နေပြည်တော် ဇွန် ၂၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ် (၄၃)ဘဏ်မှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့် ဖြင့် အစည်းအဝေးပြုလုပ်သည်။
အစည်းအဝေးသို့ AD လိုင်စင်ရဘဏ်များမှ စီမံခန့်ခွဲမှုဆိုင်ရာအကြီးတန်း အရာရှိများ၊ နိုင်ငံတကာ ဘဏ် လုပ်ငန်းဌာနနှင့် ဘဏ္ဍာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင် ရဘဏ်များက နိုင်ငံခြားသုံးငွေလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းတို့ပါ ပြဋ္ဌာန်းချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရန်ကိစ္စရပ်နှင့်စပ်လျဉ်း၍ သာမန် စာရင်းနှင့် ငွေလုံးငွေရင်းစာရင်းပိုင်းဆိုင်ရာလွှဲပြောင်း ပေးချေမှုများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အတွက် ရင်းနှီးငွေ ယူဆောင်လာခြင်း (Capital Brought-in) ၊ ပြည်ပချေးငွေ(Offshore Loan) ဆိုင်ရာကိစ္စရပ်များ၊ ပို့ကုန်တင်ပို့ခဲ့ပြီးပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း ရှိ/မရှိ စိစစ်သည့် ကိစ္စရပ် များနှင့် နိုင်ငံဖြတ်ကျော် ငွေလွှဲပြောင်းပေး ချေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
(သတင်းစဉ်)