်မညီသည့် ရုပ်ဆိုးအကျည်းတန်သည့် အတိုင်ပင်ခံရာထူးကို မည်သို့ပြင်ဆင်သတ် မှတ်မည်ကို သိလိုကြောင်း၊ မိမိယခုကဲ့သို့ စွပ်စွဲရခြင်းသည် နိုင်ငံတော်အတွင်းတွင် သမ္မတအထက်က ရာထူးတစ်ခုကဲ့သို့ ဖြစ်နေသော်လည်း မြန်မာနိုင်ငံမှ ပြည်ပကိုရောက်ချိန်တွင် ဘာမျှမဟုတ်သည့် ရာထူးဖြစ်နေသောကြောင့်ဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရာထူးကို အသုံးပြုပြီး ပြည်တွင်းတွင် တစ်ဦးတစ်ယောက်တည်း ဆန္ဒနှင့် လုပ်ချင်ရာလုပ်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ဥပမာ Facebook ကို သန်းခြောက်ထောင်ကျော် သုံးစွဲခဲ့ခြင်းကိစ္စ၊ နိုင်ငံခြားသားကို လွှတ်တော်တွင်း ခေါ်ယူပြီး သွားလာဝင်/ ထွက်ခွင့်ပြုထားသည့်ကိစ္စများ ဗိုလ်ချုပ်တို့သိပြီးဖြစ်ကြောင်း၊ နောက်နောင်တွင် ယခုကဲ့သို့ ကိစ္စများမဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံရာထူးကို မည်သို့သတ်မှတ်မည်၊ နောင်လာမည့် အစိုးရသစ်တွင် နိုင်ငံတော်အတိုင်ပင်ခံဟု ဆက်လက်ရှိနေမည်လား သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အားထည့်ပြီး ဖျက်ရန်မလိုကြောင်း၊ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း၊ ပြဋ္ဌာန်းပြီးကတည်းက ပါပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံဥပဒေသည် မည်သူနှင့်သာ သက်ဆိုင်ရမည်ဟု ပါပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အားစိုက်ပြီး ဖျက်ရန်မလိုကြောင်း၊ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။

Myanmar Nation သတင်းဌာနမှ ဒေါ်ဆွေဇင်ဦးက မေးခွန်းမဟုတ်ဘဲ အလေးအနက်ထားပြီး တောင်းဆိုလိုကြောင်း၊ Non CDM ဝန်ထမ်းများအတွက်ဖြစ်ကြောင်း၊ အများနှင့်သက်ဆိုင် ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း Non CDM ဝန်ထမ်းများကို ဂုဏ်ပြုမည်ဟု ပြောထားခြင်းရှိကြောင်း၊ Non CDM ဝန်ထမ်းများသည် ဆရာဝန်/ ဆရာမများသာမက ဝန်ကြီးဌာနအသီးသီးမှ Non CDM တစ်ရက် တစ်မနက်မျှပင်မလုပ်ဘဲ နိုင်ငံတော်အပေါ် သစ္စာရှိရှိဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ရာထူး၊ ဂုဏ်ပကာသန၊ ငွေကြေးမဟုတ်ဘဲ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်မှတ်ပါသည့် ဂုဏ်ပြုလွှာကို မျှော်လင့်ကြကြောင်း၊ လွတ်လပ်ရေးနေ့တွင် မိမိတို့ မျှော်လင့်ထားသော်လည်း မတွေ့ရကြောင်း၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့များဖြစ်သည့် အခါကြီး၊ ရက်ကြီးများတွင် ဂုဏ်ပြုပေးစေလိုကြောင်း၊ တစ်ရက်/ တစ်မနက် CDM မလုပ်သည့် ဝန်ထမ်းများကို သေချာစိစစ်ပြီး ဂုဏ်ပြုပေးပါရန် ဗိုလ်ချုပ်မှ တစ်ဆင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကြီးထံ အမှာတော်ပါးလိုပါကြောင်း ပြောကြားသည်။

ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက် ဒေါ်သန်းသန်းဌေးက လက်ရှိအိမ်စောင့် အစိုးရ လက်ထက်တွင် ဖြစ်နေသည့် ဝန်ထမ်းတချို့၏ စိတ်ဓာတ်ရေးရာပိုင်း၊ အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ပျက်စီးနေကြကြောင်း၊ ငွေရှိသည့် ပါတီတစ်ခုကနေ ဌာနဆိုင်ရာများနှင့်ပေါင်းပြီး နိုင်ထက်စီးနင်းလုပ်ခြင်းများ များနေကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရ အနေဖြင့် မည်ကဲ့သို့ဖြေရှင်းပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

အဂတိလိုက်စားမှုကင်းစင်ရေး ဆောင်ရွက်လျက်ရှိ

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပတ်သက်ပြီး ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများရှိပြီးဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပတ်သက်ပြီး ဝန်ထမ်းများလိုက်နာရမည့် ညွှန်ကြားချက်များ ရှိပြီးဖြစ်ကြောင်း၊ အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး မိမိတစ်နိုင်ငံတည်းမဟုတ်ဘဲ အခြားနိုင်ငံများတွင်လည်း ကင်းစင်ခြင်း မရှိသေးကြောင်း၊ ကင်းစင်ရန် ခက်ခဲကြောင်း၊ သို့သော် အဂတိလိုက်စားမှု ကင်းစင်ရေးအတွက် အစိုးရ၊ ဝန်ထမ်း၊ ဌာနဆိုင်ရာများ အကြီးအကဲများ အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ တရားလက်လွန်မှုများရှိခဲ့လျှင် သတင်းပေးနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

လွှတ်တော်ပြင်ပ အဂတိလိုက်စားမှုတိုက် ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုးမြင့်ဦးက မိမိတို့သည် နိုင်ငံချစ်စိတ်၊ အမျိုးသားအကျိုးစီးပွားကို မြှင့်တင် ကာကွယ်လိုစိတ်ဖြင့် ဆောင်ရွက်နေသည့် အသင်းအဖွဲ့ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် အားနည်းချက်များတွေ့လျှင်တင်ပြပြီး မေးမြန်းကြောင်း၊ တစ်ခါတစ်ရံ ဌာနဆိုင်ရာများကိုမုန်း၍ မဟုတ်ကြောင်း၊ ပြဿနာအသေးအမွှားများ ဖြစ်တတ်ကြောင်း၊ သို့သော် ပြည်သူများ၏စိတ် ပျက်ပြားလာသည့်အခါ မိမိတို့အနေဖြင့် နိုင်ငံတော်စည်းလုံးညီညွတ်ရေး၊ မျိုးချစ်စိတ်ဖြင့် နိုင်ငံတော်တည်ဆောက်ရေး ကိစ္စများတွင် များစွာအဟန့်အတား ဖြစ်စေကြောင်း၊ ထို့ကြောင့် မိမိတို့မှာ အမုန်းခံပြီး မေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကိုချစ်၍ မေးခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများနှင့် ပတ်သက်ပြီး တော်တော်များများ တွေ့ရကြောင်း၊ တချို့ကိစ္စများသည် လက်ရှိဖြစ်တည်မှု အခြေအနေ များပင်လျှင် ယခင်က လုပ်ခဲ့သည့်ကိစ္စများကြောင့် ထိုကိစ္စအပေါ် သက်ရောက်မှုများစွာ ရှိကြောင်း၊ အဓိကအနေဖြင့် ပြည်သူများ၏ မကျေနပ်မှုဖြစ်ကြောင်း၊ ထိုမကျေနပ်မှုများ သည် အကျင့်ပျက် ဝန်ထမ်းများကြောင့်ဖြစ်ကြောင်း၊ တရားစီရင်ရေးနှင့် မြေယာပြဿနာများတွင် အဂတိလိုက်စားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေကြောင်း၊ မုန်းတီးသည့်အချိန်တွင် ပင့်ပေးသည့်သူများကို ပင့်ပေးကြကြောင်း၊ မရောက်သင့်သည့် ရပ်ဝန်းများကို ရောက်ကုန်သည့် လူငယ်များ၊ ပြည်သူများနှင့် မိသားစုများများစွာ ရှိကြောင်း၊ ထိုမြေယာပြဿနာများတွင် ပွင့်လင်းမြင်သာရန် လိုအပ်ကြောင်း၊ မြေယာမှုခင်းတွင် ဆုံးဖြတ်စစ်ဆေးသည့်နေရာသည် မြေယာတရားရုံးဖြစ်ကြောင်း၊ တရားရုံးဆိုသည်မှာ ပွင့်လင်းမြင်သာမှုရှိကြောင်း၊ သို့သော် ဝန်ကြီးဌာနက ထိုအမှုများကို ပြင်ပသို့မပေါက်ကြားအောင် ကာကွယ်ရမည်ဟု ညွှန်ကြားချက် ထုတ်ထားပြီး ကျန်သည့်သူများ မိတ္တူကူးယူမှု ခွင့်မရှိကြောင်း၊ ထိုအခါ အကျင့်ပျက်ဝန်ထမ်းများ အတွက် လုပ်ပိုင်ခွင့်အကြီးကြီး ဖြစ်လာကြောင်း၊ လုပ်ချင်သလိုလုပ်နေကြောင်း၊ ဥပဒေကို လက်တစ်လုံးခြားတင်မဟုတ်ဘဲ တစ်တောင်ခြား၊ တစ်လံခြားဖြစ်လာပြီး နောက်ဆို လုံးလုံးဆန့်ကျင်ပြီး လုပ်ပါကြောင်း၊၊

