Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ-၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများအား မြို့တော်ခန်းမ၌ တွေ့ဆုံသည်။

လိုအပ်သည်များ တင်ပြ

ဦးစွာ ကိုကိုးကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်း၊ ရပ်မိရပ်ဖများ ဖြစ်ကြ သည့် ဦးအောင်ဇော်၊ ဦးကြည်၊ ဦးမောင်မြင့်၊ ဦးသိန်းထွန်းနှင့် ဦးမောင်သန်းတို့က ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသခံလူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ဆောင်ရွက်ပေး စေလိုသည့် အခြေအနေ၊ ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် များနှင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များ ဖြည့်ဆည်းစေလွှတ် ပေးစေလိုသည့် အခြေအနေ၊ ရေယာဉ်များဆိုက်ကပ်ပါက အဆင်ပြေစေရေးအတွက် ကမ်းထိုး တံတား မွမ်းမံဆောင် ရွက်ပေးစေလိုသည့်အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ပေးစေလိုသည့် အခြေအနေနှင့် ဒေသခံ များစိတ်အပန်းပြေ စေရေး ဆောင်ရွက်ပေးစေလိုသည့် အခြေအနေ၊ သောက်ရေ သုံးရေအတွက် အဓိကအား ထားနေရသည့် ကိုကိုးရေလှောင်တမံ၏ ကြံ့ခိုင်ရေး၊ ရေလုံ လောက်မှုရှိစေရေးဆောင် ရွက်ပေးစေလိုသည့် အခြေအနေ၊ ကိုကိုးကျွန်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိသဖြင့် ကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်၍လည်း ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို ဆက်လက်ကူညီ ဆောင်ရွက်ပေးစေလိုသည့် အခြေအနေ များနှင့် ပတ်သက်၍ တင်ပြကြသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

တင်ပြချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် ကြီး တင်အောင်စန်း၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးခင်ရီ၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး တို့က သက်ဆိုင်ရာကဏ္ဍအသီးသီးနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းပြောကြားရာ၌ ကိုကိုး ကျွန်းမြို့နယ်၏ သွားဘက်ဆိုင်ရာ ဆရာဝန် လိုအပ်ချက်၊ ကျန်းမာရေးလိုအပ်ချက် တို့ကို ဖြည့်ဆည်းပေးမည့် အခြေအနေ၊ ပညာရေးလိုအပ်ချက်များနှင့် ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည့် အခြေအနေ၊ လူငယ်လူရွယ်များ၏ အလုပ် အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ဒေသခံဘွဲ့ရလူငယ်များကို သက်ဆိုင်ရာဝန်ကြီး ဌာနများ၌ သတ်မှတ်ချက် များနှင့်အညီ ခန့်အပ်တာဝန်ပေးသွားနိုင်မည့် အခြေအနေ၊ ပို့ဆောင်ဆက်သွယ်ရေး လိုအပ်ချက်များအား အဆင့်မြှင့်တင်ဆောင်ရွက်ပေး သွားမည့် အခြေအနေ၊ အားကစားနှင့် ပတ်သက်၍ ဘောလုံးအားကစားကွင်း၌ ပွဲကြည့်စင်လို အပ်ချက် ဖြည့်ဆည်းပေးသွားမည့် အခြေအနေနှင့် အခြားအားကစားနည်းများအတွက်လည်း လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများကို ဖြည့်ဆည်းပေးသွားမည့်အခြေ အနေ၊ ပန်းခင်းစီမံချက်ကို နိုင်ငံတော်စီမံချက် အဖြစ်ဆောင်ရွက်၍ အသက်အရွယ် ပြည့်မီသူ နိုင်ငံသားတိုင်း  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိစေရေး အခြားဝန်ကြီး ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ပြန်လည် ဆွေးနွေးပြောကြားကြသည်။

ပေးအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ကိုကိုးကျွန်း ဒေသအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် အားကစားပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဆက်သွယ်ရေး Sim Card နှင့် ငွေဖြည့်ကတ်များကိုလည်းကောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ECG စက်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများကိုလည်းကောင်း ပေးအပ်ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မြို့နယ်အုပ်ချုပ် ရေး တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ၏ တင်ပြချက်များအပေါ်မူတည်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက်ဝန်ကြီးများမှ တိုက်ရိုက်ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်၍ အစိုးရတစ်ရပ်၏ စွမ်းဆောင်ရည် ကောင်း မွန်ခြင်းသည် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ခန့်အပ်ထားသည့် ဝန်ထမ်းများအနေဖြင့် အရည်အချင်းများပြည့်ဝရမည် ဖြစ်သဖြင့် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပါက ဝန်ထမ်းခန့်အပ်ခွင့်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ် လူငယ်များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက် ပညာရေးကို အားပေးဆောင်ရွက် ကြရန်လိုကြောင်း၊ စစ်တမ်းများအရ ၂၀၀၇-၂၀၀၈ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းစတင် တက်ရောက်သူဦးရေ ၁ဒသမ၅ သန်း ရှိပြီး တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိသူဦးရေမှာ ၂၇၀၀၀၀ ကျော်ခန့် သာရှိခဲ့ သဖြင့် ကျောင်းစတင် တက်ရောက်ခဲ့သူများအနက် ၉၀ ရာခိုင်နှုန်းသည် တက္ကသိုလ်ဝင် တန်းအောက် ပညာအရည်အချင်း၌သာရှိမည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံ၏ ပညာရည်မြင့်မားရေးအတွက် ငယ်ရွယ်စဉ် ကတည်းကပင် ပညာရေးကို အားပေးဆောင်ရွက် ကြရန်လိုပြီး အမှန်တကယ် တတ်မြောက်အောင် သင်ကြား လေ့ကျင့် ပေးကြရမည်ဖြစ်ကြောင်း။

ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်

ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းဖြစ်ပွားနေစဉ်ကာလများအတွင်းကျန်းမာရေးကုသမှုလုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်း၊ ဆေးဝါး၊ အောက်ဆီဂျင်နှင့် အခြားအခက်အခဲမျိုးစုံ၊ အကြပ်အတည်း မျိုးစုံတို့ ကြားမှ မရရသည့် နည်းလမ်းများဖြင့် ကြိုးစားလုပ်ဆောင်ခဲ့ရကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ တက်ညီလက်ညီနှင့် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကြောင့် ကိုဗစ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ သည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကိုကိုးကျွန်း၌ သွားဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း အခက်အခဲများရှိသည်ဟု သိရှိရကြောင်း၊ နိုင်ငံ့ဝန်ထမ်းအချို့ အနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေလိုသူများ၏ သွေးထိုးလှုံ့ဆော် မှုများ၊ ခြိမ်းခြောက်မှုများကြောင့် CDM လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုများရှိခဲ့ကြောင်း၊ သို့သော်လည်း နိုင်ငံဝန်ထမ်းလိုအပ်ချက်များကို ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ဒေသခံများ၏ တင်ပြချက်များတွင်ပါဝင်သည့် ဒေသအတွက်အမှန်တကယ် လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ကောင်းမွန်မှုရှိရန်နှင့် ပညာရေး ကောင်းမွန်မှုရှိရန် ဖြစ်သဖြင့် ဒေသခံများက မိမိကိုယ်ကို ဂရုစိုက်နေထိုင်ရန်နှင့် ပညာရေးကိုအားပေးမြှင့်တင်ကြရမည်ဖြစ်ပြီး ပတ်ဝန်းကျင် ကောင်းကို ဖန်တီးကြရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ကောင်းအတွက် မိမိယခင် လာရောက်စဉ် ကတည်းကပင် ခြံစည်းရိုးကာရံပေးခြင်းများ၊ လမ်းဖောက်ပေးခြင်းများ၊ သွပ်အမိုးအကာလဲပေးခြင်းများနှင့် သန့်ရှင်းသာယာလှပရေးတို့ကို လုပ်ဆောင်ပေးခဲ့ ကြောင်း၊ အမြင်ကောင်းပါက စိတ်ကြည်လင်ပြီး သန့်ရှင်း သပ်ရပ်မှုကို လူတိုင်း နှစ်သက်ကြသည်မှာ လူတို့၏ စိတ်သဘောပင်ဖြစ်ကြောင်း၊ ထို့ပြင် ပတ်ဝန်းကျင်သည် သန့်ရှင်းသပ်ရပ်ခြင်းသည် သက်ရှည်ကျန်းမာမှုကိုလည်း အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၇ နှစ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ၆၅ ဒသမ ၅ နှစ်၊ ၂၀၁၇ ခုနှစ်တွင် ၆၇ ဒသမ ၄ နှစ်ရှိခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများအနက် သက်တမ်းအနည်းဆုံး နိုင်ငံတစ်ခုဖြစ်နေကြောင်း၊ ကျန်းမာ ရေးတစ်ခုတည်းသာမက ပညာရေး၊ စီးပွားရေး ကောင်းရန်လိုအပ်မည်ဖြစ်ပြီး ပညာ တတ်မှသာ အသိအမြင်များ ဖွံ့ဖြိုးလာမည်ဖြစ် ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ အုန်းနှင့်ပတ်သက်သည့် အခြေခံစီးပွားရေးကို ယခုထက်ပိုမို အောင်မြင်အောင် တိုးမြှင့်လုပ်ဆောင်ရန်လိုကြောင်း၊ အုန်းနှင့် အုန်းထွက် ပစ္စည်းလုပ်ငန်းကို ကိုကိုးကျွန်းမှ ပထမဆုံးလုပ်ဆောင်ခဲ့ခြင်းဖြစ်သဖြင့် စံပြဖြစ်အောင် လုပ်ဆောင်ခြင်းဖြင့် ဒေသ၏ လူနေမှုဘဝကို တိုးတက်မြင့်မားအောင် လုပ်ဆောင် ကြစေလိုကြောင်း၊ နေ့စဉ်သုံးကုန် ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ များကို အခြား ဒေသများမှ မှာယူစားသုံးနေရသည့်ဒေသ ဖြစ်ခြင်းကြောင့် ထိုသို့ ဝယ်ယူနိုင်ရေး ဝင်ငွေရရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသ၏ အဓိကထွက်ကုန်ဖြစ်သည့် အုန်းထွက်ပစ္စည်းလုပ်ငန်းကို အောင်မြင်အောင် လုပ်ဆောင်ကြ စေလိုကြောင်း။

ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

ရေ၊ မီး ရရှိမှုနှင့် ပတ်သက်၍ စနစ်ကျနစွာ သုံးစွဲရေး၊ အသုံးမှ အဖြုန်းသို့  မဖြစ်စေ ရေး၊ လမ်းများကောင်းမွန် စေရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် ပတ်သက်၍ တစ်ဦးချင်းအသိစိတ်ဖြင့် လုပ်ဆောင်ကြစေလိုကြောင်း၊ နိုင်ငံတော်အဆင့် လုပ်ဆောင် နေသည့် ပန်းခင်းစီမံချက် နှင့် ပတ်သက်၍ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သော်လည်း အချက် အလက်များမှန်ကန်မှု ရှိရန် အရေးကြီးမည်ဖြစ်ကြောင်း၊ လူဦးရေနည်းပါးသည့် မြို့နယ် ဖြစ်သဖြင့် စနစ်ကျန သည့် အုပ်ချုပ်မှုပုံစံဖြင့် ရှိရမည်ဖြစ်ပြီး အုပ်ချုပ်ရေးဆိုင်ရာ တာဝန် ရှိသူများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် လုပ်ဆောင်ကြစေလိုကြောင်း၊ ကိန်းဂဏန်း အချက်အလက် မှားယွင်းမှု များမဖြစ်စေရေး၊ မြို့နှင့်ပတ်သက်သည့် မှတ်တမ်းများ၊ သမိုင်းမှတ်တမ်း များကို စနစ်တကျပြုစုဆောင်ရွက်ခြင်းဖြင့် ခေတ်မီပြီးစည်းစနစ်ကျနသည့် မြို့တစ်ခု အဖြစ်ပုံဖော်တည်ဆောက်ကြရန်လိုကြောင်း၊ အချုပ် အားဖြင့် ပြောရ မည်ဆိုပါက ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက် ဖြေရှင်းဖြည့် ဆည်းပေး နိုင်ရေးဝန်ကြီးများကို တစ်ပါတည်းခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသတွင် တာဝန်ကျသူများနှင့် နေထိုင်သူများဖြစ်သည့် တပ်မတော်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ ပူးပေါင်းပြီး ဒေသတိုး တက်ရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော် မှလည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။

ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ အား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်