Skip to main content

ဒုတိယဝန်ကြီး ဦးသန့်စင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ‌၃၀

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဒီဇင်ဘာ ၂၆ ရက် မှ ၂၈ ရက်အထိ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်)၊ ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာန (ရန်ကုန်)၊ သာကေတ ကမ်းလွန်အခြေစိုက်စခန်းနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)တို့ကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှု အောက်ရှိ အမှတ်(၁)ရေနံချက် စက်ရုံ(သန်လျင်)၌ စက်ဆီ/ချောဆီရောစပ် စက်ရုံ၊ ရေလုံသင်္ဘောကျင်း ရုံးအဆောက်အဦ၊ ဧည့်ရိပ်သာနှင့် သုတေသနနှင့်အမျိုးအစား စစ်ဆေးရေး ဌာနဓာတ်ခွဲခန်းများသို့ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ သိုလှောင်ဖြန့်ဖြူးရေးဌာနကြီး(ရန်ကုန်)နှင့် ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ဒုတိယစစ်ဆေးရေးအရာရှိချုပ်ရုံး (အောက်မြန်မာ ပြည်)တို့ကိုကြည့်ရှုစစ်ဆေးပြီး ရုံးအဆောက်အဦအတွင်းရှိ ရုံးခန်းများသန့်ရှင်းစေရေး ဝါယာကြိုးများ စနစ်တကျထား ရှိနိုင်ရေး လိုအပ်သလိုစစ်ဆေးပြုပြင် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ၄ ထပ်ရုံး အဆောက်အဦ၊ ခြံစည်းရိုးနှင့် မျက်နှာစာတို့ဆေးသုတ်ရန်၊ ပြုပြင်ထိန်းသိမ်းရေး ရုံးအတွင်းနှင့် ရုံးအပြင် ပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်သာယာလှပစေရေးအတွက် စီမံဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သန်လျက်စွန်းလမ်းမကြီးဘေးရှိ ရုံးအဆောက်အဦ၊ အရာထမ်း၊ အမှုထမ်းအိမ်ခန်းများ၊ ခြံစည်းရိုးများ၊ ခြံစည်းရိုးနှင့် ကားလမ်းမကြီးအကြား အမြင်တင့်တယ်စေရေး၊ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ကမ်းလွန်အခြေစိုက်စခန်း(သာကေတ)နှင့် အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)တို့ကို ကြည့်ရှုစစ်ဆေးရာ အထွေထွေမန်နေဂျာက သာကေတရေလုံသင်္ဘော ကျင်းတိုးချဲ့တည်ဆောက်မည့် အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှုတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရေလုံသင်္ဘောကျင်း တိုးချဲ့တည်ဆောက်မည့်မြေနေရာအား ရှင်းလင်းထားရန်နှင်စက်ပြင် အလုပ်ရုံအတွင်း နေ့စဉ်၊ အပတ်စဉ် ရှင်းနိုင်သမျှ ရှင်းလင်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက် ရန်ဖြစ်ကြောင်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ရုံးအတွင်းရှိ Data Center Room များအား သတ်မှတ်ထားသည့် နေရာအကျယ်အဝန်း၊ စံချိန်စံညွှန်းနှင့် ကိုက်ညီစွာ သိမ်းဆည်း အသုံးပြုနိုင်ရေးအတွက် အစီအမံနှင့် layout plan အား ရေးဆွဲတင်ပြရန်ဖြစ်ကြောင်း မှာကြားပြီး ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)