Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

ယမန်နေ့မှအဆက်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားရာတွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ထုတ်ပြန်မှုအခြေအနေအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ အသုံးပြုခဲ့သည့် နောက်ဆုံး မဲစာရင်း soft copy များကို ရယူပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ထုတ် ပြန်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ ထုတ်ပြန်ပြီးစီးမှုများအရ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ၁၅ ခုရှိ မြို့နယ်ပေါင်း ၁၉၈ မြို့နယ်၊ မဲရုံပေါင်း ၂၇၂၄၈ ရုံကို စိစစ်ခဲ့ရာတွင် မြို့နယ်ကော်မရှင်စာရင်းအရ မဲဆန္ဒရှင် ၂၇၃၆၆၇၃၁ ဦး ဖြစ်သော်လည်း လဝက စာရင်းအရ ၂၂၈၃၉၀၈ ဦးသာရှိပြီး ၅၀၈၂၈၂၃ ဦး ကွာခြားမှု ရှိကြောင်း၊ ၎င်းတို့အနက် စိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၃၃၈၇၆၇၅ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်း သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၂၅၂၈၀ ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း နှစ်ကြိမ် ပါဝင် သူ၂၄၆၂၁၄၁ ဦး ရှိသည်ကို တွေ့ရှိရပါကြောင်း။

မဲစာရင်းထပ်နေ

စိစစ်တွေ့ရှိချက်များအရ စိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူနှင့် မဲစာရင်းထပ်နေသူ စုစုပေါင်း ၆၀၇၅၀၉၆ ဦးရှိကြောင်း တွေ့ရှိရပြီး ရာခိုင်နှုန်းအားဖြင့် မဲဆန္ဒရှင်၏ ၂ ဒသမ ၂ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ စစ်ဆေးထုတ်ပြန်မှုတွင် မြို့နယ် တစ်ခုချင်းအလိုက် စိစစ်တွေ့ရှိမှု များသာဖြစ်ပြီး အခြားတိုင်းဒေသကြီး/ ခရိုင်/မြို့နယ်များနှင့် တိုက်ဆိုင်စစ်ဆေး (Cross Check) များ ပါဝင်ပါက တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန် ထားသည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်း CD PDF များကို အခြေခံထုတ်ပြန်ခဲ့သည့် မဲမသမာမှု ပြုနိုင်/ ဖြစ်နိုင်သည့် အရေအတွက် ၁၀၄၈၂၁၁၆ ဦးရာခိုင်နှုန်း ၂၈ ဒသမ ၁၇ ရာခိုင်နှုန်းထက် ပိုမိုများပြားနိုင်သည်ကို သုံးသပ်စိစစ်တွေ့ရှိရပါကြောင်း၊ ဖော်ပြ ပါ မြို့နယ် ၁၉၈ မြို့နယ်၏ မဲဆန္ဒရှင် စာရင်းများအပေါ် တပ်မတော်စိစစ်ချက်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စိစစ်တွေ့ရှိချက်များကို နှိုင်းယှဉ်ရာတွင်လည်း စိစစ်သည့် အခြေခံ မဲဆန္ဒရှင်စာရင်း ကွာခြားချက်အရ ကော်မရှင်၏ စိစစ်တွေ့ရှိမှု အရေအတွက်သည် ကိုင်ဆောင် လက်မှတ် တစ်မျိုးမျိုး (မှတ်ပုံတင်မရှိဘဲ မဲစာရင်း တွင် ပါဝင်နေသူ ၃၂၅၄၈၆ ဦး၊ တစ်ကြိမ် ထက်ပို၍ မဲစာရင်းတွင်ပါဝင်သူ (ထပ်နေသောမဲစာရင်း) ၆၃၇၆၈၂ဦး ပိုမိုစိစစ်တွေ့ ရှိရ ပါကြောင်း။

ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ဆန္ဒမဲ လက်မှတ်များကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ထုတ်ပြန် လျက်ရှိမှု အခြေအနေများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ၂ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ တိုင်းဒေသကြီး/ ပြည်နယ် ပြည်ထောင်စုနယ်မြေ ၁၃ ခုအတွင်းရှိ မြို့နယ်ပေါင်း ၁၉၄ မြို့နယ်ရှိ မဲရုံပေါင်း ၂၆၄၇၃ ရုံ၏ ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စနစ်တကျ ဖွင့်ဖောက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ဆေး မှုစာရင်းချုပ်အရ ထုတ်ယူရရှိသည့် မဲလက်မှတ်ပေါင်း ၂၉၆၀၃၃၉၅၊ အသုံးပြု ၁၈၈၁၀၈၀၀၊ ကျန်ရမည့် အရေအတွက် ၁၀၇၉၂၅၉၅ ဖြစ်သော်လည်း မြေပြင် လက်ကျန် ၁၀၀၂၄၁၉၉ ဖြစ်ပြီး ကွာခြားချက်အနေဖြင့် ပျောက်ဆုံး ၁၀၄၃၀၄၆နှင့် အပို ၂၇၄၆၅၀ ဖြစ်ပေါ်လျက်ရှိကြောင်း။

