Skip to main content

(၁၁) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၂

(၁၁) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များအား ပူဇော်ကန်တော့ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကိုဗစ် - ၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ယနေ့ကန်တော့ခံ သက်ကြီးပညာရှင်များသည် မိမိတို့ငယ်စဉ်ကတည်းက လေးစား တန်ဖိုးထားရသည့် အနုပညာရှင်ကြီးများဖြစ်ပြီး ဂီတလောကသက်တမ်းတစ်လျှောက် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး သယ်ပိုးခဲ့သော အစဉ်အလာရှိခဲ့သူများ ဖြစ်ကြပါကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနကလည်း အနုပညာသမားများအားလုံးကို အလေးထားဂုဏ်ယူပါကြောင်း၊ ဆက်လက်၍လည်း နိုင်ငံနှင့် လူမျိုးအကျိုးကို စည်းလုံးညီညွတ်စွာဖြင့် သယ်ပိုးထမ်းရွက် နိုင်ကြပါစေကြောင်း၊ ကန်တော့ခံ သက်ကြီးဂီတအနုပညာရှင်များ သက်ရှည်ကျန်းမာကြပြီး နောင်နှစ်ပေါင်းများစွာတိုင်ဆက်၍ ကန်တော့ခံနိုင်ပါစေကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က အမှာစကားပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်က ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက သက်ကြီးဂီတပညာရှင်များ ပူဇော် ကန်တော့ပွဲအတွက် လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) သို့ လှူဒါန်းငွေကျပ်သိန်း ၅၀ တို့ကို ဒုတိယဝန်ကြီး ဦးရဲတင့်က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့် ကလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) 08 Forever Group Company Limited လှူဒါန်းငွေကျပ် ငါးသိန်းနှင့် ဦးကျော်နိုင်-ဒေါ်ရှုယဉ် (77 Cake) က လှူဒါန်းငွေကျပ် ငါးသိန်းတို့ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) တွဲဖက်အတွင်းရေးမှူး (၁) ဦးမြတ်မင်းနှင့် တွဲဖက်အတွင်းရေးမှူး(၂) ဓညဝတီ ဦးကျော်ဝင်းတို့က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။

ယင်းနောက် တက်ရောက်လာကြသူများက သက်ကြီးဂီတပညာရှင်များအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန် တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် မြန်မာ နိုင်ငံဂီတအစည်းအရုံး (ဗဟို) မှ အမှုဆောင်များက ကန်တော့ခံဂီတသက်ကြီး ပညာရှင် များအား လှူဖွယ်ပစ္စည်းများဖြင့် ဂါရဝပြုရာ ကန်တော့ခံဂီတသက်ကြီး ပညာရှင်များ (ကိုယ်စား) တေးသံရှင် ဦးထွန်းရွှေ က ဩဝါဒစကားပြောကြားသည်။

(၁၁) ကြိမ်မြောက် သက်ကြီးဂီတပညာရှင် ပူဇော်ကန်တော့ပွဲတွင် အသက် ၈ဝ နှစ်အထက် သက်ကြီးဂီတပညာရှင် ၇၈ ဦးအား တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းနှုန်း၊ အသက် ၈ဝ နှစ်အောက် ကန်တော့ခံ ဂီတသက်ကြီးပညာရှင် ၆၈ ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့ (၁၁)ကြိမ်မြောက် သက်ကြီးဂီတပညာ ရှင်များအား ပူဇော်ပွဲတွင် ကန်တော့ခံ သက်ကြီး ပညာရှင် ၁၄ ဦး တက်ရောက်ကန်တော့ခံခဲ့ကြောင်း၊ သိရသည်။

သတင်းစဉ်