Skip to main content

စက်မှုမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်မှုဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေအတိုင်း ဆောင်ရွက်နိုင်မည့် ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၆

စက်မှုမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်မှုဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီး ဌာနများနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတို့မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ အတိုင်း ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ သလ္လာဝတီလမ်းရှိ Center of Excellence ၌ ကျင်းပသည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုလွင်က စက်မှုမှတ်ပုံတင်ခြင်း၊ စက်မှုလုပ်ငန်းများ စစ်ဆေးခြင်း၊ ဘွိုင်လာစစ်ဆေးခြင်း၊ လျှပ်စစ်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ နိုင်ငံတော်မှမူဝါဒချမှတ်ထားသည့်အခြေအနေ၊ ပုဂ္ဂလိကစက်မှု လုပ်ငန်း ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေး စီမံဆောင်ရွက်နေမှုနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်မှုမှတ်ပုံတင်ပြုလုပ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့် တို့ကို ဆွေးနွေးတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက ကောင်စီနည်းဥပဒေ ပြဋ္ဌာန်းချက်များပါ တားမြစ်ထားသော လုပ်ငန်းများနှင့် ကန့်သတ်ခွင့်ပြုထား သောလုပ် ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက်အတွင်းရေးမှူးက စက်မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ အသင်းမှ ခေတ်မီစက်မှုနည်းပညာများ ပြန့်ပွားရေးအတွက် ဆောင်ရွက်နေမှု၊ ပြည်တွင်း ပုဂ္ဂလိကစက်မှု လုပ်ငန်းရှင်များကို လိုအပ်သောအကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ပြည်တွင်းရှိ စက်မှုလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးမီ ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမတို့ နှင့်အတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ အမှတ်(၂၂) အကြီး စားစက်ရုံ(ဘီးလင်း)သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးအခြေခံစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်မှ အားပေးကူညီလျက်ရှိကြောင်း၊ ထုတ်ကုန်ပစ္စည်းများအရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာရောင်းချနိုင်ရေး စီမံဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ယူနစ်ထုတ်လုပ်မှု စရိတ်လျော့နည်း သက်သာစေရေးအတွက် အလေအလွင့်မရှိရန်နှင့် အသုံးစရိတ်များ ခြိုးခြံချွေတာ ရမည်ဖြစ် ပါကြောင်း၊ ပြည်တွင်း တာယာလိုအပ်ချက်များကို ပိုမိုဖြည့်ဆည်း ပေးနိုင်ရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန် ပစ္စည်းများ အရည်အသွေးကောင်းမွန်စေရေးအတွက် အရည်အသွေးအာမခံသည့် စနစ်များ ထူထောင်ထားရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးကွက် သုတေသနပြု လုပ်သည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာသုံးစွဲသူများ၏ လိုအပ်ချက် များကို အချိန်မီ ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကြောင်း၊ မှာကြားပြီး ရေဒီယယ်တာယာအမျိုးမျိုး ထုတ်လုပ်နေသည့် လုပ်ငန်းအဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရက်ချက်စက်ရုံ (ဘီးလင်း)သို့ ရောက်ရှိ ပြီး စက်ရုံ၌ ရှိပြီးဖြစ်သည့် အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ ပုဂ္ဂလိကနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ (EoI) ခေါ်ယူရန်၊ စက်ရုံ၌ရှိသည့် စက်ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစဉ်အမြဲဆောင်ရွက်ရန် မှာကြားပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ သကြားစက်ရုံ(ဘီးလင်း)သို့ရောက်ရှိပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။         

(သတင်းစဉ်)