ပြည်တွင်းထုတ်ကုန် မြန်မာနိုင်ငံတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသ များတွင် နေထိုင်ကြပြီး အဓိက စီးပွားရေးအဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ယင်းတို့နှင့် ဆက်စပ် နေသည့်လုပ်ငန်းများ ဖြင့် အသက်မွေးကြသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမှာလည်း စိုက်ပျိုး ရေးနှင့် မွေးမြူရေးထုတ်ကုန်တို့အပေါ်တွင် အခြေစိုက်ထားခြင်းဖြစ် သည့်တိုင်အောင် ဒေသတွင်း နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ခေတ်နောက်ကျကျန်နေဆဲ၊ ယှဉ်ပြိုင်နိုင်စွမ်းနည်းပါး နေဆဲလည်း ဖြစ်သည်။
ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများဖြစ်ကြသည့် မြေပဲ၊ နှမ်း၊ နေကြာ စသည့်သီးနှံများကို စိုက်ပျိုးနိုင်သော်လည်း ပြည်ပမှ စားသုံးဆီအမြောက်အမြားတင်သွင်းနေရခြင်းကို သာဓက တစ်ခုအဖြစ် တွေ့မြင်နိုင်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်ကနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် လူဦးရေအားဖြင့် တိုးလာသလို လူတစ်ဦးချင်း ဆီစားသုံးမှုမှာလည်း နှစ်ဆခန့် တိုးလာခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ သားတစ်ဦးသည် တစ်နှစ်လျှင် ဆီ
ခြောက်ပိဿာခန့် စားသုံးနေသည့်အတွက် နှစ်စဉ်စားသုံးဆီ လိုအပ် ချက်မှာ တန်ချိန်တစ်သန်းခန့် ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုမှာ ပဲဆီတန်ချိန် သုံးသိန်းခန့်နှင့် နှမ်း၊ နေကြာနှင့် အခြားဆီထုတ်လုပ်မှုတန်ချိန် တစ်သိန်းခန့် စုစုပေါင်း တန်ချိန် လေးသိန်းခန့်ရှိသည့်အတွက် ပြည်ပမှ ဆီတန်ချိန် ခြောက်သိန်းခန့် နှစ်စဉ်တင်သွင်းနေရကြောင်း သိရသည်။ မိမိတို့တွင် ထုတ်လုပ်နိုင် သည့် အခြေခံများရှိနေသည့်တိုင်အောင် ပြည်ပမှ ဆီတင်ပို့သည့် ဈေးကွက်ဘဝ ရောက်နေရခြင်းကို အဖြေရှာပြီး အခြေအနေကို ပြောင်းလဲပစ်နိုင်ရန် ကြိုးပမ်းကြရမှာဖြစ်သည်။
ထို့အပြင် ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် စားသောက်ကုန်များ နှင့် လူသုံးကုန်များကို ပြည်ပမှ တင်သွင်းနေခြင်းကြောင့် ပြည်တွင်း မှ ထုတ်လုပ်သူများ ဈေးကွက်ပျောက်ဆုံးခြင်းနှင့် ကုန်ထုတ်လုပ်မှု ကို ထိခိုက်နစ်နာစေသကဲ့သို့ ပြည်တွင်းအလုပ်အကိုင်များ ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည့် အခြေအနေများကိုလည်း ပြုပြင်
ပြောင်းလဲရေးအတွက် အားထုတ်ကြရန်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ ဈေးများ၊ ကုန်တိုက်များ၊ စတိုးဆိုင်များအပါအဝင် စားသုံးသူ ဈေးကွက်များတွင် အိမ်နီးချင်းနိုင်ငံအချို့မှ ထုတ်လုပ်သည့် စားသောက်ကုန်များနှင့် လူသုံးကုန်များက လွှမ်းမိုးနေရာယူထားကြ သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ၎င်းကုန်စည်အများစုမှာ မိမိတို့ ပြည်တွင်း၌ ထုတ်လုပ်နိုင်စွမ်းရှိသော ပစ္စည်းများ၊ ထုတ်လုပ်လျက် ရှိသည့်ပစ္စည်းများက အများစုဖြစ်သည်။ သို့ရာတွင် ပြည်တွင်း ထုတ်ကုန်များမှာ အချို့က အရည်အသွေး ပြည်ပကို မမီ၊ အရည် အသွေးနှင့် အရသာတို့ ပြည်ပထုတ်ကုန်ထက်သာလွန်သော်လည်း ထုပ်ပိုးမှုက ဆွဲဆောင်မှု မရှိ၊ အချို့အရည်အသွေးတူသော်လည်း ဈေးနှုန်းတွင် မယှဉ်နိုင် စသည်ဖြင့် အားနည်းချက်တို့ ရှိနေသည်။ ပြည်တွင်းထုတ်ကုန်တို့ ဈေးကွက်သုတေသနပြုလုပ်ရန်၊ အရည် အသွေးထိန်းချုပ်မှု ပြုလုပ်ရန်၊ တီထွင်ဆန်းသစ်ရန် စသည့် လိုအပ်ချက်များ ရှိနေသည်ဟု ရှုမြင်မိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ပြင်ပမှ ဝယ်ယူသုံးစွဲ နေမှုများအား လျှော့ချရန်လိုပြီး ပြည်တွင်း၌ ထုတ်လုပ် သုံးစွဲနိုင်မှသာလျှင် တိုင်းပြည်အတွက် အကျိုးရှိ မည်ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ တိုင်းပြည် အတွက် လက်တွေ့ကျသော ထုတ်ကုန်ကဏ္ဍမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေး ခေတ်မီတိုးတက်အောင် လုပ်ဆောင် ရန်လိုအပ်ကြောင်း” ပြောကြားခဲ့သလို စိုက်ပျိုး ရေးထုတ်ကုန်များ အရည်အသွေးမြှင့်တင်ရန်၊ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ပစ္စည်းချင်းတူလျှင် ဈေးနှုန်းသက်သာရန်၊ ဈေးနှုန်းချင်းတူပါက အရည်အသွေးပိုမိုကောင်းမွန်ရန်အတွက် လည်း ပြောကြားခဲ့ရာ ပြည်တွင်းစားသောက်ကုန်နှင့် လူသုံးကုန် များထုတ်လုပ်မှုအတွက် လိုအပ်ချက်များဖြစ်သကဲ့သို့ လက်တွေ့ ကျကျအကောင် အထည်ဖော်ခြင်းဖြင့် ပြည်တွင်းထုတ်ကုန်များ ပြည်တွင်းဈေးကွက်တွင် အခိုင်အမာနေရာယူလာမည်ဟု ယုံကြည် ပါကြောင်း။ ။