ယခင်အစိုးရလက်ထက်တွင် ချင်းပြည်နယ်က ဝန်ကြီးတစ်ယောက်နှင့် အချေအတင်ဖြစ်ခဲ့ ကြောင်း၊ ဝန်ကြီးကိုပြောလျှင် ၎င်းက ဥပဒေအတိုင်းလုပ်သည်ဟု ပြောကြားကြောင်း၊ အဆိုပါဝန်ကြီးကို မည်သည့်ဥပဒေဖြင့် လုပ်သည်ကိုမေးလျှင် ဝန်ကြီးက မဖြေနိုင်ကြောင်း၊ ဥပဒေကို မထီမဲ့မြင်ဖြစ်နေသည့် ခေတ်ကာလအခြေအနေမျိုးတွင် တချို့ဝန်ထမ်းများတွင် အဂတိလိုက်စားမှုရှိကြောင်း၊ အဆိုပါကိစ္စရပ်များကို ထိထိရောက်ရောက် အရေးယူစေလို ပါကြောင်း၊ မြေယာနှင့်ပတ်သက်ပြီး မူလပိုင်ရှင်သည် အချို့နေရာတွင် မူလပိုင်ရှင်မှ ရောင်းချလိုက်သည့်သူက ဆက်လက်ပြီး နှစ်ပေါင်းများစွာ လုပ်ကိုင်နေကြောင်း၊ သို့သော် မြေယာပြဿနာများ ဖြစ်သည့်အခါ ၎င်းကို လုံးဝပလပ်ပြီး ဘာမှမဆိုင်သည့် ပုဂ္ဂိုလ် တစ်ယောက် (အဆိုပါမြေပေါ်တွင် ခြေမချဖူးသည့်တစ်ယောက်)ကို လုပ်ပိုင်ခွင့်ချပေးခြင်းက အတော်ပင် အကျည်းတန် ရုပ်ဆိုးပါကြောင်း၊ အမှန်တကယ် မူလပိုင်ရှင် မဟုတ်ဘူးဆိုလျှင် လည်း မူလပိုင်ရှင်ဆီက သမာသောနည်းဖြင့် ရယူထားသည့်သူများကို စဉ်းစားပေးသင့်ကြောင်း၊ မြေပြင်တွင်ဖြစ်နေသည့် ပြဿနာများက ပုံစံ(၇) သော်လည်းကောင်း၊ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် သော်လည်းကောင်း အတည်တကျ မရသေးသည့် တောင်သူများကို လျှောက်ထားနိုင်သည်ဟု ပြောကြောင်း၊ လျှောက်ထားခိုင်းပြီးလျှင် အဆိုပါတောင်သူများမှာ ရချင်မှရကြောင်း၊ တစ်ခါတစ်ရံ အဆိုပါတောင်သူများက တစ်ဝက်၊ ဘာမှမဆိုင်သည့်သူက တစ်ဝက်၊ ထိုမြေပေါ်ကို တစ်ခါမှမရောက်ဖူး သည့်သူများက ရကုန်ခြင်းက အမြောက် အမြားရှိကြောင်း၊ အဆိုပါကိစ္စများကို ကြပ်ကြပ်မတ်မတ်ဖြင့် ဆောင်ရွက်ပြီး ပြည်သူများ၏ ကျေနပ်မှုကိုရယူ၍ နိုင်ငံတော်စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ရန်အတွက် အဆိုပါကိစ္စများကို ဆောင်ရွက်ရန် အစီအစဉ် ရှိ/ မရှိကို သိလိုကြောင်း မေးမြန်းသည်။

