Skip to main content

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုအခြေအနေများနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ အကြီးအကဲများအား ရှင်းလင်းပြောကြား

ရန်ကုန် ဧပြီ ၈

မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုအခြေအနေများနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အကြီးအကဲများအား ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်း က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမ၌ ပြုလုပ်သည်။

ရှင်းလင်းပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းဂွန်ကျုံးလျန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရန်ကုန်မြို့ရှိ ပြည်ပသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ကြသည်။

ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်ပြောင်းလဲတိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏အကြံပေးအဖွဲ့ဝင်ဒေါက်တာ ဆလိုင်းဂွန်ကျုံးလျန်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်၏ တာဝန်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်နေမှု၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ရှင်းလင်းပွဲအပြီးတွင် တက်ရောက် လာကြသူများကခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် လက်ရှိပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက်များ၊ မဲစာရင်း လက်တွေ့စစ်ဆေးချက်များနှင့် သိရှိနိုင်ရန်  လိုအပ်သည့်တွေ့ရှိချက် အထောက်အထားများ၊ သိမ်းဆည်းရမိသည့် ဆူပူအကြမ်းဖက်မှု လှုပ်ရှားမှုများတွင် အသုံးပြုသော ဒေသန္တရ လက်လုပ်ကိရိယာပစ္စည်းများ စသည်တို့ကို လိုက်လံကြည့်ရှုကြသည်။

သတင်းစဉ်