Skip to main content

ဆန်စျေးနှုန်းတည်ငြိမ်မှုရှိစေရေး နှင့် ပြည်တွင်း ဆန်ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိ

ရန်ကုန် မေ ၇

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စျေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ပြည်တွင်း ဆန်ပြတ်လပ်မှု မရှိစေရေးနှင့် ဆန်လိုအပ်သည့် ဒေသများတွင် ဆန်သိုလှောင် ရောင်းချနိုင်ရေး တို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် ထံမှ သိရသည်။

“လတ်တလော ဦးစားပေး ဆောင်ရွက်နေတာကတော့ ပြည်တွင်းစားသုံးမှုအတွက် ဆန်စျေးနှုန်း တည်ငြိမ်ဖို့ ဆန်မပြတ်လပ်ဖို့ နောက်ပြီး ဆန်လိုအပ်တဲ့ ဒေသတွေ ရှိတယ်။ ဆန်လိုအပ်တဲ့ ဒေသတွေမှာ ဆန်တွေကို သယ်ယူပို့ဆောင်ပြီးတော့ သိုလှောင်ပြီး ရောင်းချနိုင်အောင် ဒါလေးတွေကို လတ်တလော ဒီကာလမှာ ဆန်စပါးအသင်းချုပ်နဲ့ ကုန်သည်တွေ၊ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်နေတာ ရှိပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ဆက်လက်၍ ၄င်းက “ ဦးစားပေး ဆောင်ရွက်နေတာကတော့ ပြည်တွင်းမှာ ဆန်စျေးနှုန်း တည်ငြိမ်ဖို့ပါ။ ကုန်စည်ဒိုင်တွေဆိုရင် အဓိကကျတဲ့ မြို့ကြီးတွေမှာလည်း ရှိတယ်။ နယ်မြို့တွေမှာ လည်းရှိတယ်။ ကုန်စည်ဒိုင်တွေနဲ့ လက်လီဒိုင်တွေမှာ ဆန်တွေကို လွယ်လွယ် ကူကူ ပုံမှန်အတိုင်းနီးပါး ဖြန့်ဖြူးနိုင်ဖို့၊ ဒါမှလည်း စားသုံးသူပြည်သူလူထုအတွက် ပုံမှန်ဆန်စျေးနှုန်း ထိန်းထားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီကာလမှာတော့ တချို့ဆန်အမျိုးအစားတွေ စျေးတက်တာ တွေ့ရတယ်။ အဓိက စျေးတက်တဲ့အကြောင်းရင်း ကလည်း ဘဏ်တွေကနေ ငွေလွှဲတဲ့လုပ်ငန်းတွေ အခက်အခဲဖြစ်တော့ ကုန်စည်မှာ စျေးတက်မှုလေးတွေ ကြုံတွေ့ရတယ်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ပြတ်တောက်တော့ တချို့ဆန်တွေမှာ စျေးတက်တာ တွေ့ရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့မှုအနေဖြင့် လတ်တလောတွင် ကျဆင်းနေပြီး ပုံမှန်ဆန်တင်ပို့မှု ၏ ၄၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း ယခုနှစ်နွေစပါးပေါ်ချိန်တွင် ပြည်ပဆန်တင်ပို့မှု ပြန်လည် မြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က သုံးသပ်ထား သည်။

“ ပြည်ပဆန်တင်ပို့မှုက လတ်တလော အခြေအနေမှာ ကျဆင်းနေတယ်။  ပြည်ပ ဆန်တင်ပို့တဲ့ လုပ်ငန်းကတော့ နှစ်လသုံးလလောက်အထိ ကြိုတင်ပြင်ဆင် စာချုပ်ချုပ်ပြီးတော့ လုပ်ရတဲ့ လုပ်ငန်းဖြစ်တော့ ဒီဇင်ဘာလက ချုပ်ထားတဲ့ စာချုပ်တွေက ဖေဖော်ဝါရီ၊ မတ်လတွေမှာ တင်ပို့ရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီကာလမှာ  သုံးသပ် ကြည့်တာတော့ ဖေဖော်ဝါရီ၊ မတ်လရဲ့ ပြည်ပတင်ပို့မှုက တော်တော်ကို လျော့နည်းကျဆင်းနေပါတယ်။ တစ်နည်းအားဖြင့် ပြောရင် ပုံမှန်တင်ပို့မှုရဲ့ ၄ဝ ရာခိုင်နှုန်း၊ ၅ဝ ရာခိုင်နှုန်းလောက်က လျော့နည်းတဲ့ သဘော ရှိပါတယ်။ ဒါပေမယ့် နွေစပါးပေါ်ချိန်တွေ မှာတော့ ပြည်ပတင်ပို့မှု လုပ်နိုင်တဲ့အနေအထား ရှိကောင်း ရှိလာနိုင်ပါတယ်” ဟု ဦးရဲမင်းအောင်က သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းဆန်စားသုံးမှု ၈ဝရာခိုင်နှုန်းရှိပြီး ပြည်ပဆန်တင်ပို့မှု ၂ဝရာခိုင်နှုန်း ခန့်သာရှိကြောင်း ယခင်နှစ်က နွေစပါးစိုက်ဧက ၂ သန်းခန့်ရှိပြီး မိုးစပါး စိုက်ဧက ၁၅ သန်း ခန့်ရှိကြောင်း စပါးစိုက်ပျိုးမှု၏ ၈ဝ ရာခိုင်နှုန်းခန့်တွင် မိုးစပါးမှ အများဆုံးထွက်ရှိကြောင်း ဆန်စပါးအသင်းချုပ်က သိရသည်။

