နေပြည်တော် မေ ၂
ကယားပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်း သူများ နှင့်သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို မေ ၁ ရက် နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ ကယားပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဦးခင်မောင်ဦး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဉီး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ မြို့မိမြို့ဖများ၊ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများမှကိုယ်စားလှယ်များနှင့် မသန်စွမ်းပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအပိုင်းတွင် ၎င်းတို့ တည်ထောင်ဖွင့်လှစ်ထားရှိသော ပရဟိတဂေဟာများနှင့် ဘိုးဘွားရိပ်သာများအတွက် ထောက်ပံ့ငွေပေးအပ်လျက်ရှိပါကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအပိုင်းတွင် ၂၀၁၄ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ လုပ်ငန်းစဉ်နှင့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ (၂၀၁၆)ပါ သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရေးတို့အတွက် လူမှုရေး ပင်စင်ထောက်ပံ့ ခြင်းအစီအစဉ် အဖြစ် အသက် (၉၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများကို တစ်ဦးကို တစ်လလျှင် ကျပ် တစ်သောင်းနှုန်း ဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးရာ နောက်ပိုင်းတွင် အကျုံးဝင် အသက်ကို အသက် (၉၀)မှ အသက် (၈၅) နှစ်သို့လျှော့ချ၍ ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း။
ယနေ့အခမ်းအနားတွင် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေး အပ်ခြင်းအစီအစဉ် ပါဝင်သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ထားသည့် အခြေအနေများကို အနည်းငယ် ဖြည့်စွက်ရှင်းလင်းတင်ပြ လိုပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်း ရှင်းအား အဖွဲ့၀င်နိုင်ငံအဖြစ် လက်မှတ်ရေးထိုး ခဲ့ပြီး နိုင်ငံတကာစံနှုန်းများကို ပြည့်မီစေနိုင်ရန် မသန်စွမ်းသူများအတွက် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဥပဒေနှင့်အညီ နည်းဥပဒေများ (၂၀၁၇)ကို ရေးဆွဲချမှတ်ခဲ့ပါကြောင်း၊ ယင်းဥပဒေ၊ နည်းဥပဒေများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီ၊ လုပ်ငန်းကော်မတီများအပြင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယင်းကော်မတီများတွင် ဆက်စပ်ဝန်ကြီးဌာနများအပြင် မသန်စွမ်းမှုဆိုင်ရာ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များကိုလည်း ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ မသန်စွမ်းသူများ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်း၊ အစိုးရနှင့် အခြားအဖွဲ့အစည်းများက ဖွင့်လှစ်သည့်သင်တန်းများ၊ အများပြည်သူအတွက် ထောက်ပံ့ပေးသည့်ဝန်ဆောင်မှုများ ရရှိခံစားနိုင်ရေးအတွက် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း စနစ်တစ်ရပ် ပေါ်ထွက်လာစေရန်အတွက် ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အေဂျင်စီ များ၊ INGO, NGO များ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါ ကြောင်း။
မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသော လူ့အဖွဲ့ အစည်းတစ်ရပ် ဖြစ်လာ စေရေး၊ ထိခိုက်လွယ် အုပ်စုများကို ပိုမိုပံ့ပိုးနိုင်ရေး၊ ဝန်ကြီးဌာန အနေဖြင့် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အခြေခံကျသော စာရင်း ဇယားအချက်အလက်များ ရရှိနိုင်ရေးနှင့် အကျိုးခံစားခွင့်ရှိသည့် ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသည့် ဒေသအာဏာ ပိုင်အုပ်ချုပ် ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူ လူထု တစ်ရပ်လုံးက ဆက်လက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကယားပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးခင်မောင်ဦးနှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က အမှာစကားပြောကြားကြပြီး ပြည်ထောင်စုဝန် ကြီးနှင့် တာဝန်ရှိသူများက ကယားပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေကျပ် ၇၁၇ ဒသမ ၂၄ သိန်း၊ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အို (၈၆၈) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၂၆၀ ဒသမ ၄ သိန်း၊ ကယားပြည်နယ် အတွင်းရှိ မသန်စွမ်းသူ (၁၁၃) ဦး အတွက် ထောက်ပံ့ငွေကျပ် ၃၃ ဒသမ ၉ သိန်း၊ ထောက်ပံ့ ငွေကျပ် စုစုပေါင်း (၁၀၁၁ ဒသမ ၅၄ သိန်း)ကို ကယားပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ပြီး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများက မြို့နယ်အလိုက်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များထံ အဆိုပါထောက်ပံ့ငွေများကို ဆက်လက်ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ကောင်စီဥက္ကဌ တို့သည် လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို တက်ရောက်လာသည့် အသက်(၈၅)နှစ်အထက် ဘိုးဘွားများထံ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်သည်။
ထို့နောက် တက်ရောက်လာသူများကိုယ်စား လွိုင်ကော်မြို့၊ တပ်ဦးပရဟိတဂေဟာမှ ဂေဟာကော်မတီ ဥက္ကဌ၊ ဦးစန်းတင့် က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကယားပြည်နယ်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သည့် လွိုင်ကော်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများ နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ကြားကာလအစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ရမှုအခြေအနေ များနှင့် လတ်တလောဆောင်ရွက်ချက်များ၊ နိုင်ငံဝန်ထမ်းများအနေဖြင့် ထားရှိအပ်သော ခံယူချက်သဘောထားနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းများကိုထိရောက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားပြီး တက်ရောက်လာသူဝန်ထမ်းများက တင်ပြလိုသည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ် ဖယ်ခုံမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနလက်အောက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း (ဖယ်ခုံ)သို့ရောက်ရှိရာ စခန်းအတွင်း ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ဝန်ကြီးဌာနဘတ်ဂျက်ဖြင့် ပိုင်ဖြိုးခန့်ကုမ္ပဏီမှ ငွေကျပ် (၅၆ ဒသမ ၅၅၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော စခန်းအဝင်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို စခန်းတာဝန်ခံနှင့် တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီမှတာဝန်ရှိသူက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အရည်အသွေးကြံ့ခိုင် ကောင်းမွန်ရေး၊ သတ်မှတ်လျာထားသည့်အတိုင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်ရေး တို့အတွက် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)