မည်သူကတရားပြီး မည်သူကမတရားဟု မပြောလို

ဗိုလ်ချုပ် ဇော်မင်းထွန်းက မြေယာပြဿနာများအနေဖြင့် မှတ်တမ်းမှတ်ရာ၊ မိတ္တူကူးယူခွင့်ကို ဌာနတိုင်းတွင် စည်းမျဉ်းများရှိကြောင်း၊ ဥပမာ ရွေးကောက်ပွဲကော်မရှင်တွင် မဲပေးသည့်သူ၊ စစ်ဆေးသည့်သူများက မည်မျှတင်ရမည်၊ မည်မျှပေးရမည်ဟူ၍ ရှိပြီးဖြစ်ကြောင်း၊ မြေယာတွင်လည်း မိမိသိရသလောက် မိတ္တူကူးယူခွင့်နှင့်ပတ်သက်ပြီး မြေစာရင်းလက်စွဲ ဥပဒေများရှိကြောင်း၊ အဆိုပါ မြေစာရင်းလက်စွဲဥပဒေများတွင် မိတ္တူကူးယူလိုသူနှင့် ကြည့်ရှုစစ်ဆေးလိုသူက မြေစာရင်းလက်စွဲဥပဒေတွင် ပါသည့်အတိုင်း ပြဋ္ဌာန်းချက်များအရ ငါးဆယ်ကျပ်တန် ရုံးတံဆိပ်ကပ်နှိပ်ထားသည့် လျှောက်လွှာပုံစံရေးသားပြီး သက်ဆိုင်ရာ အမှုထိန်းထံကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့သော် မြေယာနှင့်သက်ဆိုင်မှု မရှိသူများအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရုံးလုပ်ငန်းနှင့် ဆက်စပ်သည့် စာရွက်စာတမ်းများကို ကြည့်ရှုစစ်ဆေးပိုင်ခွင့်၊ မိတ္တူကူးယူပိုင်ခွင့် မပြုနိုင်ဟု ပြဋ္ဌာန်းထားကြောင်း၊ ကာယကံရှင်ကိုယ်တိုင်အနေဖြင့် တောင်းခံ၍ရကြောင်း၊ ဘေးလူအနေဖြင့် တောင်းခံ၍မရကြောင်း၊ မိမိသိသလောက် ပြောပြခြင်းဖြစ်ကြောင်း၊ လူတိုင်းတောင်းခံခွင့် မရှိကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ကို မဲစာရင်းတောင်းသကဲ့သို့ မဲပေးသည့်သူတိုင်းက ၎င်းနှင့်သက်ဆိုင်သည့် နယ်များကို တောင်းခွင့်ရှိကြောင်း၊ အဆိုပါ မြေယာကိစ္စတွင် နစ်နာသည့်သူကသာ တောင်းခွင့်ရှိကြောင်း၊ မြေယာပြဿနာနှင့် ပတ်သက်ပြီး မည်သူကတရားပြီး မည်သူက မတရားဟု မပြောလိုကြောင်း၊၊