၎င်းပျောက်ဆုံးမဲ ၁၀၄၃၀၄၆ မဲနှင့် ပိုသုံး/အပို လက်ကျန်မဲ ၂၇၄၆၅၀ သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်နှင့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင် လုပ်ငန်း လမ်းညွှန်များနှင့် ညီညွတ်ခြင်းမရှိဘဲ မဲမသမာမှုများ ဖြစ်ပေါ်စေပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြု ခဲ့သော မဲစာရင်းများ စစ်ဆေးခြင်းနှင့် မဲလက်မှတ်များ မြေပြင်ကွင်းဆင်းစစ်ဆေး၍ တွေ့ရှိချက် များကို အသေးစိတ်ထုတ်ပြန် ကြေညာခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ဆေး တွေ့ရှိချက်များအရ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသော အချက်များကို တွေ့ရှိရ ပါကြောင်း။

(က) ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် Covid-19 ရောဂါ ဖြစ်ပွားမှုအပေါ် အကြောင်းပြု၍ ကြိုတင်မဲပေးမှု ၂၁ ဒသမ ၃၈ ရာခိုင်နှုန်း အထိရှိပြီး ယခင်ရွေးကောက်ပွဲ များထက် လွန်စွာများပြား၍ ဥပဒေနှင့်မညီသော ကြိုတင်မဲကောက်ခံမှုများကို တွေ့ရှိရခြင်း၊ (ခ) ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအနေဖြင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များ ကောက်ခံရာတွင် ကြိုတင်ဆန္ဒမဲ လက်ခံဖြတ်ပိုင်းများနှင့် ဆန္ဒမဲလက်မှတ် လက်ကျန်များကို ဥပဒေနှင့်အညီ အပ်နှံရန် ပျက်ကွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရခြင်း၊ (ဂ) ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ လက်ဝယ်တွင် ဆန္ဒမဲလက်မှတ်နှင့် အသုံးပြုပြီး လက်ခံဖြတ်ပိုင်းများ ကျန်ရှိနေကြောင်း စိစစ်တွေ့ရှိရခြင်း၊ (ဃ) ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အနေဖြင့် လက်ကျန်ဆန္ဒမဲလက်မှတ်နှင့် အသုံးပြု ပြီး လက်ခံဖြတ်ပိုင်းများကို ရွေးကောက် ပွဲပြီးနောက်ပိုင်းမှသာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ လာရောက်အပ်နှံခဲ့ခြင်းများကို စိစစ် တွေ့ရှိရခြင်း၊ (င) ကြိုတင်မဲများ၏ ဆန္ဒမဲ လက်မှတ် လက်ခံဖြတ်ပိုင်းများ၌ ဆန္ဒမဲပေးသူ၏အမည်၊ မဲစာရင်းအမှတ်စဉ်၊ မဲရုံအမှတ်၊ ရပ်ကွက်၊ ကျေးရွာ အမည်၊ လက်မှတ် သို့မဟုတ် လက်ဗွေတို့ကို ဖြည့်သွင်းရေးသားထားမှု မရှိဘဲ မဲပေးသုံးစွဲထားမှုများ စိစစ်တွေ့ရှိရခြင်း၊ (စ) နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ မဲစာရင်းတွင် အစုလိုက်အပြုံလိုက်ပါဝင်ပြီး မဲဆန္ဒရှင်သက်သေခံ လက်မှတ်များဖြင့်သာ နိုင်ငံသား စိစစ်ရေးကတ် မပါဘဲ မဲပေးမှုကို လက်ခံဆောင်ရွက်ခဲ့ ကြောင်း စိစစ်တွေ့ရှိရခြင်း။

ဥပဒေနှင့် ညီညွတ်မှုမရှိ

(ဆ) Covid-19 ရောဂါနှင့် စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အကြောင်းပြု ကာ ရွေးကောက်ပွဲကျင်းပရန် အချိန်နီးကပ်မှသာ ဥပဒေနှင့် ညီညွတ်မှုမရှိသော ညွှန်ကြား ချက်များ ထုတ်ပြန်၍ မဲစာရင်းများ ကောက်ခံမဲ ပေးစေခြင်း၊ ကြိုတင်မဲပေးစေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရခြင်း၊ (ဇ) ပုံစံ(၁) မဲစာရင်းစာအုပ်တွင် မဲဆန္ဒရှင်များ လက်မှတ်ရေးထိုးခြင်းမရှိဘဲ အမှန်ခြစ်အမှတ်အသားများ ရေးမှတ်၍ မဲလက်မှတ်များ ထုတ်ပေးခဲ့ကြောင်း စိစစ်တွေ့ရှိရခြင်း၊ (ဈ) မဲလက်မှတ်စာအုပ် တစ်အုပ်လျှင် စောင်ရေ ၅၀ သာ ပါဝင်ရမည်ဖြစ်သော်လည်း မဲလက်မှတ်များကို ရိုက်နှိပ်ဖြန့်ဝေစဉ်က မဲလက်မှတ် စာအုပ်များ တွင် စောင်ရေအပိုများ ပါဝင်နေကြောင်း စိစစ်တွေ့ရှိရခြင်း၊ (ည) မဲစာရင်းများပြုစုရန် အတွက်လူဦးရေစာရင်းအချက်အလက်များ ကောက်ယူရာတွင် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ က ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် လူဦးရေစာရင်း ကောက်ယူ ရေးလုပ်ငန်းအဖွဲ့က အဓိကဆောင်ရွက် ခဲ့ခြင်း၊ မဲဆန္ဒရှင်စာရင်းများ မြေပြင်ကောက်ယူရာတွင် NLD အစိုးရက ခန့်အပ်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အချို့နေရာများတွင် NLD ပါတီ၏အောင်နိုင်ရေးအဖွဲ့များ၊  ပူးပေါင်းကောက်ယူကြောင်း စိစစ်သိရှိရခြင်း။

