နေပြည်တော် ဇန်နဝါရီ ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ (၁၂) ရက်နံနက်ပိုင်းက ရွှေညောင် - ထီးရီ (မွေးမြူရေးဇုန်) - လင်ကွင်း - ညိုမီး - လေးမိုင် ကွေ့လမ်း တိုးချဲ့မှုလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေး ဝဲ/ယာ ရေနုတ် မြောင်းများ ပြုလုပ်ဆောင်ရွက် ထားရှိရန်၊ (၁၂) ပေ အကျယ်မှ (၂၄) ပေအကျယ် ကတ္တရာလမ်း ချဲ့ခြင်းဖြစ်သည့်အတွက် ယာဉ်အန္တရာယ်မဖြစ်စေရေး အဆိုပါလမ်းပေါ်ရှိ တံတားများ အဆင့်မြှင့်တင် တည်ဆောက်သွားရန်မှာ ကြားသည်။
အဆိုပါလမ်းသည် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း၊ အေးသာယာ-ညောင်ရွှေလမ်းနှင့် တောင်ကြီး-ကျောက်တလုံး-ကက္ကူလမ်းတို့ကို ချိတ်ဆက်ထားသောလမ်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အေးသာယာ - ညောင်ရွှေ - မိုင်းသောက် - နမ့်ပန် - တုံဟုံး- ပင်လောင်းလမ်းကိုလည်းကောင်း၊ အောင်ပန်း - ပင်မှီ - အင်းတိန်လမ်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရွာတော် - မြက်ဆက်တောင် - မြက်ဆက်မြောက် - ဘော်နင်းရွာသစ်လမ်းသို့ ရောက်ရှိပြီး အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီအောင် ဖောက်လုပ် သွားရန်နှင့် လမ်းဘေးရေနုတ်မြောင်းတူးဖော်ထားရှိရန် မှာကြားကာ လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါလမ်းသည် မိတ္ထီလာ - တောင်ကြီး ပြည်ထောင်စုလမ်းမကြီးနှင့် ဟဲဟိုး - ဘော်နင်းလမ်း အား ချိတ်ဆက်ထားသော လမ်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)