နေပြည်တော် ဇွန် ၂၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံနေသည့် နိုင်ငံခြားကုန်သည်အသင်းများမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ လက်ရှိကြုံတွေ့ နေရသည့် အခက်အခဲများကို ဆောလျင်စွာ ကူညီဖြေရှင်းပေးရန် ဆန္ဒရှိပါကြောင်း၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီး ပုဂ္ဂလိကကဏ္ဍ၏ အခက်အခဲများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းညှိနှိုင်းဖြေရှင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယခု ဆွေးနွေးပွဲတွင်လည်း တက်ရောက်လာသူများက ကြုံတွေ့နေရသည့် အခက်အခဲ များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် နိုင်ငံခြားကုန်သည်အသင်း များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များမှ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်မှုပမာဏ တိုးတက်မြင့်မားစေရေး၊ လက်ရှိ ကြုံတွေ့နေရသည့် ကုန်သွယ်မှုဆိုင်ရာအခက်အခဲများ ပူးပေါင်းညှိနှိုင်းဖြေရှင်းပေးရေးတို့ကို တင်ပြ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြခဲ့သည့် အခက်အခဲများကို ပြည်ထောင်စုဝန်ကြီးက ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး အချို့အခက်အခဲများကို အဆင့်လိုက် ဆွေးနွေးဖြေရှင်းဆောင်ရွက်ပေး သွား မည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင်လည်း ယခုလိုတွေ့ဆုံ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဆောင်ရွက်သွားလိုပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး ဦးမိုးမြင့်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးနှင့် အဖွဲ့ဝင်များ၊ နိုင်ငံခြား ကုန်သည်အသင်းများမှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)