Skip to main content

ရန်ကုန်မြို့ပတ်ရထား အင်းစိန်-ရန်ကုန်-မင်္ဂလာဒုံ-အင်းစိန် ခရီးစဉ်ပြေးဆွဲမှုဆောင်ရွက်

နေပြည်တော် မတ် ၂၈ မြန်မာ့မီးရထားတွင် ပြေးဆွဲလျက်ရှိသော ရန်ကုန်မြို့ရှိ မြို့ပတ်နှင့် ဆင်ခြေဖုံး ရထားများ ပြေးဆွဲခြင်း တတိယနေ့ခရီးစဉ်အဖြစ် ယနေ့ နံနက်ပိုင်းတွင်ပြေးဆွဲခဲ့ရာ အင်းစိန်ဘူတာမှ လူစီးတွဲ (၃)တွဲပါ RBE ရထားတွဲဆိုင်းကို လက်ဝဲရစ်လမ်းကြောင်းအတိုင်း နံနက် ၈ နာရီ ၃၅ မိနစ်မှ စတင် ထွက်ခွါပြီး ဘူတာစဉ်ဖြတ်သန်းမောင်းနှင်၍ ရန်ကုန် ဘူတာကြီးသို့ နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် ဆိုက်ရောက်ခဲ့သည်။ အဆိုပါ မြို့ပတ်ရထားတွဲဆိုင်းသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၁၂ နာရီ မိနစ် ၄၀ တွင် ဆက်လက် ထွက်ခွာခဲ့ပြီး ဘူတာစဉ်ဖြတ်သန်းပြီးနောက် မင်္ဂလာဒုံဘူတာသို့ မွန်းလွဲ ၁ နာရီခွဲ တွင် ရောက်ရှိ၍ ဆက်လက်ထွက်ခွါရာ အင်းစိန်ဘူတာသို့ မွန်းလွဲ ၂ နာရီတွင် ပြန်လည် ဆိုက်ရောက်ခဲ့သည်။ ဤသို့ရထားပြေးဆွဲမှု ဆောင်ရွက်စဉ်အတွင်း ကြို့ကုန်းဘူတာနှင့် သမိုင်းမြို့သစ်ကြားမိုင်တိုင် ၇/၂၁-၂၂တွင် ရထားလမ်းပေါ်တွင် သစ်တုံး၊ သဲအိတ်၊ သံလမ်းတို့ဖြင့် ပိတ်ဆို့ထားခြင်း၊ သံလမ်းအရှည်ဖြင့် သံလမ်းပေါ် ကန့်လန့်ဖြတ်ပိတ်ဆို့ထားခြင်း၊ သမိုင်းမြို့သစ်နှင့် သမိုင်း ဘူတာကြား အဆန်လမ်း၌ သစ်တုံး(၁)တုံးအစုန်လမ်း၌သစ်တုံး(၁)တုံး ကန့်လန့်ဖြတ် တင်ထားခြင်းနှင့် သံလမ်း ထိန်းကလစ် ၂၅၀ ခန့်ဖြုတ်ထားခြင်း၊ ကမာရွတ်ဘူတာ လမ်းကားလမ်းကူးတွင် တာယာဟောင်း မီးရှို့၍ကားလမ်းကူးပိတ်ဆို့ထားခြင်း၊ သံလမ်း ထိန်းကလစ် ၄၀၀ ခန့်ဖြုတ်ထားခြင်း၊ သံလမ်းအဆက်ပါဖြုတ်၍ သံလမ်းအဆက်နေရာ ဟထားခြင်းတို့ကြောင့် တပ်မတော်သားများ၊ ရထားရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံတာဝန်သိ ပြည်သူများနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ရှင်းလင်း ဆောင်ရွက်ပေးခဲ့ပြီးနောက် ရထားသည်ခရီးဆုံးဘူတာသို့ အောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့သည်။ မသမာသူအကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် နှောက်ယှက်ဖျက်ဆီး မှုများအတွက် မြန်မာ့မီးရထားမှ သက်ဆိုင်ရာနယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်လှစ်၍ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့ပတ်ရထားခရီးစဉ်များကို မြန်မာ့မီးရထားက နေ့စဉ် ပုံမှန်ပြေးဆွဲလျက်ရှိသဖြင့် မိဘပြည်သူများ၊ ဝန်ထမ်းများအနေဖြင့် လိုက်ပါစီးနင်းခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)