Skip to main content

မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့၌ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့်စည်ကား

နေပြည်တော် ဧပြီ ၁၇

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် ကုန်ဆုံး၍ ၁၃၈၃ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ နေ့ထူးနေ့မြတ် အချိန်အခါ သမယ ဖြစ်သည့်အတွက် နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ကာလအတွင်း အတာ ရေဖြင့် ဆေးကြောသန့်စင်ပြီး စိတ်၏အညစ်အကြေးများကို ကုသိုလ်ဒါန ပြုခြင်း ဖြင့် ဆေးကြောသန့်စင်၍ နှစ်သစ်ကို မင်္ဂလာရှိစွာဖြင့် အစပြုလေ့ရှိရာ ယနေ့ တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ကျောင်းကန်းများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ သက်ကြီး ဘိုးဘွားများကို တစ်ကိုယ်ရေ သန့်ရှင်းမှုများပြုလုပ်ပေး ခြင်း၊ ကန်တော့ခြင်း၊ ဇီဝိတဒါနဘေးမဲ့လွှတ်ခြင်းနှင့် ကုသိုလ်ဒါနပြုခြင်းတို့ဖြင့် နှစ်သစ်ကို အစပြုကြသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းမှစ၍ တန်ခိုးကြီးဘုရားစေတီ၊ ကျောင်းကန်များ၌ ဥပုပ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဆရာတော်သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်သည့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာကြားကြသူများ ဇီဝိတဒါနဘေးမဲ့လွှတ်ကြ သူများ၊ အလှူဒါနပြုကြသူများဖြင့် စည်ကားခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေရှိ ထင်ရှားသော ဥပ္ပါတသန္တိစေတီတော်မြတ် ကြီး၊ ဓာတုစယဓာတ်ပေါင်းစုစေတီတော်၊ မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး၊ လှေခွင်းတောင် တန်ခိုးကြီးဘုရား၊ ဘုရားကိုးဆူစေတီ၊ လောကမာရဇိန်စေတီ၊ လောကရန်နှိမ်စေတီ၊ ရန်အောင်မြင်ရွှေလက်လှဘုရား၊ သတ္တသတ္တာဟ သံဝေဇနိယ လေးဌာန၊ ဖောင်တော်ချက်မစေတီ စသည့် တန်ခိုးကြီးဘုရားစေတီ များတွင် ဥပုသ်သီလခံယူ ဆောက်တည်ကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိပြီး ဇီဝိတဒါနအဖြစ် ငါးနှင့် ငှက်များကို ဘေးမဲ့လွှတ်ကြသူများ များပြားခဲ့သည်။

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ ရပ်ကွက် များ၊ ဝန်ထမ်းအိမ်ရာများ၊ ဓမ္မာရုံများတွင်လည်း ဆရာတော်၊ သံဃာတော် များ ပင့်ဖိတ်၍ ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများ နာကြားကြကာ ကုသိုလ် ကောင်းမှုအစုစုတို့အတွက် အမျှပေးဝေကြသည်။

(သတင်းစဉ်)