“ အခုဆိုရင် နွေစပါးက ၂၀ ရာခိုင်နှုန်းလောက် စျေးကွက်ထဲ ဝင်လာပြီ။ မေလဆန်းဆိုရင် အုံနဲ့ကျင်းနဲ့ ပေါ်လာပြီ။ စပါးစျေးကလည်း ကျဆင်းနေတဲ့ အနေအထားကို တွေ့ရတယ်။ အဓိက ငွေကြေးလည်ပတ်မှု အားနည်းတဲ့အပေါ်မှာ ဆန်စက်ပိုင်ရှင်တွေ ဆန်ကုန်သည်တွေက စပါးဝယ်ဖို့အတွက် ငွေကြေးအခက်အခဲ ရှိတဲ့အခါမှာ မဝယ်နိုင်ဘူး။ မဝယ်နိုင်တဲ့အခါမှာ စျေးကျတဲ့အနေအထား တွေ့ရတယ်။  နိုင်ငံတော်က သတ်မှတ်ထားတဲ့ အခြေခံစျေးနှုန်းအောက် မကျအောင် သက်ဆိုင်တဲ့ ကုန်သည်တွေ ကုမ္ပဏီတွေကနေဝယ်ဖို့ ငွေကြေးလည်ပတ်မှု လိုအပ်ပါတယ်” ဟု ဦးရဲမင်းအောင် က ပြောသည်။

မြန်မာနိုင်ငံတွင် မိုးစပါးကို ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး မိုးစပါး စိုက်ပျိုးရန်အတွက် လိုအပ်သည့် စိုက်ပျိုးရေး သွင်းအားစုများကို အချိန်မီ ပြည်ပမှ တင်သွင်းရန် လိုအပ်ကြောင်း လတ်တလော အခြေအနေများအရ စိုက်ပျိုးရေးသွင်းအားစုများ စျေးနှုန်း မြင့်တက်လာနိုင်သည့် အတွက် မိုးစပါးစိုက်ပျိုးမှုကို မထိခိုက်စေရေး ဆောင်ရွက်ရန် လိုအပ် ကြောင်း ဦးရဲမင်းအောင်က သုံးသပ်ပြောကြားသည်။

“မိုးစပါးက ဇွန်လမှာ စတင်စိုက်ပျိုးပါတယ်။ ဓာတ်မြေသြဇာတွေ စိုက်ပျိုရေး သွင်းအားစုတွေက ပြည်တွင်းမှာ ထုတ်လုပ်မှုနည်းတဲ့အတွက် နိုင်ငံခြားကနေ တင်သွင်းရတာဖြစ်တဲ့အတွက် ကြောင့် အချိန်မီ  ပြည်တွင်းရောက်ဖို့ လိုအပ်ပါတယ်။ အဲဒီလို ရောက်ဖို့အတွက် အခုအချိန် ကတည်းက နိုင်ငံတကာကနေဝယ်ယူတာတွေ တင်သွင်း တာတွေလုပ်ရမယ်။ မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှုက ကျွန်တော်တို့နိုင်ငံရဲ့ ရိက္ခာဖူလုံမှုနဲ့ ဆက်စပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် မိုးစပါးစိုက်ပျိုးတဲ့ အချိန်ကာလမှာ စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းတွေလွယ်ကူပြီး ပုံမှန်အတိုင်း လုပ်နိုင်ဖို့ အစိုးရဘက်ကရော အသင်းအဖွဲ့တွေ ဘက်ကရော အားလုံးဝိုင်းဝန်းပြီး လုပ်ပေးဖို့ လိုအပ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

 

(သတင်းနှင့်ဓာတ်ပုံ/လင်းလက်)