Skip to main content

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား‌ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာမျှဝေခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂၃

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား‌ရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာမျှဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အာဆီယံနယ်ပယ်အနေဖြင့် မူဝါဒ အညွှန်းကိန်း (Policy Index) တိုင်းတာရာတွင် အောင်မြင်မှုရရှိအောင် ထဲထဲဝင်ဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစပျိုးစီးပွားရေးလုပ်ငန်းများ ပြုစုပျိုးထောင်ရေးဌာန၏ သဘောတရားများ အပေါ် ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်မှု၊  လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာသိရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အရေးကြီး ဆောင်ရွက်ရန်ရှိသည်များကို အချိန်တိုအတွင်း အောင်မြင်မှုရရှိ အောင်ဆောင်ရွက်စေ လိုကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက “တိုင်းရင်းသားများ၏ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်နှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများတွင် အဓိကအားဖြင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးကူညီ ဆောင်ရွက်သွားရန်” လမ်းညွှန်မှုပြုထားသဖြင့် MSME များဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များကို အထူးအလေးထား ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 အစပျိုးစီးပွားရေးလုပ်ငန်းများ ပြုစုပျိုးထောင်ရေးဌာန ထူထောင်ပြီးပါက အာဆီယံဒေသရှိ ပြည်ပ အဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အစပျိုး စီးပွားရေး လုပ်ငန်းများ ပြုစုပျိုးထောင်ရေးဌာန တည်ထောင် ခြင်းသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ၊ MSME များအား ပံ့ပိုးခြင်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဒေသတွင်း အစီအစဉ်များ တွင် ပူးပေါင်းပါဝင်ခြင်းဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ဝန်ထမ်းများမှလည်း အကြံကောင်း၊ ဉာဏ်ကောင်းများဖြင့် ဝိုင်းဝန်းဆွေးနွေးကြရန်နှင့် ယခုဆွေးနွေးပွဲမှ မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်း များ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် ရလဒ်ကောင်း တစ်ခုထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုလုပ်ငန်းများ ပြန်လည်ထူထောင် နိုင်ရေးတို့အတွက် အထောက်အကူပြုမည့်စာတမ်းများကို ဖတ်ကြားကြပြီး တက်ရောက်လာသူများ က အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)