ယင်းသို့ စာရင်းများ ကောက်ယူရာ တွင် ရပ်ကွက်/ ကျေးရွာအတွင်း အမှန်တကယ် နေထိုင်ခြင်း ရှိ/ မရှိ၊ နိုင်ငံသားစိစစ်ရေးကတ် ရှိ/ မရှိ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူ ဟုတ်/  မဟုတ် စိစစ်နိုင်ခြင်းမရှိခဲ့သည့်အတွက် မဲစာရင်းတွင် နိုင်ငံသား စိစစ်ရေးကတ် မရှိသူများ အစုလိုက် အပြုံလိုက် ပါဝင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ် တစ်ခုတည်းဖြင့် မဲစာရင်း နှစ်ကြိမ်၊ သုံးကြိမ်နှင့်အထက် ပါဝင်နေ ခြင်းတို့ကို စိစစ်တွေ့ရှိရ ပါကြောင်း၊ ထို့အပြင် ပထမအကြိမ် မဲစာရင်းကပ်ထား ကြေညာရာတွင် မှားယွင်းမှုကို အကြောင်းပြု၍ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် လ၄ ရက်နေ့တွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ် ခေါင်းဆောင်သည့် လဝက ဝန်ကြီး၊ ကော်မရှင်၊ ထွေ/အုပ်၊ လဝကတို့ ပါဝင်သော မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်း၊ ၎င်းအဖွဲ့၏ လုပ်ပိုင်ခွင့်ကို အခြေခံ၍ အဆင့်ဆင့်သော NLD ပါတီအောင်နိုင် ရေးအဖွဲ့များ၏ ဖိအားပေး၍ မဲစာရင်း ထည့်သွင်း စေခြင်းကို ရွေးကောက်ပွဲ နီးချိန်အထိ ဆောင်ရွက်ခြင်းများကြောင့်လည်း သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများက စိစစ်နိုင်ခြင်းမရှိဘဲ မဲစာရင်းပိုမို ဖောင်းပွမှားယွင်းခဲ့ခြင်းများကို သုံးသပ် တွေ့ရှိရပါကြောင်း။

မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ ပါဝင်

သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေအခန်း (၆) မဲစာရင်း ပြုစုခြင်းပါ ပုဒ်မ ၁၅(ဂ)တွင် “မဲဆန္ဒနယ် များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာ မဲဆန္ဒနယ်များ၏ မဲစာရင်း တစ်ခုမှအပ အခြားမဲဆန္ဒနယ်များ၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်း ပါဝင်ခြင်း မရှိစေရ”ဟု ပြဋ္ဌာန်းထားသော်လည်း မဲစာရင်းများ ကောက်ယူရာတွင် ဥပဒေနှင့် ညီညွတ် ခြင်းမရှိသော မှားယွင်းမှုများကို တွေ့ရှိရ ပါကြောင်း၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၉ (ခ)အရ မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ ပါဝင်ကြောင်း တွေ့ရှိလျှင် ထိုအမည်များကို မဲစာရင်းမှ ပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်း ထားသော်လည်း ပယ်ဖျက်ခြင်း မရှိဘဲ ထည့်သွင်းမဲပေးခဲ့ကြောင်း စိစစ်တွေ့ရှိရ ပါကြောင်း၊ (ဋ) အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန်အတွက် ရွေးကောက်ပွဲနေ့မတိုင်မီ ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ အထိဆောင်ရွက်နိုင်ကြောင်း၊ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထုတ်ပြန် ဆောင်ရွက်ခဲ့သည့်အတွက် ကြိုတင်ဆန္ဒမဲများကောက်ခံရာတွင် အချို့နေရာများ၌ NLD ပါတီ အောင်နိုင်ရေးအဖွဲ့များ ပါဝင် ၍ နေအိမ်များသို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ကြသဖြင့် ဥပဒေနှင့်မညီသော မဲပေးမှု ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပါကြောင်း။

Covid-19 ရောဂါနှင့် စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် အရ မိမိမဲဆန္ဒနယ်သို့ ပြန်လည် ဆန္ဒမဲပေးခြင်းမပြုနိုင်သည့် မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေး ရန် အသိပေးကြေညာချက်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၈ရက်နေ့နှင့် ညွှန်ကြားချက်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တို့တွင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းညွှန်ကြား ချက်များကြောင့် မဲစာရင်းများထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ အစုလိုက် အပြုံလိုက် မဲစာရင်းတွင် ထည့်သွင်း၍ မဲပေးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ (ဌ) မဲဆန္ဒရှင် များဆန္ဒမဲပေးသည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူ မဲဆန္ဒရှင်များ မဲပေးခွင့် ရရှိရေးအတွက် ယခင်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် ညွှန်ကြားချက် ထုတ်ပြန်၍ ဆောင်ရွက်ခဲ့သဖြင့် မဲရုံများတွင် နိုင်ငံသား စိစစ်ရေးကတ် စိစစ်မှုမပြုနိုင်သော မဲဆန္ဒရှင်သက်သေခံ လက်မှတ်များဖြင့် မဲပေးခဲ့ခြင်း၊ နိုင်ငံသား စိစစ်ရေးကတ် မရှိသူများ မဲပေးခွင့်ပြုခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် နှစ်ကြိမ်၊ သုံးကြိမ်နှင့်အထက် မဲစာရင်းတွင် ပါဝင်သူများ ( မဲပေးခွင့်ရရှိ ခဲ့ကြသဖြင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်မှုများရှိခဲ့ကြောင်း စိစစ်တွေ့ ရှိရခြင်း။

ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ အသုံးပြုခဲ့သည့် ဆန္ဒပြု အမှန်ခြစ်တံဆိပ် တုံးများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် UEC တံဆိပ်မပါရှိသည့် အမှန်ခြစ် တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက် မှတ်များကို တွေ့ရှိပါကလည်း ခိုင်လုံမဲအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ညွှန်ကြား ခဲ့ခြင်းသည်လည်း မဲရေတွက်မှုများတွင် ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ စိစစ်တွေ့ရှိ ရခြင်းများအားလုံး ခြုံငုံသုံးသပ်တွေ့ရှိရပါကြောင်း၊ စိစစ်တွေ့ရှိချက်များကိုလည်း နိုင်ငံပိုင် ရုပ်မြင်သံကြား၊ သတင်းစာများမှတစ်ဆင့် အထောက်အထားပြည့်စုံစွာဖြင့် နေ့စဉ် ထုတ်ပြန် ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လက်ရှိဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည်များကို ရှင်းလင်းတင်ပြ သွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဦးစီးသည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များသည် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးသို့ သွားရောက်၍ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်များကို မြေပြင်ကွင်းဆင်း စစ်ဆေးလျက် ရှိရာ ယခုအချိန် အထိ မြို့နယ်ပေါင်း ၂၉၄ မြို့နယ် စစ်ဆေးပြီးစီးပြီးဖြစ်၍ သတင်း ဆက်လက် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိစစ်ရန် ၂၁ မြို့နယ် ကျန်ရှိပြီး အဆိုပါ မြို့နယ်များသို့ သွားရောက်စစ်ဆေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကြုံတွေ့ရသော အားနည်းချက်များကို သုံးသပ်၍ နောင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ပိုမိုကောင်းမွန်စွာ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိ ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့ တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၍ နောင် ကျင်းပမည့် ရွေးကောက်ပွဲကို  အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အချိုးကျ ကိုယ်စားပြုစနစ် PR အပါအဝင် မြန်မာနိုင်ငံနှင့် သင့်လျော်မည့် ရွေးကောက်ပွဲစနစ် အသုံးပြုနိုင်ရေး ဆွေးနွေးခြင်း များကို ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော် တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက် သွားမည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်သည့် မဲစာရင်းစစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ လုပ်ငန်း တာဝန်များကိုဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

လူထုရင်ဖွင့်သံ သတင်းဌာနမှ အယ်ဒီတာ ဦးမင်းခေါင်က မဲစာရင်း စစ်ဆေးကြေညာချက် များတွင် ၁၅၉ မြို့နယ်စစ်ဆေးပြီးသည်ဟု အကြမ်းဖျင်း သိရကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲ ဝင်သော မြို့နယ်များအားလုံးကို မည်သည့်အချိန်တွင် အပြီးအပြတ် စစ်ဆေးနိုင်မည်ဟု ခန့်မှန်း ထားပါသလဲ သိလိုကြောင်း၊ ထပ်မံသိလိုသည်မှာပြီးခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံခြား  ငွေကိစ္စနှင့် ပတ်သက်ပြီး ဦးဌေးအောင်က တိုင်ကြားထားသည်ဟု သိရကြောင်း၊ အမေရိကန် သံရုံးကလည်း အမေရိကန် ဒေါ်လာ ၄၆ သန်းကို နိုင်ငံရေးပါတီ အပါအဝင် ရွေးကောက်ပွဲ အတွက် အသုံးစရိတ်အနေဖြင့် ချထားပေးသည်ဟုလည်း သိကြောင်း၊ အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး UEC အနေဖြင့် ဥပဒေနှင့်အညီ နည်းလမ်းတကျ ဘယ်လို စစ်ဆေးဖော်ထုတ်မလဲ ဆိုသည်ကိုသိလိုကြောင်း မေးမြန်းသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် နံပါတ်တစ်ပါလုပ်ဆောင်ချက် လုပ်ငန်းများကို ဆောင်ရွက်ကြောင်း ဦးစွာတင်ပြပြီး ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း ၁၉၄ မြို့နယ် တွေ့ရှိမှုများ နှင့်ပတ်သက်၍ ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ မြို့နယ်၂၉၄မြို့နယ် စစ်ဆေးပြီးကြောင်း၊ ရွေးကောက်ပွဲ ကျင်းပသည်မှာ ၃၁၅ မြို့နယ်ဖြစ်သောကြောင့် စစ်ဆေးရန် ၂၁ မြို့နယ်သာ ကျန်ရှိကြောင်း၊ ယင်းကျန်ရှိသည့် မြို့နယ်များအား လက်ရှိစစ်ဆေးနေပြီး စစ်ဆေးခြင်း လုပ်ငန်း များကို ယခုလအတွင်း ပြီးစီးမည်ဖြစ်ကာ ထုတ်ပြန်ခြင်း လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အမြန်ပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ငွေကြေးကိစ္စနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတွင်လည်း နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ လိုက်နာရမည့်အချက်များရှိကြောင်း၊ နိုင်ငံရေး ပါတီများ  ရပ်တည်ပိုင်ခွင့်မရှိသည့် ဥပဒေပုဒ်မများလည်းရှိကြောင်း၊ ယင်းအထဲတွင် နိုင်ငံခြားငွေ အထောက်အပံ့ရယူခြင်း ကိစ္စသည်လည်း ပါဝင်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ယခင် သတင်းစာ ရှင်းလင်းပွဲတွင်လည်း ဖြေကြားပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အဆိုပါ သတင်းအချက်အလက်နှင့် ပတ်သက်ပြီးတိကျ ပြည့်စုံသည့် အချက် အလက်များ ရရှိပါက ဥပဒေနှင့်အညီ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

