Skip to main content

အကြမ်းဖက်ဝါဒနှင့်လမ်းစဉ် ပြည်သူ့အားဖြင့် ဖော်ထုတ်ဆန့်ကျင်

ဒီမိုကရေစီရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးဟူသော ခေါင်းစဉ်ကို တပ်ထားစေကာမူ အကြမ်းဖက်ဝါဒ၊ အကြမ်းဖက်လမ်းစဉ်တို့၏ လုပ်ရပ်များက တစ်နေ့ထက်တစ်နေ့ပို၍ ပေါ်လွင် ထင်ရှားလာနေသည်။ ဒလန်ရှင်းလင်းရေး၊ အစိုးရဒေါက်တိုင်များ သုတ်သင်ရေးဟူသော ခေတ်ဟောင်းက ဗကပတို့၏ လုပ်နည်းလုပ်ဟန်များကို အတုယူလုပ်ဆောင်ကာ အကာအကွယ် ကင်းမဲ့နေသည့် လက်နက်မဲ့ပြည်သူများအား တစ်ဦးတစ်ယောက်ချင်းမှသည် မိသားစုတစ်စုလုံး၊ အမျိုးသမီးကြီးငယ်များ၊ ကလေးများပါမကျန် လုပ်ကြံသတ်ဖြတ်မှုများကို အကြမ်းဖက်သမားများက ကျူးလွန်ခဲ့ကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့သည်ကား နိုင်ငံ့ဝန်ထမ်းလောကအတွက် သွေးစွန်းသည့်နေ့၊ ဝမ်းနည်းဖွယ်နေ့ဟုပင် ဆိုရမည်ဖြစ်သည်။ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင့်၀င့်မြိုင်၊ ချင်းပြည်နယ် ဖလမ်းမြို့ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် အောင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ဆရာ ဦးဇော်မိုးတို့မှာ တစ်နေ့တည်း တစ်ရက်တည်းမှာပင် အကြမ်းဖက်သမားတို့၏ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ကြရသည်။ ဒေါက်တာ ဝင့်ဝင့်မြိုင်နှင့် ဆရာဦးဇော်မိုးတို့မှာ သေဆုံးသွားခဲ့ကြရပြီး ဦးသန်းဝင်း မှာမူ သေနတ်ဒဏ်ရာများကို ဆေးကုသမှုခံယူရန်အတွက် လူနာ တင်ယာဉ်ဖြင့် ဆေးရုံသို့အသွား၌ ထပ်မံပစ်ခတ်ဖမ်းဆီးသွားခြင်းကို ခံလိုက်ရပြန်သည်။

အထက်ပါဖြစ်စဉ်များသည် နေရာဒေသတစ်နေရာစီ ကွဲပြားသော်လည်း ပြည်သူကို အလုပ်အကျွေးပြုနေသည့် နိုင်ငံ့ဝန်ထမ်း ဆရာဝန်၊ ကျောင်းဆရာ၊ ဆည်မြောင်းဝန်ထမ်းတို့ကို လက်နက်အားကိုးဖြင့် အကြမ်းဖက်သတ်ဖြတ်မှုများက အတူတူပင်ဖြစ်သည်။ ယင်းမတိုင်မီ နှစ်ရက် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် သူနာပြုဆရာမနှင့် ၎င်း၏ ခင်ပွန်းတို့ကိုလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူတစ်ဦးတို့ကို လည်းကောင်း၊ ချမ်းမြသာစည် အောင်ပင်လယ်ရပ်ကွက်၌ အရုဏ်ဆွမ်းခံကြွနေသည့် သံဃာတော်များနှင့်အတူ ကပ္ပိယကျောင်းသားအဖြစ် လိုက်ပါဆောင်ရွက်နေသူတစ်ဦးကိုလည်းကောင်း၊ အကြမ်းဖက်အုပ်စုများက တစ်နေ့တည်း တစ်ချိန်တည်းခန့်တွင် လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့သည်။ သူနာပြုဆရာမ ဇနီးမောင်နှံတို့အား အကြမ်းဖက်သတ်ဖြတ်မှုကို ပြည်ဖျက်မီဒီယာတို့က လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရန် ရပ်တန့်စေရာ မရပ်ပေးသောကြောင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မဟုတ်တမ်းတရမ်း သတင်းထုတ်လွှင့်ခဲ့သော်လည်း စီစီတီဗွီမှတ်တမ်း ဗီဒီယိုအထောက်အထား ထွက်ပေါ်လာသည့်အခါ နှုတ်ဆိတ်သွားခဲ့သည်။

မန္တလေးတွင် လူသတ်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများမှာမူ ၎င်းတို့၏ အကုသိုလ်အမှုများအတွက် နေ့မကူးမီမှာပင် ပြန်လည်ပေးဆပ်ခဲ့ကြရသည်။ ဖမ်းမိသူတစ်ဦး၏ ထုတ်ဖော်ပြောကြားချက်အရ မန္တလေး PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်များ၏ စေခိုင်းချက်အရ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့ဝင်များကို ဒလန်ရှင်းလင်းရေးဟုဆိုကာ လုပ်ကြံသတ်ဖြတ်ရခြင်းဖြစ်သည်ဟု ဆိုသည်။ အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်မှုများပြုလုပ်၍ နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်သည်ဟု မည်သည့်အခါကမျှ မရှိခဲ့။ အကြမ်းဖက်ဝါဒနှင့်လမ်းစဉ်တို့ကို မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းကမျှ လက်ခံမည် မဟုတ်သလို လက်ခံ၍လည်းမရ။ သို့ရာတွင် မင်းသားကြီးမလုပ်ရ၍ ပတ်မကြီးထိုးဖောက်လိုသူများ ကမူ မည်သည့်နည်းနှင့်မဆို တိုင်းကားပြည်ရွာ ချောက်ချားစေရန်၊ နိုင်ငံမငြိမ်မသက် ပျက်စီးစေရန်အတွက် အကြမ်းဖက်အဖျက် လုပ်ရပ်များပြုလုပ်ရန် ကြိုးပမ်းနေကြမည်ဖြစ်ပြီး နောက်ကွယ်မှ ထောက်ပံ့မှုများလည်း ရှိနေဦးမည်ဖြစ်ရာ ပြည်သူလူထု၏ အပြည့်အဝ ပူးပေါင်းပါဝင်မှုဖြင့် အကြမ်းဖက်အဖျက်သမားတို့ကို ဖော်ထုတ်အရေးယူသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။