Skip to main content

တရားမဝင် သစ်မျိုးစုံ၊ တောရိုင်းတိရိစ္ဆာန်များနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၁ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၊ ပူးပေါင်းအဖွဲ့က Toyota Hiace (၂)စီးပေါ်မှ ခရီးသည်ပစ္စည်းများ နှင့်အတူ ရောနှော သယ်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြ နိုင်ခြင်းမရှိသည့် လျှပ်စစ်ရေနွေးအိုး(၃၉၀)၊ ဖိနပ်အစုံ (၅၈၀) ၊ လျှပ်စစ်ဒယ်အိုး (၁၀၀)၊ ခေါင်းလိမ်းဆီဘူး (၅၈၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၉၁၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်း အဖွဲ့မှ ကလေးဝမြို့နယ်၌ တောရိုင်း တိရစ္ဆာန်မျိုးစုံ (၈၂)ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ပူးပေါင်းအဖွဲ့မှ ကလေးမြို့နယ် တွင် (လိုင်စင်မဲ့) TOYOTA ALPHARD ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကို လည်းကောင်း ဖမ်းဆီး ရမိခဲ့သည်။

ထို့အပြင် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင်များ အတွင်းရှိ ကြိုးဝိုင်းသစ်တောများအတွင်း တရားမဝင်သစ်များ ထုတ်လုပ်လျက်ရှိ ကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် သစ်မျိုးစုံ (၄၅ ဒသမ ၀၀၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၈၃၃,၅၄၀) ကို ဖမ်းဆီးရမိခဲ့သည်။

သို့ပါ၍ ဇန်နဝါရီ ၁၁ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၊ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိသည့် လူသုံးကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၉၁၅,၀၀၀)ကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း များအရ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖမ်းဆီးရမိသည့် တောရိုင်း တိရစ္ဆာန်(၈၂)ကောင် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀,၀၀၀,၀၀၀) နှင့်ပတ်သက်၍ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့် ရှောက်ခြင်း ဆိုင်ရာဥပဒေ အရလည်းကောင်း၊ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ဖမ်းဆီးရမိသည့် သစ်မျိုးစုံ (၄၅ ဒသမ ၀၀၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၈၃၃,၅၄၀)ကို သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)