နေပြည်တော်တိုင်းမ် သတင်းဌာနမှ အယ်ဒီတာ ဦးမင်းမောင်က UEC အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ဥပဒေများ ပြင်ဆင်ရန်ရှိသည်ဟု ကြားသိထားရသည့်အတွက် ဥပဒေ ပြင်ဆင်ရန် ရှိ၊ မရှိနှင့် ပြင်ဆင်မည်ဆိုပါက အဘယ်ကြောင့်ပြင်ဆင်ရသည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက UEC ကဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် နှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲကို သုံးသပ်ပြီး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်နိုင်ရေးအတွက် စိစစ်သုံးသပ်ဆောင်ရွက်လျက်ရှိသည်ကို ရှင်းလင်းတင်ပြပြီးဖြစ်ကြောင်း၊ အဖွဲ့အစည်းတစ်ခုတွင် ဥပဒေမူဘောင်သည် အရေးကြီးကြောင်း၊ အရေးကြီးသည့် အတွက်လည်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့ရ သည့် ချို့ယွင်းအားနည်းချက် များအပေါ်မှာ သုံးသပ်ပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ များကို သုံးသပ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်သည့် လုပ်ငန်းစဉ်မှာလည်း အသစ်အဆန်း မဟုတ်ကြောင်း၊ ရွေးကောက်ပွဲတစ်ခု ပြီးတိုင်း၊ ပြီးတိုင်း Review ပြန်လုပ်ပြီး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

မဲစာရင်းများ ပြုစုရမည်

ယခုလည်း ရွေးကောက်ပွဲတွင် မဲစာရင်းနှင့် ပတ်သက်၍ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများနှင့် ပတ်သက် ၍ ပြဋ္ဌာန်းထားသည်မှာရွေးကောက်ပွဲကျင်းပသည့် နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ မဲစာရင်းတွင် ပါဝင်သူဆိုလျှင် မဲပေး၍ရရှိကြောင်း၊ သို့သော် နည်းဥပဒေအရ အသေးစိတ် ဆောင်ရွက်သည့်အခါတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူဆိုသည်မှာ သက်သေခံကတ်ပြား၊ သက်သေခံ လက်မှတ်များရှိမှသာ တိကျမှန်ကန် မည်ဖြစ်ကြောင်း၊ အသက်လည်း တိကျမည်ဖြစ်ပြီး နိုင်ငံသားလည်း တိကျမည်ဖြစ်သည့်အတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများတွင် အဆိုပါ လက်မှတ်များ ကိုင်ဆောင်သည့် သူဆိုသည် မျိုးထည့်သွင်းရန် စဉ်းစား သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပိုပြီးတိကျမှု၊ မှန်ကန်မှုရှိရန် ဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ ယင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ပတ်သက်ပြီး သုံးသပ်ခြင်းဖြစ်ကြောင်း၊ မဲစာရင်း ပြုစုခြင်းအပိုင်းတွင်လည်း ဥပဒေအရ မဲစာရင်းများကို ရပ်/ကျေးနှင့် မြို့နယ် ကော်မရှင်မှ ပြုစုရမည်ဖြစ်ကြောင်း။

ယင်းသို့ ပြုစုရာတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးမှ ကောက်သည့် မဲစာရင်းများ၊ လဝက

