Skip to main content

ရောဂါထိန်းချုပ်ရေးစည်းကမ်း နည်းလမ်းလိုက်နာ

ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက အလေးထားဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် အထူးဂရုစိုက် ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ အကုန်တွင် ရောဂါဖြစ်ပွားနှုန်း သုံးရာခိုင်နှုန်းအထိ ကျဆင်းလာစေရန် ရည်မှန်းဆောင်ရွက်ခဲ့သည်။

ထိုသို့ရည်မှန်းဆောင်ရွက်ခဲ့ရာတွင် ယခုနိုဝင်ဘာလဆန်း၌ ရည်မှန်းထားသည့် သုံးရာခိုင်နှုန်းသို့ မရောက်ရှိသေးသော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း သုံးရာခိုင်နှုန်းနှင့် လေးရာခိုင်နှုန်းကြားတွင်ရှိနေသည်ကို တွေ့ရသည်။ အမှန်တကယ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောဂါဖြစ်ပွားနှုန်းတွက်ချက်မှုအရဖြစ်ပြီး ရောဂါဖြစ်ပွားဆဲမြို့နယ် ၁၅ မြို့နယ်ခန့်ကို ဖယ်ထားလိုက်ပါက ကူးစက်မှုရာခိုင်နှုန်း သုံးရာခိုင်နှုန်းအောက်သို့ ရောက်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

ရည်မှန်းထားသည့်အတိုင်း ရောဂါကူးစက်မှုနှုန်းကျဆင်းလာသဖြင့် နိုင်ငံတော်နှင့်ပြည်သူအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး၊ ပြည်သူများ လူမှုစီးပွားဘဝ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရေး၊ ရပ်နားထားသောလုပ်ငန်းများနှင့်ယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေးတို့ကို ယခုအခါ လက်တွေ့အကောင်အထည်ဖော်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ရောဂါဖြစ်ပွားနှုန်း ရည်မှန်းထားသည့်အတိုင်း ရောက်ရှိလာသဖြင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီး အဆင့်မြင့်ပညာသင်ကျောင်းများကိုလည်း စတင်ဖွင့်လှစ်နိုင်အောင် ပြင်ဆင်စီမံဆောင်ရွက်နေသည်။

မြို့နယ် ၁၅ မြို့နယ်ခန့်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ဖြစ်နေဆဲဖြစ်၍ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသည့်မြို့နယ်များ၌ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဆောင်သည့် အထူးအဖွဲ့ ဖွဲ့စည်း၍ နယ်မြေသုံးခုခွဲကာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုထိန်းချုပ်ရေး ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ရောဂါထိန်းချုပ် ကုသရေးပစ္စည်းများနှင့် ဆေးပစ္စည်းများ လုံလောက်စွာဖြည့်ဆည်းပေးထားသဖြင့် ရည်မှန်းထားသည့် ရောဂါကျဆင်းနှုန်းသို့ အပြည့်အဝရောက်ရှိအောင် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သံသယရှိသည့်နေရာများအား လိုအပ်သည့်စစ်ဆေးမှုများ အထူးပြု ဆောင်ရွက်ခဲ့ရာ ရောဂါကူးစက်ခံရသူများကို ဖော်ထုတ်တွေ့ရှိရသဖြင့် ကုသရေးလုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်ပေးခဲ့ရာ ရောဂါထပ်မံကူးစက်မှုကို လျှော့ချနိုင်ပြီး ရောဂါထိန်းချုပ်ရေးအတွက် များစွာအထောက်အကူပြုခဲ့သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် Stay at Home သတ်မှတ်ခဲ့သည့်မြို့နယ်များကို လျှော့ချပေးခဲ့ပြီးဖြစ်ရာ ရည်မှန်းထားသည့်ရာခိုင်နှုန်းသို့ ဆက်လက်ရောက်ရှိလာပါက ကျန်ရှိနေသောမြို့နယ်များကို ထပ်မံလျှော့ချပေးမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ ကန့်သတ်ချက်များချပေးလိုက်သည့် မြို့နယ်များတွင် ပြည်သူများ လူမှုစီးပွားဘဝများ ပုံမှန်လည်ပတ်ဆောင်ရွက်နေကြသည်ကို တွေ့ရသဖြင့် ဝမ်းမြောက်မိသည်။ သို့သော် ကိုဗစ်-၁၉ ရောဂါကို လုံးဝထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ ကူးစက်ရောဂါသည် ပြည်သူများနှင့်အတူရှိနေဦးမည်ဖြစ်၍ စည်းကမ်းများကို ဆက်လက်လိုက်နာကြ ရန်လိုအပ်သည်။

Stay at Home အစီအစဉ်ကို လျှော့ချပေးထားရာ၌ ပြည်သူများအနေဖြင့် သွားလာနေထိုင်လုပ်ကိုင်ရေး လွတ်လပ်နေပြီဟု ပြီးလွယ်လွယ်မနေဘဲ ကိုဗစ်၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါနှင့် သက်ဆိုင်သော စည်းကမ်းများအား အလေးထားလိုက်နာဆောင်ရွက် ကြရန်လိုအပ်ပါသည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်ကြသည့် တာဝန်ရှိသူများအနေဖြင့်လည်း နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ထားသည့်အတိုင်း စနစ်တကျဖြစ်စေရန် စေတနာထား၍ ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ကိုဗစ်ရောဂါကျဆင်းလာမှုကြောင့် စာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ပြီး ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ စိတ်ချလက်ချ ဆက်လက်ပညာသင်ကြားနိုင်ရန် အဘက်ဘက်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူများ၏ လူမှုစီးပွားဘဝများပုံမှန်လည်ပတ်နိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊ အဘက်ဘက်တို့တွင် အဆင်ပြေချောမွေ့လာစေရေးအတွက် ရှေ့အဖို့တွင် ရောဂါပိုမိုကင်းဝေးရေး ရည်မှန်းထားသည့် ရောဂါကူးစက်မှုနှုန်း သုံးရာခိုင်နှုန်းအောက်သို့ ဆက်လက်ကျဆင်းလာအောင် သက်ဆိုင်ရာတာဝန်ရှိသူများက စေတနာထား စနစ်တကျဆောင်ရွက်ပြီး ပြည်သူများအားလုံးတို့က ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းများကို ဆက်လက်အလေးထားလိုက်နာ ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။