အကြံပြုချက်များနှင့် ပတ်သက်ပြီးမိမိတို့အနေဖြင့် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ပြိုင်ပြီးမငြင်းလိုပါကြောင်း၊ မြေယာနှင့်ပတ်သက်ပြီး မိမိလည်း မကျွမ်းကျင်ပါကြောင်း၊ မြေယာနှင့်ပတ်သက်ပြီး လုပ်နေသည့် ပွဲစားလည်း မဟုတ်ကြောင်း၊ မိမိအနေဖြင့် မကျွမ်းကျင်ခြင်းကြောင့် သတင်းထောက်ကြီးနှင့် အပြိုင်မငြင်းလိုကြောင်း၊ ယခုသည် သတင်းစာရှင်းလင်းပွဲ လုပ်နေခြင်းဖြစ်ကြောင်း၊ သတင်းထောက်ကြီး ပြောသည့်ကိစ္စများကို မှတ်တမ်းတင်ပေးမည် ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကျေနပ်သူများရှိသလို မကျေနပ်သူများလည်း ရှိခြင်းကြောင့် ဘက်နှစ်ဘက် ရှိနိုင်ကြောင်း၊ ပြည်သူလူထုကောင်းကျိုးအတွက် ပြောခြင်းကို မိမိတို့အနေဖြင့် လက်ခံကြောင်း၊ သို့သော်လည်း တစ်ဖက်တွင် ၎င်း၏ဝန်ထမ်းများ လုပ်ဆောင်နေရသည်များ ရှိကြောင်း၊ သမာခြင်း၊ မသမာခြင်းကို မိမိဆုံးဖြတ်နေခြင်း မဟုတ်ကြောင်း၊ သို့သော် အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး သတင်းထောက်ကြီး ပြောကြားသည်များကို ပြောပေးမည်၊ မှတ်တမ်းတင်ပေးသွားမည် ဖြစ်ကြောင်း၊ ပြိုင်ပြီးအငြင်းပွားရန် မဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။

နိုင်ငံအကျိုးပြုသတင်းမီဒီယာမှ သတင်းအယ်ဒီတာကိုခန့်က လက်ရှိဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးအခြေအနေကို တည်ငြိမ်အောင် နိုင်ငံတော်အစိုးရအနေဖြင့် အချိန်ကာလသတ်မှတ်ပြီး ဆောင်ရွက်နေပါသလား၊ မည်သည့် အချိန်ကာလနောက်ဆုံးထားပြီး နိုင်ငံတော်တည်ငြိမ်အောင် ဆောင်ရွက်နေသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အချိန်ကာလသတ်မှတ်ထားခြင်း မရှိပါကြောင်း၊ အချိန်ကာလ သတ်မှတ်၍လည်း မရပါကြောင်း၊ ဖြစ်ပျက်နေသည့်အဖြစ်အပျက်၊ အကြောင်းအရာ မှန်သမျှသည် မိမိတို့အနေဖြင့် ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်း စိမ်လုံခြုံစေရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ပြည်သူ့ဘ၀ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ အနေနှင့်ရော၊ အစိုးရအနေဖြင့်ပါ အစွမ်းကုန်စွမ်းအားရှိသမျှ အမြန်ဆုံး တည်ငြိမ်အောင် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

