မြစ်ကြီးနား ဇွန် ၁၆
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနား တပ်ကုန်းရပ်ကွက်အတွင်းရှိ ဧဝံဂေလိကျမ်းစာသင်ကျောင်း၌ ခရစ်ယာန်အသင်းတော်များနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းဝတ်ပြုသည်။
ဦးစွာ ဓမ္မတေးသီချင်းများသီဆိုပြီး သိက္ခာတော်ရ ကျောင်းအုပ်ဆရာက ကြိုဆိုနှုတ်ခွန်းစကားပြောကြားကာ ခရစ်ယာန်ငြိမ်းချမ်းရေးနှင့် ကူညီထောက်ပံ့ရေး ဗဟိုနာယက က ငြိမ်းချမ်းရေးဆုတောင်းစကား ပြောကြား၍ ဓမ္မတေးသီချင်းများဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းကို ဆောင်ရွက်သည်။
ယင်းနောက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင်က မိမိတို့နိုင်ငံ၊ မိမိတို့ပြည်နယ်ငြိမ်းချမ်းရေးအတွက် မိမိတို့အားလုံးက နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည့်အပြင် ယခုလိုစုပေါင်းဆုတောင်းကူခြင်းဖြင့် ငြိမ်းချမ်းမှုကို လိုလားသော လူမှုအသိုက်အဝန်းများ ဖြစ်ပေါ်လာရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ခရစ်ယာန်အသင်းတော်များမှ သိက္ခာတော်ရ ဆရာများက သမ္မာကျမ်းစာဖတ်ကြားကာ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌက ဓမ္မဒေသနာတော်ကို ဟောကြားပြီး တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးအတွက် ဖယောင်းတိုင်ထွန်းညှိ၍ အတူတကွ အထူးဆုတောင်းဓမ္မတေးသီချင်းများ သံပြိုင်သီဆိုခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