စာရင်းတို့ကို အခြေခံ၍ ပြုစုရကြောင်း၊ အမှန်တကယ် ကောက်ခံရာတွင် ရပ်/ ကျေးမှ တာဝန် ယူပြီး အဓိကဆောင်ရွက် သည့်အခါတွင် မှားယွင်းမှုများ များစွာကြုံတွေ့ရကြောင်း၊ ထို့ကြောင့် ပိုပြီးစနစ်ကျစေရန် မဲစာရင်းများကို ပြုစုရရာတွင် မြို့နယ်ကတာဝန်ခံပြီး သက်ဆိုင်ရာ ထွေအုပ်၊ လဝကတို့ အကူအညီရယူပြီး ပြုစုရန်လိုကြောင်း၊ ယင်းသို့ပြုစုရာတွင် ဆန္ဒမဲအတွက် သက်သေ ခံကတ်ပြားလည်း ရှိရမည်။ ယင်းဒေသတွင် အမှန် တကယ်နေထိုင်ကြောင်း အိမ်ထောင်စု စာရင်းလည်း ရှိရန်လိုကြောင်း၊ ရပ်/ကျေး အိမ်ထောင်စုစာရင်းတွင်လည်း အမှန်တကယ် ရှိမည်ဆိုပါက ဖောင်းပွမှုများ မဖြစ်ဘဲ မှန်မှန်ကန်ကန် တိတိကျကျဖြစ်ပြီး မဲစာရင်းများ ပြုစုခြင်းအပိုင်းကိုလည်း စနစ်တကျ ပိုမိုကောင်းမွန်မည့် အစီအစဉ်များရှိကြောင်း၊ အလားတူပဲ ရက်ပေါင်း ၉၀ အထက် မဲဆန္ဒနယ် ပြင်ပရောက်နေသူသည် သက်ဆိုင်ရာရောက်နေသည့် မဲဆန္ဒနယ်တွင် မဲပေးခွင့်ဆိုသည့် ကိစ္စသည် အမှန်တကယ် အဆိုပါ မဲဆန္ဒရှင်များသည် မူလ နေရာတွင်လည်း ပါရှိပြီးပြောင်းရွှေ့ နေထိုင်သည့် နေရာတွင်လည်း မဲပေးခွင့်စာရင်းတွင် ပါရှိနေ သည့်အတွက် မဲစာရင်းများဖောင်းပွမှု ရှိကြောင်း။

အားလုံးပူးပေါင်းဆောင်ရွက်မည်

ထို့အပြင် တိုင်းရင်းသားများအနေဖြင့် ၎င်းတို့ဒေသတွင် ယင်းပြောင်းရွှေ့ နေထိုင်သူများ၏ မဲစာရင်းကြောင့် မိမိ နယ်မြေဒေသ၏ သဘောဆန္ဒနှင့် ကွာဟမှုရှိနေသည်ကို တင်ပြခြင်းများ ရှိကြောင်း၊ ထို့ကြောင့် ရက် ၉၀ နှင့်အထက် မဲဆန္ဒနယ် ပြင်ပရောက်ရှိနေ သည့် မဲဆန္ဒရှင်များ အနေဖြင့် သက်ဆိုင်ရာ ရောက်နေသည့်ဒေသတွင် မဲပေးခွင့်ဆိုသည့် ကိစ္စများကိုလည်း ပယ်ဖျက်ရန် လိုအပ်သည်အထိ စဉ်းစားထားကြောင်း၊ ထိုသို့ ပယ်ဖျက်မည်ဆိုပါက ၎င်းနှင့် ဆက်စပ်နေသည့်ဥပဒေများ၊ နည်းဥပဒေများကိုလည်း ပြင်ဆင်ရန်လိုအပ်မည် ဖြစ်ကြောင်း၊ ဥပဒေတစ်ခုကို ဆောင်ရွက်ရာတွင် တိကျရမည်၊ မှန်ကန်မှုလည်း ရှိရမည်၊ လက်ရှိ အခြေအနေနှင့်လည်း ဆီလျော်မှန်ကန်မှုလည်း ရှိရမည်။ လက်တွေ့လည်း ကျရမည်၊ ထိုသို့ ဥပဒေများ၊ မူဝါဒများကို အခြေခံထား၍ ဆောင်ရွက်ရကြောင်း၊ အလားတူ ဥပဒေအရ ဆက်စပ်နေသည်များရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ၊ အခြားဥပဒေတွေ၊ ဥပဒေ တစ်ခုတည်းမှာပဲ တခြားပုဒ်မများ ရှိခြင်းကြောင့် အဆိုပါ ဥပဒေများနှင့်လည်း လိုက်လျော ညီထွေဖြစ်စေရန် စိစစ်ပြီးမှ ပြင်ဆင်ရေး ကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ ပါဝင်သည့် State Holder များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အားလုံးပူးပေါင်း စဉ်းစားသုံးသပ်ပြီးမှ ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြား သည်။