နိုင်ငံအကျိုးပြုသတင်းမီဒီယာမှ သတင်းအယ်ဒီတာကိုခန့်က နိုင်ငံရေးအကျပ်အတည်း ကာလတွင် အစိုးရအောက်ခြေဝန်ထမ်းအချို့၏ အကျင့်ပျက်လာဘ်စားမှုကို လက်ရှိအစိုးရ အနေဖြင့် မည်သို့ကိုင်တွယ် အရေးယူဆောင်ရွက်နေပါသလဲ သို့မဟုတ် တိတိကျကျ အချက်အလက်များဖြင့် တိုင်ကြားပါက မည်သည့်ဌာနသို့ တိုင်ကြားရမည်လဲ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုင်ကြားရမည့် ဌာနများရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ ရှိပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ရှိပါကြောင်း၊ ယင်းဌာနများသို့ တိုင်ကြားနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

နိုင်ငံအကျိုးပြုသတင်းမီဒီယာမှ သတင်းအယ်ဒီတာကိုခန့်က နိုင်ငံတော်နှင့်ပြည်သူများအား ပိုမိုကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် စစ်မှုမထမ်းမနေရစနစ်ကို မည်သည့်အချိန် မည်သည့် ကာလတွင် စတင်ကျင့်သုံးရန် ရည်ရွယ်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံသားတစ်ယောက်အနေဖြင့် စစ်မှုထမ်းရမည်ဆိုလျှင် ထမ်းရမည် ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ စစ်မှု မထမ်းမနေရဥပဒေကို ပြဋ္ဌာန်းထားသည့် နိုင်ငံများရှိသကဲ့သို့ ပြဋ္ဌာန်းထားခြင်း မရှိသည့် နိုင်ငံများလည်းရှိကြောင်း၊ မြန်မာနိုင်ငံတွင် အခြေခံဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရန်အတွက် တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ အကြမ်းဖျင်းပြောရလျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားရှိသူများ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရာတွင် ၂ နှစ်၊ ၃ နှစ် အစဉ်အလိုက် စစ်မှုထမ်းရမှာဖြစ်ကြောင်း၊ စစ်မှုထမ်းပြီးပါက ၂ နှစ်၊ ၃ နှစ်ပြည့်လျှင် ပြည်သူ့စစ်မှုထမ်းဘဝမှ ထွက်ခွာ၍ရကြောင်း၊ မထွက်ခွာလိုပါက ဆက်လက်အမှုထမ်းလိုလျှင် ၎င်း၏အဆင့်အလိုက် ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စသည် မိမိတို့နိုင်ငံမှ ဥပဒေပြဋ္ဌာန်းထားပြီး မိမိတို့က လက်တွေ့ မကျင့်သုံးသေးသည့် နိုင်ငံဖြစ်ကြောင်း၊ မိမိတို့ အိမ်နီးနားချင်းနိုင်ငံများကို ကြည့်မည်ဆိုပါက အိန္ဒိယနိုင်ငံသည် ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းထားခြင်း မရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်သည်လည်း ပြဋ္ဌာန်းထားခြင်း မရှိကြောင်း၊ လာအိုက ပြဋ္ဌာန်းထားပြီး လက်တွေ့ကျင့်သုံးလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံက ပြဋ္ဌာန်းထားပြီး ထိုင်းနိုင်ငံအနေဖြင့် မဲနှိုက်၍ကျင့်သုံးကြောင်း၊ အနီမဲကျလျှင် စစ်မှုထမ်းရပြီး အနက်မဲကျလျှင် စစ်မှုမထမ်းရကြောင်း၊ တရုတ်နိုင်ငံက ပြဋ္ဌာန်းထားပြီး လက်တွေ့မကျင့်သုံးကြောင်း၊ မိမိတို့နိုင်ငံက ပြဋ္ဌာန်းထားပြီး လက်တွေ့မကျင့်သုံးကြောင်း၊ ပြဋ္ဌာန်းနိုင်ရန်အတွက် နိုင်ငံ၏အခြေအနေအရ ကာကွယ်ရေး၊ လုံခြုံရေးအခြေအနေအရ ကျင့်သုံးရန် လိုအပ်ပါက လက်တွေ့ကျင့်သုံးရန် ရှိပါကြောင်း၊ ပြဋ္ဌာန်းရန်အတွက် အဆင်သင့်ဖြစ်နေသည့် ဥပဒေဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော်တိုင်း(မ်)အွန်လိုင်းသတင်းအေဂျင်စီမှ သတင်းထောက် ဦးမင်းမောင်က ကျန်းမာရေးနှင့်ပတ်သက်၍ မေးမြန်းလိုကြောင်း၊ ကိုဗစ်ရောဂါပိုး Omicron နှင့်ပတ်သက်ပြီး အမေရိကန်တွင် အတော်များများ မနိုင်မနင်းဖြစ်ပြီး တစ်ရက်တည်းတွင် တစ်သိန်းကျော် တွေ့ရှိရကြောင်း၊ ပါဝါအင်အားကြီးသည့် နိုင်ငံများတောင်မှ Omicron ကို တော်တော်လေး အသည်းအသန် ကာကွယ်နေရကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန(ရန်ကုန်)၌ စစ်ဆေးရာတွင် ဓာတ်ခွဲအတည်ပြု Omicron ရောဂါပိုးတွေ့ရှိသူ ၄၂ ခုတွေ့ရှိရကြောင်း၊ နိုင်ငံခြား လေကြောင်းလိုင်းမှ ပါလာသူ UAE က ၃၂ ယောက်နှင့် နိုင်ငံခြားမှ မြန်မာနိုင်ငံအတွင်း ပါလာသည့် ကိုဗစ်ပိုးတွေ့ရှိသော လူနာများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ထားခြင်းနှင့်ပတ်သက်၍ သိလိုကြောင်း မေးမြန်းသည်။

