Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၅ ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားကို ဇွန် ၁၂ ရက် က စစ်ကိုင်းတံတားအနီး၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ငါးမျိုးစိုက်ထည့်ပေးသည်။ နိုင်ငံတစ်ဝန်းတွင် ယခုနှစ်အတွက် ငါးသားပေါက်ကောင်ရေ (၁၀၁၂ ဒသမ ၀၇၅)သိန်း ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ယနေ့အခမ်းအနားတွင် ရေဦးငါးလုပ်ငန်းစခန်းက ထုတ်လုပ်သည့် (၂)လက်မအရွယ် ငါးမြစ်ချင်း တစ်သိန်း၊ ငါးခုံမကြီး ငါးသောင်း၊ ရွှေဝါငါးကြင်း ငါးသောင်း ၊ စုစုပေါင်းငါးကောင်ရေ (၂)သိန်းကို စိုက်ထည့်ပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း သမဝါ ယမတက္ကသိုလ် (စစ်ကိုင်း)၏ သင်ကြားမှု သင်ယူမှုဆိုင်ရာလုပ်ငန်းများကိုလည်းကောင်း၊ RC ၃ထပ် စာသင်ဆောင် တည်ဆောက်မှု လုပ်ငန်းများကိုလည်းကောင်း၊ ပြည်ပပို့ကုန်အဖြစ် အော်ဂဲနစ် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးနည်းပညာပေး လုပ်ငန်းများဆောင်ရွက်နေသော ပုဂ္ဂလိက လုပ်ငန်းများကိုလည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍမှ မွေးမြူလုပ်ကိုင်လျက်ရှိသော ဒေသမျိုးဖြစ်သည့် ပြာစိမ်းနွား၊ ဂျိတ်နီဆိတ်နှင့် စီပီဝက်မွေးမြူရေး လုပ်ငန်းများကိုလည်းကောင်း၊ ရွှေဘိုမြို့နယ်၊ လှတောကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံပိုးမွှားရောဂါကာကွယ်ရေးဌာနခွဲက ဆောင်ရွက်လျက်ရှိသည့် တောင်သူအကျိုးပြု မိတ်ဆွေပိုးဥကပ်ပါးနဂျီကို ဇီဝနည်းပညာအသုံးပြု မွေးမြူရေး လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး အားပေးခဲ့သည်။ ထို့နောက် ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာရှိ Type-A အဆင့်ရှိ စပါးမျိုးသန့်စက် တပ်ဆင်ပြီးစီးမှု နှင့် စပါးပေါင်းခံရည် ထုတ်လုပ်နေမှု၊ ရွှေဘိုမြို့ ချီပါမျိုးသန့်ခြံ၏ မျိုးသန့်မျိုးစေ့များ ထုတ်လုပ်ပေးနေမှု Type-B အဆင့်ရှိ မျိုးသန့်စက်ရုံနှင့် ဓါတ်ခွဲခန်း မျိုးသန့်စက် တပ်ဆင်ပြီးစီးမှု၊ ဧက ၇၁၀၀ ရှိသည့် လှတောမြောင်းခွဲ မြောင်းဘောင်များ ပြုပြင်နေမှု၊ ရွှေဘိုမြောင်းမတော် လက်တံမြောင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။ (သတင်းစဉ်)