BBC သတင်းဌာနမှ သတင်းထောက် ဦးနန္ဒက ကျင်းပခဲ့သည့် ရွေးကောက်ပွဲ များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်သူအကုန်ယူစနစ်ကို ကျင့်သုံးထား သည်ကိုသိရကြောင်း၊ အခု PR စနစ်ကို ပြန်လည်ပြင်မည်ဆိုပါက ၂၀၀၈ ခုနှစ် အခြေခံဥပဒေနှင့် In Line ဖြစ်မလား။ နောက်ပြီး ဥပဒေကိုပြင်ဆင်မည်ဆိုပါက လွှတ်တော်များ ရပ်နားထားသည့် အတွက် ဥပဒေပြင်ဆင်မှုမှာ ပြည်သူကို ကိုယ်စားပြုသည့်လူများ ပါဝင်မှုသည် ဘယ်လောက်ဖြစ်မလဲ၊ လက်ရှိ ရွေးကောက်ပွဲ စနစ်နှင့် ပြည်သူများက ယဉ်ပါးမှုရှိခါစဖြစ်သည့်အချိန်မှာ PR စနစ်ပြောင်းသွားမည်ဆိုပါက ပြည်သူ များကို ပညာပေးမှုများအနေနှင့် UEC အနေဖြင့် မည်သို့လုပ်ဆောင်သွားမည်ကို သိလိုကြကြောင်း၊ ယင်းသို့ဆောင်ရွက်ရန် အချိန်လုံလောက်မှု ရှိ/ မရှိ သိလိုပါကြောင်း၊ ပထမအကြိမ်လွှတ်တော် ကတည်းက ယင်းကိစ္စများကို ဆွေးနွေး ပြီး အဖြေမပေါ်ခဲ့ခြင်းကြောင့် အခုလို ကာလတိုအတွင်းမှာ ဒါတွေကို လုပ်မည် ဆိုပါက အဆင်ပြေနိုင်ပါ့မလား သိလိုကြောင်း၊ ၂၁ ရက်နေ့တွင် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ၌ NLD ပါတီကို ဖိတ်ကြား ထားပါသလား သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက PR စနစ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင်လည်း PR စနစ်နှင့် ပတ်သက်သည့် အခြေခံအချက် အလက်များကို အကြမ်းဖျင်းရှင်းလင်း ခဲ့ကြောင်း၊ အလားတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်ပြုလုပ်ခဲ့ သည့် အစည်းအဝေးတွင် နိုင်ငံရေးပါတီ များမှလည်း ယင်းနှင့်ပတ်သက်၍ တင်ပြ ခဲ့သည်များလည်းရှိကြောင်း၊ PR နှင့် ပတ်သက်၍ နိုင်ငံရေးပါတီများကလည်း စာတမ်း များ ပြုစုပေးပို့ရန် ပြောသည့်အတွက် လက်ရှိအချိန်အထိ နိုင်ငံရေး ပါတီ ကိုးခုမှ စာတမ်း များလည်း ရရှိပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေဖြင့်လည်း PR စနစ် ကျင့်သုံးနိုင်မှုအခြေအနေနှင့် ပတ်သက်၍ ယခင် ၂၀၁၀ ခုနှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၅ ခုနှစ်များတွင် သုံးသပ်ထားသည့် စာတမ်းများလည်းရှိကြောင်း၊ အလားတူ လွှတ်တော်တွင်လည်း ၂၀၁၄ ခုနှစ်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှာလည်း PR စနစ်ကျင့်သုံး နိုင်ရေးနှင့် ပတ်သက်သည့် အစီရင်ခံစာများ ရှိကြောင်း၊ အမျိုးသားလွှတ်တော် တွင် PR နှင့်ပတ်သက်ပြီး လုပ်ဆောင်နိုင်သည့် အနေအထားမျိုးနှင့် အဆိုကို  အတည်ပြုပြီး အကောင်အထည်ဖော်ရန် အဆင့်အထိ ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအခြေအနေမျိုးများကို လွှတ်တော်မှာရော၊ ကော်မရှင်မှာပါ ဆောင်ရွက်ထားသည့် အနေအထားရှိကြောင်း၊ ပါတီများ၏ တင်ပြချက် များလည်းရှိကြောင်း၊ အလားတူ ကော်မရှင်အနေဖြင့်လည်း လေ့လာသုံးသပ်ထားမှုများလည်း ရှိပြီး ဖြစ်ကြောင်း၊ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဆိုလျှင် ဆောင်ရွက်၍ရသည့် အနေအထားမျိုးရှိကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့မှာလည်း လိုအပ်သည့်ဥပဒေ ပြင်ဆင်လိုက်ပါက ဆောင်ရွက်နိုင်သည့် အနေ အထားမျိုးကို ကနဦးသုံးသပ်တွေ့ရှိထားကြောင်း၊ ထိုဥပဒေ ပြင်ဆင်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာ များရှိပြီးဖြစ်သည့်အတွက် ပြင်ဆင်နိုင်သည့် ဥပဒေများကိုလည်း ပြင်ဆင်နိုင်ကြောင်း၊ နည်း ဥပဒေကို ကော်မရှင်အနေဖြင့် ပြင်နိုင် ခွင့်ရှိသည့်အတွက် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ပြင်ဆင်နိုင်ကြောင်း၊ ယင်းကိစ္စများကိုလည်း သုံးသပ်ပြီးမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုအခြေအနေများ ကိုလည်း ကော်မရှင်အနေဖြင့် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ PR စနစ်နှင့် ပတ်သက်၍ လုပ်ကိုင် ဆောင်ရွက်မည်ဆိုပါက သေချာ လေ့လာရမည်ဖြစ်ကြောင်း၊ ဥပဒေမူဘောင်ကိုလည်း ကြည့်ရမည် ဖြစ်ကြောင်း၊ ပညာပေးမှုကို လုပ်ဆောင်ရ မည်ဖြစ်၍ အချိန်ကာလကန့်သတ်ချက် တချို့ လိုမည်ဖြစ်ကြောင်း၊ သို့သော်လည်း PR စနစ်တွင်လည်း မျိုးစုံရှိကြောင်း၊ ရှင်းလင်းလွယ်ကူသည့် နည်းများရှိသည့် အတွက် မြန်မာနိုင်ငံနှင့် သင့်လျော်မည်၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်း ပုံနှင့် မြန်မာလူမျိုးများ၏ အခြေအနေနှင့် ကိုက်ညီသည့် စနစ်များဆိုလျှင် နိုင်ငံတော်၏အကျိုးအတွက်ဆောင်ရွက် ရမည့် အနေအထားမျိုးရှိကြောင်း၊ နိုင်ငံရေးပါတီများနှင့် ၂၁ ရက်နေ့တွင် တွေ့ဆုံမည့် ကိစ္စနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင် အနေဖြင့် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီအားလုံးကို ဖိတ်ကြားတာဖြစ်သည့်အတွက် NLD ပါတီကိုလည်း ဖိတ်ကြားကြောင်း၊ ယခင် အစည်းအဝေးများတွင် လည်းဖိတ်ကြားခဲ့ကြောင်း၊ နိုင်ငံရေး ပါတီ ၉၃ ပါတီတွင် နှစ်ပါတီသည် ယာယီ ရပ်ဆိုင်းထားသဖြင့် ကျန် ၉၁ ပါတီ အားလုံးကို ဖိတ်ကြားထားကြောင်း ဖြေကြားသည်။ ။

Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေး က မိမိအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာကြည့်ရာတွင် ပုဒ်မ ၄၀၇ နိုင်ငံရေးပါတီများ ရပ်တည်ခွင့်မှာ ပါတီ တစ်ခုသည် တိုင်းတစ်ပါး၏ အထောက်အပံ့ ရယူလျှင် ၄၀၇(ဃ) အရ နိုင်ငံရေးပါတီ စည်းကမ်းချက်နှင့်မညီကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းများ၊ မတရား အသင်းများကို ထောက်ခံလျှင်လည်း နိုင်ငံရေးပါတီဥပဒေနှင့်မညီကြောင်းကိုလေ့လာတွေ့ရှိရကြောင်း၊ NUG အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့်အတွက် NLD ပါတီက NUG ကို ဖွဲ့စည်းခြင်း ကြေညာပြီးသည့်နေ့တွင် ၎င်းကို ထောက်ခံသည်ကို ကြေညာထားသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် NLD အနေဖြင့် နိုင်ငံရေး ပါတီများ ရပ်တည်ခွင့်ကို ဥပဒေအရ ချိုးဖောက်နေသည်ကို တွေ့ရကြောင်း၊ ဒါတွေကို ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မည်သို့ဆုံးဖြတ်ချက် တွေချမည်ဆိုသည်ကို အများပြည်သူများ သိရှိစေရန် ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတင်းထောက်ကြီး ပြောသွားသည့် ဥပဒေ ပြဋ္ဌာန်းချက်များရှိကြောင်း၊ ပုဒ်မ ၄၀၇ အရ နိုင်ငံရေးပါတီများ ဆက်လက် ရပ်တည်ခွင့်ဆိုသည့် ပုဒ်မများရှိကြောင်း၊ ပုဒ်မ ၄၀၇ မှာ နိုင်ငံရေးပါတီများ ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိသည့် အထဲတွင် တည်ဆဲဥပဒေအရ မတရား အသင်းအဖြစ် ကြေညာခံရလျှင် ရပ်တည်၍မရကြောင်း၊ နိုင်ငံတော်ကို လက်နက် ဆွဲကိုင် တော်လှန်ပုန်ကန်နေသည့် သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန် သည်ဟု နိုင်ငံတော်မှ သတ်မှတ်သည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသည့် အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊  သွယ်ဝိုက်၍ ဖြစ်စေ ဆက်သွယ်ခြင်း၊ သို့မဟုတ် အားပေးကူညီခြင်း၊ နိုင်ငံခြားတိုင်းပြည်တစ်ခုမှ အစိုးရ သို့မဟုတ်  ဘာသာရေးအသင်း အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခုမှ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေးပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း၊ ဘာသာရေးကို နိုင်ငံရေး အတွက်အလွဲသုံးစားပြုခြင်း စသည့် အချက် လေးချက်ရှိကြောင်း၊ အဆိုပါ အချက်လေးချက် ငြိစွန်းကြောင်းကို မှတ်ပုံတင်ခွင့်ပေးနိုင်သည့် အဖွဲ့ အစည်းမှ တွေ့ရှိပါက မှတ်ပုံတင်ခွင့်ပြုနိုင်သည့် အဖွဲ့အစည်းသည် UEC ဖြစ်ကြောင်း။

ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းခံရမည်

ယင်းအချက်များနှင့် ငြိစွန်းသည်ကိုတွေ့လျှင် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းကို ပယ်ဖျက်ရ မည်ဆိုပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်ပါကြောင်း၊ အလားတူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ တွင်လည်း ထိုအချက်အလက် များ ပါဝင်ကြောင်း၊ ထို့အတူ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၅ တွင်လည်း ရပ်တည်နိုင်ခွင့်မရှိသည့် ကိစ္စများ ပါဝင်ကြောင်း၊ ထို့ကြောင့် CRPH,NUG နှင့် PDF တို့အား နိုင်ငံတော် မှ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ကြေညာထားကြောင်း၊ ယင်းတို့နှင့် ဆက်စပ်ပြီး ဥပဒေများ၊ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းသည် ဆိုပါက ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ခံရမည်ဖြစ်ကြောင်း၊ UEC အနေဖြင့် လက်ရှိ အခြေအနေတွင် လုပ်ငန်းစဉ်(၁)ပါ လုပ်ငန်းစဉ်များအား ဆောင်ရွက်နေသည့် အနေအထားတွင် ရှိကြောင်း၊ UEC အနေဖြင့် ယင်းတို့ကို တွေ့ရှိပါက ဥပဒေနှင့်အညီဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်ရှိကြောင်း ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)