ပြည်တွင်းကူးစက်မှု မတွေ့ရသေး

ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံခြားခရီးစဉ်မှ ပါလာသည့် ခရီးသည်များကို မိမိတို့အနေဖြင့် Quarantine ထားကြောင်း၊ ရောက်ရောက်ချင်း စစ်ဆေးမှုများ ပြုလုပ်ကြောင်း၊ ရောဂါပိုးတွေ့လျှင် ကုသရေးစင်တာများသို့ ပို့ကြောင်း၊ မတွေ့လျှင်လည်း Quarantine အပြည့်ထားကြောင်း၊ ယခင်က ကျန်းမာရေးဝန်ကြီးဌာနမှ ဖြေလျှော့ပြီး တစ်ပတ်သာ ထားကြောင်း၊ ယခုနှစ်ပတ် အပြည့်ထားကြောင်း၊ လုံးဝကင်းရှင်းမှ ပြန်လွှတ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် Omicron ရောဂါနှင့်ပတ်သက်ပြီး ပြည်တွင်းကူး စက်မှု မတွေ့ရသေးကြောင်း၊ နိုင်ငံခြားမှ ပြန်လာသည့်သူများသာ တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် တိကျစွာ လိုက်နာလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

လူတိုင်းကာကွယ်ဆေးထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဒုတိယဝန်ကြီး ဖြေကြားမှုများမှာ ပြည့်စုံပါကြောင်း၊ ထပ်ဖြည့်စရာမရှိပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏ ကျန်းမာရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာရန် လိုအပ်ပါကြောင်း၊ ပြည်ပနိုင်ငံများမှ ပြန်လာသည့် ပုဂ္ဂိုလ်များကိုလည်း Quarantine တိတိကျကျ စည်းကမ်းလိုက်နာရန်နှင့် ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းများကို ဆောင်ရွက်ရန်လိုပါကြောင်း၊ ထို့ပြင် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကိုလည်း ယခုဆိုလျှင် အသက် ၁၈ နှစ်အထက် ပြည့်သူများကို ကာကွယ်ဆေးထိုးနေပြီ ဖြစ်သည့်အတွက် လူတိုင်းကာကွယ်ဆေး ထိုးနှံနိုင်ရေးကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။