Skip to main content

၂၃-၃-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နေပြည်တော် မတ် ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၃/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို မတ် ၂၃ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

(ယမန်နေ့မှအဆက်) Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ၂၀၂၀ UEC အဖွဲ့ဝင်ဟောင်းများကဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့တဲ့အခြေအနေ များနှင့် ပတ်သက်ပြီး ဘယ်လိုပုဒ်မတွေနှင့် UEC အဖွဲ့ဝင်ဟောင်းများကို ဘယ်လိုတရားစွဲဆိုထားတာ ရှိလဲ၊ ဘယ်နှယောက်လောက် တရားစွဲဆိုထားတာ ရှိလဲဆိုတာကို သိလိုကြောင်း မေးမြန်းသည်။

တရားစွဲသည့်အမှုပေါင်း ၅၀၀ ကျော်ခန့်ရှိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သာမန်အားဖြင့် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဥပဒေအခန်း(၁၃)အရ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများကျူးလွန်လျှင် ရွေးကောက်ပွဲပြစ်မှု ဖြင့် မြို့နယ်တရားရုံးနှင့် ရဲစခန်းတွင် တရားစွဲ၍ ရပါကြောင်း၊ ယင်းသို့ တရားစွဲသည့်အမှုပေါင်း ၅၀၀ ကျော်ခန့်ရှိပြီး ဆောင်ရွက်သည့်အခါ မိမိတို့အနေဖြင့် ခွဲမထားပါကြောင်း။

ယခင်သတင်းစာရှင်းလင်းပွဲတွင်လည်း ကြားခဲ့ပါကြောင်း၊ ယင်းအမှုပေါင်း ၅၄၆ မှု ဖြစ်ပွား ခဲ့ပြီး တရားစွဲတင်သည့်အမှု ၃၃၄မှု၊ ပိတ်သိမ်းသည့် အမှု ၁၇၁ မှုရှိပါကြောင်း၊ ယင်းအမှုများထဲမှ ဥပဒေ အကြံဉာဏ်တောင်းထားသည်မှာ ၃၅ မှု၊ ရဲလုပ်ငန်း စစ်ဆေးဆဲ ခြောက်မှု စုစုပေါင်း ၄၁ မှု ရှိပါကြောင်း၊ ထိုအရာသည် အခန်း(၁၃) ပါ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း။ ။

