နေပြည်တော် ဒီဇင်ဘာ ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဒီဇင်ဘာလ(၁၈)ရက် နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် တပ်ကုန်းမြို့နယ်၊ မယ်ဇလီကျင်းကျေးရွာအနီးတွင် တည်ဆောက်ထားသည့် ဆင်သေရေ လှောင်တမံနှင့် ဒဟတ်ကုန်း ကျေးရွာရှိ ရေလွှဲဆည်တို့၏ ဆည်ရေသိုလှောင်ထားရှိမှု တမံကြံ့ခိုင်မှု၊ စိုက်ပျိုးရေပေးဝေနေမှုနှင့် မြို့ပြသုံးရေပေးဝေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါ ဆင်သေရေလှောင်တမံသည် ယခုနှစ် မိုးစပါး ဧက(၁၀၀၀၀)ကျော် နွေစပါး ဧက(၇၀၀၀)ကျော်နှင့် ဒေသ၏ သောက်သုံးရေ ဖူလုံရေးကို အကျိုးပြုလျက်ရှိသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမှတ်(၆၈) စက်မှုလယ်ယာစခန်း သို့ရောက်ရှိပြီး တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က စက်မှုလယ်ယာစနစ်သို့ လက်တွေ့ကူးပြောင်းနိုင်ရေး၊ တောင်သူများကိုယ်တိုင် လယ်ယာသုံး စက်ကိရိယာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
အလားတူ ရေဆင်းစိုက်ပျိုးရေး သုတေသနဉီးစီးဌာန၊ ယာသီးနှံသုတေသနဌာနခွဲ၊ ပဲမျိုးစုံ သီးနှံသုတေသနဌာနစု သို့ရောက်ရှိပြီး ပဲတီစိမ်းသီးနှံ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကမ္ဘာ့ဟင်းသီးဟင်းရွက် သုတေသနဌာန (World Vegetable Center) နှင့် ပူးပေါင်းဆောင်ရွက်နေမှု လုပ်ငန်းများကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ သီးနှံများ သုတေသနဌာနနှင့် ပဲစဉ်းငုံ မျိုးကွဲများ ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေနှင့် ပဲပုပ်သီးနှံသုတေသန လုပ်ငန်းများအတွက် ထိုင်းနိုင်ငံအထောက်အပံ့ (TICA) စီမံကိန်း အကူအညီဖြင့် ပဲပုပ်မျိုးများ သုတေသန ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သော သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင်အဖွဲ့သည် အမှတ် (၂) ပျဉ်းမနားသကြားစက်ရုံနှင့် အမှတ် (၃) သကြားစက်ရုံများသို့ သွားရောက်ကြပြီး သကြားစက်ရုံများ၏ စက်ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှု ကြံရာသီ၊ ကြံကြိတ်ဝါးနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ကြံဝယ်ယူရေး လျာထားချက် ပြည့်မီရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပျဉ်မနားမြို့နယ် သနပ္ပင်ဆိပ်ကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေး စင်တာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ တောင်သူများနှင့် တွေ့ဆုံ၍ ဒေသ၏ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှု အခြေအနေများကို အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)