Skip to main content

ပြည်ထောင်စုဝန်ကြီးဦးလှမိုး တနင်္သာရီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဦးစီးဌာနများမှ တိုင်းတာဝန်ခံများ၊ ဝန်ထမ်းများ၊ သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်သော တောင်သူ များအတွက် လိုအပ်သည့် နည်းပညာဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး၊ သမဝါယမ စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေး နိုင်ရေးနှင့် ကျေးလက်နေပြည်သူများ အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပို့ချပေးပြီး သင်တန်းအောင်မြင်ပြီးသူများ တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်လိုပါက သမဝါယမအသင်းများ ဖွဲ့စည်းပေး၍ ငွေကြေးအရင်းအနှီး ထူထောင်ပေးကာ ဈေးကွက်ရရှိအောင် ချိတ်ဆက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ခေတ်မီ စက်မှုလယ်ယာစနစ်နှင့် Contract Farming စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ရမည့် စီမံကိန်းများ၊ ကျေးလက် ကုန်ထုတ်လမ်း၊ ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေး လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီပြီး အချိန်မီပြီးစီအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေနှင့် လုပ်ငန်းလိုအပ်ချက် တင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်မြို့နယ် မြို့သစ်(၄)လမ်းရှိ လုပ်ငန်းရှင် ဦးနိုင်နိုင်စိုး(ငံပြာရည်) ကျန်းမာရေးနှင့် ပိုမိုညီညွှတ်သော ငံပြာရည် ထုတ်လုပ်နိုင်ရေး နည်းပညာ အကြံပေး တိုးချဲ့ဆောင်ရွက်သွားရန် လုပ်ငန်းလမ်းညွှန်မှုပြုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သမဝါယဦးစီးဌာနမှ ထားဝယ်မြို့နယ် ဇဟာကျေးရွာတွင် ဆောင်ရွက်သည့် အောင်သပြေ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဝက်​မွေးမြူရေးလုပ်ငန်းကို  ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်မြို့နယ် ဇဟာကျေးရွာ  မြစိမ်းရောင်စီမံကိန်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေး လုပ်ငန်းရှင် (၂၆) ဦးအတွက် ချေးငွေ (၁၂ ဒသမ ၂) သန်း၊ မွေးမြူရေးလုပ်ငန်းရှင် (၃၀) ဦးအတွက် ချေးငွေ (၁၃ ဒသမ ၈) သန်း၊ အရောင်းအဝယ် (၁၁)ဦးအတွက် (၆ ဒသမ ၆) သန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း (၁၇) ဦးအတွက် (၇ ဒသမ ၉)သန်း စုစုပေါင်းချေးယူသူ (၈၄) ဦးအတွက် ချေးငွေစုစုပေါင်း (၄၀ ဒသမ ၅) သန်း ထုတ်ချေးထားရှိသည့် လုပ်ငန်းအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)