ကြိုတင်ပြီးလည်း မဲနှစ်ကြိမ် မပေးရခြင်း၊ အယောင်ဆောင်မဲ မပေးရခြင်းများ ပြဋ္ဌာန်းချက်များ ရှိပါကြောင်း၊ ယင်းပြစ်မှုများကို ကျူးလွန်သည့်အခါ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ဖြစ်သည့် ရပ်/ကျေးများမှ ပါဝင်လျှင်လည်း ယင်းဥပဒေအရ အရေးယူဆောင်ရွက်ပါကြောင်း၊ သာမန်ပြည်သူများ ဆိုလျှင်လည်း ယင်းသို့ဆောင်ရွက်ပါကြောင်း၊ ထိုနည်းလမ်းဖြင့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကို သက်ဆိုင်ရာရဲစခန်းတွင် ဆောင်ရွက်နေသည့် ဖြစ်စဉ်များလည်း ရှိပါကြောင်း၊ ထိုအရာမှာလည်း ပုံမှန်သွားနေသည့် ဖြစ်စဉ် တစ်ခုဖြစ်ပြီး သီးခြား မိမိရှင်းလင်းတင်ပြခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွား ခဲ့သည့်ဖြစ်စဉ်များအပေါ်တွင် မူတည်ပြီး ရွေးကောက် ပွဲကော်မရှင်နှင့်ပတ်သက်သည့် ဥက္ကဋ္ဌ၊ အဖွဲ့ဝင် များနှင့်ပတ်သက်၍ လတ်တလောအနေဖြင့် မသိရ သေးပါကြောင်း၊ ကျူးလွန်ခဲ့ခြင်းများရှိပါက ဖော်ထုတ်ပြီး တိတိကျကျသိရလျှင် အရေးယူ သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက မဲစာရင်းများ စစ်ဆေးဆောင်ရွက်သည့်အခါတွင် UEC အဖွဲ့ဝင်ဟောင်းတချို့မှ ထွက်ဆိုချက်ပေးခြင်းများရှိပြီး ထိုအထဲမှ ပူးပေါင်းမှုမရှိဘဲ တင်းတင်းမာမာ တုံ့ပြန်ခြင်းများ၊ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်အခက် အခဲများ ဘယ်လောက်ကြုံခဲ့ရပါသလဲဟု မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြီးခဲ့သည့် ရွေးကောက်ပွဲဖြစ်စဉ် အပေါ်တွင် သုံးသပ်ပြီး မိမိတို့ UEC အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့် မဲစာရင်း စစ်ဆေးခြင်းအပါအဝင် ဆောင်ရွက်ချက်များကို  ဆောင်ရွက်နေပါကြောင်း၊ ဆောင်ရွက်သည့်အခါတွင် လည်း ပူးပေါင်းဆောင်ရွက်မှုများ အများကြီးရှိပါကြောင်း၊ ယင်းပုဂ္ဂိုလ်များဖြင့် ပူးပေါင်းပြီး ဆက်လက်  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ဆက်လက်၍ Sky net သတင်းဌာနမှ သတင်း ထောက် ပိုးဥရန်နိုင်က Covid Vaccine က လက်ရှိ တွင် သတ်မှတ်ထားသည့်အလွှာအလိုက် ထိုးနှံမှု အစီအစဉ်ကို ဘယ်လိုအစီအစဉ်များဖြင့် ထိုးပေးနေပါ သလဲ၊ ကာကွယ်ဆေးထိုးသည့်နေရာမှာ ဘယ်သူမဆို သွားရောက်ထိုးနှံ၍ ရပါသလား၊ လက်ရှိတွင် ကာကွယ်ဆေး စုစုပေါင်း ဘယ်လောက်ရောက်နေပြီလဲ၊ ဘယ်လောက်ထပ်ရောက်ရန် ရှိပါသေးသလဲ။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လူဦးရေဘယ်လောက်အထိ ထိုးနှံပေးသွားရန် အစီအစဉ်ရှိပါသလဲ သိလိုကြောင်း၊ နောက်တစ်ခုအနေဖြင့် ထိုင်းပြည်သူ  တချို့နှင့် တချို့သောမြန်မာဘက်မှ ပြည်သူတချို့တွင် Covid Vaccine နှင့် ပတ်သက်ပြီး မြန်မာမှ Covid  ဆေးတွေကို ရောင်းနေခြင်းများရှိသည်ဟု ကြားနေရ သည့်အချက်မှာ ဟုတ်ပါသလား သိလိုကြောင်း မေးမြန်းသည်။

သတ်မှတ်ထားသည့် အလွှာအလိုက်ထိုးနှံ

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက Covid-19 ရောဂါ ကာကွယ်ဆေးအစီအစဉ်တွင် သတ်မှတ်ထားသည့် အလွှာအလိုက်ထိုးနှံရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လအတွင်း မိမိတို့အနေဖြင့် သတ်မှတ်ထားသည်မှာ အဆင့် (၁) အနေဖြင့် ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအားလုံး၊ အဆင့် (၂)အနေဖြင့် ပုဂ္ဂလိကကျန်းမာရေး ဝန်ဆောင် မှုလုပ်ငန်းမှ ကျန်းမာရေးဝန်ထမ်းများ၊ အဆင့်(၃) မှာ ပုဂ္ဂလိကလုပ်ငန်းများမှဝန်ထမ်းများဖြစ်ကြောင်း။

ဦးစားပေးမှာ ဘဏ်ဝန်ထမ်းများနှင့် ပို့ဆောင် ရေး၊ ဟိုတယ်ခရီးတို့ဖြစ်ပြီး အများနှင့်နေ့စဉ်နီးပါး ထိတွေ့ဆက်ဆံနေရသည့်သူများ ဖြစ်ကြောင်း၊ ထို့နောက် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်၊ ဘာသာရေးပုဂ္ဂိုလ်များ၊ အသက် ၆၀ နှစ်အထက် ပြည်သူများဆောင်ရွက်ရမည့် လူအုပ်စုဆိုပြီး သတ်မှတ်ထားပါကြောင်း၊ ၎င်းတို့အနေဖြင့် လူအုပ်စုထဲမှာ အကျုံးဝင်သည့် မည်သူမဆို Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံသည့်နေရာ တွင် သွားရောက်ထိုးနှံ၍ရပါကြောင်း။

