နေပြည်တော် ဒီဇင်ဘာ ၂၄
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးဆိုင်ရာ ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရှိ မင်္ဂလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ စီးပွားရေးဘဏ်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် အသင်းချုပ်မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များအသင်းနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ၊ Industrial and Commercial Bank of China (ICBC) နှင့် Bank of China (BOC) နိုင်ငံခြားဘဏ်ခွဲများမှ တာဝန်ရှိသူများ၊ ပို့ကုန်/သွင်းကုန်ဆိုင်ရာ ကုန်သည်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေ ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အမှာစကားပြောကြားပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေ က မြန်မာတရုတ်နယ်စပ် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေရေးဆိုင်ရာ ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ ICBC နှင့် BOC တို့မှ တာဝန်ရှိသူများက ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကုန်သည်လုပ်ငန်းရှင်များက ဘဏ်လုပ်ငန်းဆိုင်ရာ အစီအစဉ်များ ၊ ငွေပေးချေမှုနည်းလမ်းများ ၊ အဆိုပြုရမည့် ငွေလဲလှယ်နှုန်းများ၊ နယ်စပ်ကုန် သွယ်ရေး အတွက် ရယူရမည့် ကုန်သွယ်မှုဆိုင်ရာ အထောက်အထားများ၊ ဘဏ်စရိတ်နှုန်းထားများ၊ ငွေကြေး ထောက်ပံ့မှု အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)