ခုနပြောခဲ့သည့် အုပ်စုငါးအုပ်စုရှိပါကြောင်း၊ ထိုငါးအုပ်စုသည် မတ်လအတွင်း မည်သူမဆို သွားရောက်ပြီး ထိုးနှံ၍ရပါကြောင်း၊ ဆေးရောက်ရှိမှု အနေဖြင့် လှူဒါန်းထားမှုသည် ၁ ဒသမ ၅ သန်း၊ ဝယ်ထားသည့် ဆေး နှစ်သန်း စုစုပေါင်း ၃ ဒသမ ၅ သန်း ရောက်ရှိပြီးဖြစ်ပါကြောင်း၊ နောက်ထပ် ၂၈ သန်း ရောက်ရှိရန် ရှိပါကြောင်း၊ ထိုကာကွယ်ဆေးကို  လူဦးရေ ၁၅ သန်းကျော် ထိုးနှံပေးရန် စီစဉ်ထားရှိပါကြောင်း။

ထိုအစီအစဉ်သည် ယခင်အစိုးရလက်ထက် ကတည်းက စီစဉ်ထားသည့် အစီအစဉ်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် အိန္ဒိယက Covid ကာကွယ်ဆေး အပြင် တရုတ်နိုင်ငံထုတ် Covid ကာကွယ်ဆေး၊ ရုရှားထုတ် Covid ကာကွယ်ဆေး၊ ထိုသုံးမျိုးကို ထပ်မံခွင့်ပြုခဲ့ခြင်းများ ရှိပါကြောင်း။

ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် တင်သွင်းနိုင်ပြီး  ထိုးနှံနိုင်ရန် FDI က ခွင့်ပြုထားပါကြောင်း၊ ထိုသို့ ခွင့်ပြုပြီး တစ်နိုင်ငံလုံး အမြန်ဆုံးလွှမ်းခြုံနိုင်ရန် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ခုနကပြောသည့်  Covid-19 ရောဂါ ကာကွယ်ဆေးရောင်းချသည့် သတင်းမှာ မဖြစ်နိုင်ကြောင်း၊ ရောင်းချစရာလည်း မရှိပါကြောင်း၊ Covid-19 ကာကွယ်ဆေး သယ်ယူ ခြင်းဆိုသည်မှာ သယ်ယူပုံသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပို၍သိမည်ဖြစ်ပါကြောင်း။

သယ်ယူပုံအဆင့်ဆင့်သည် အအေးဓာတ် ပျက်ပြယ်၍မရဘဲသယ်ယူရခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် Covid-19 ကာကွယ်ဆေးထိုးရန်အတွက် ကိုကိုးကျွန်းကို လေယာဉ်ဖြင့် ဆရာဝန်များပါ တစ်ခါတည်းပို့၊ တစ်ခါတည်း ထိုးနှံသည့် အစီအစဉ်မျိုး ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုကိုးကျွန်းပေါ်တွင်  ဆိုလာဖြင့် မီးပေးနိုင်သည့်စနစ်၊ ဒီဇယ်မီးစက်ဖြင့် မီးပေးနိုင်သည့် စနစ်များရှိကြောင်း၊ သို့သော် ၂၄ နာရီ မီးပေးနိုင်ခြင်းမရှိသည့်အတွက် သိုလှောင်ရန် ခက်ခဲခြင်းကြောင့် လေယာဉ်ဖြင့် သွားရောက်ပြီး နေ့ချင်းပြန်ထိုးနှံခြင်း ဖြစ်ပါကြောင်း။

Covid-19 ရောဂါ ကာကွယ်ဆေးသည် အခြား သူများ ပြောနေသကဲ့သို့ မဖြစ်နိုင်ကြောင်း၊ ဖြစ်နိုင် စရာလည်း မရှိပါကြောင်း၊ သယ်၍လည်း မရပကြောင်း၊ ထိုအကြောင်းများသည် နိုင်ငံတော်အစိုးရ နှင့် ဝန်ကြီးဌာနအပေါ်မှာ အကြည်ညိုပျက်အောင် အဖျက်အမှောင့်လုပ်လိုသူများက သတင်းမှား ထုတ်လွှင့်မှုသာ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကာကွယ်ဆေး မလုံလောက်သေးပါကြောင်း၊ အပြင် မှာလည်း ထိုဆေးများမရှိပါကြောင်း ဖြေကြားသည်။

ဆက်လက်၍ Sky net သတင်းဌာနမှ သတင်း ထောက် ပိုးဥရန်နိုင်က Covid-19 ရောဂါ ကာကွယ် ဆေးနှင့်ပတ်သက်ပြီး ပြည်သူအချို့ကြားတွင် ထိုးနှံမှု ဆိုင်ရာ အငြင်းပွားမှုများရှိနေကြောင်း၊ ထိုအကြောင်း အရာအပေါ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကိုယ်စား ပြန်ကြားရေးဝန်ကြီးဌာနက ယုံကြည် မှုအပေါ်မှာ ထိုးနှံရန်အတွက် ဘာများပြောကြား ချင်ပါသလဲ သိချင်ပါကြောင်း မေးမြန်းသည်။

အပိုင်းနှစ်ပိုင်းရှိ  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယုံကြည်စွာထိုးနှံ မှုနှင့်ပတ်သက်ပြီး အပိုင်းနှစ်ပိုင်းရှိမည် ဖြစ်ပါကြောင်း၊ နံပါတ်တစ်အပိုင်းအနေဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖွလိုက်သည့်အပိုင်းဖြစ်ကြောင်း၊ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖွလိုက်သည်မှာ Covid-19 ရောဂါကာကွယ်ဆေး သိုလှောင်သည့် နေရာကို CDM ပြုလုပ်သူများက အအေးခန်းကို ပိတ်လိုက်ကြောင်း၊ အအေးခန်းကို ပိတ်လိုက်သည့်အတွက် Covid-19 ရောဂါ ကာကွယ်ဆေးသည် အာနိသင်မရှိဘူးဟု လူမှု ကွန်ရက်ပေါ်တွင် ဖွနေသည်ကို တွေ့ရပါကြောင်း။

ထိုသတင်းမှာ မဟုတ်ပါကြောင်း၊ Covid-19 ရောဂါ ကာကွယ်ဆေးများကို သိုလှောင်ကတည်းက မှတ်တမ်းများဖြင့် ထားရှိရပါကြောင်း၊ မှတ်တမ်း များသည် လူကိုယ်တိုင်စောင့်နေခြင်း မဟုတ်ကြောင်း၊ အလိုအလျောက် မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါသတင်းသည် မဟုတ်မှန်ပါကြောင်း။

ဒုတိယအချက်အနေဖြင့် Covid-19 နှင့် ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်သည် ဟု ထင်မြင်ပါကြောင်း၊ Covid-19 ရောဂါကို မိမိ အနေဖြင့် ဆေးပညာရပ်ကဲ့သို့ မပြောလိုကြောင်း၊ ဆေးပညာအသုံးအနှုန်းဖြင့် ရှင်းပြလျှင် နားရှုပ်နိုင် ပါကြောင်း၊ Covid-19 ဆေးသည် ကာကွယ်ဆေး ဖြစ်ပြီး ကာကွယ်ဆေးသဘောသည် လူ့ခန္ဓာကိုယ်ထဲတွင် Covid - 19 ရောဂါကူးစက်လာလျှင် ခံနိုင်ရန်  အတွက်Covid-19ပိုးကို ထိုးသွင်းလိုက်သည့်သဘော ဖြစ်ပါကြောင်း၊ ကျောက်ရောဂါ ကာကွယ်ဆေးလိုမျိုး ဖြစ်ကြောင်း၊ Covid-19 ထိုးပြီးလျှင် ပထမဦးဆုံး အကြိမ်တွင် လူ့ခံနိုင်ရည်ပေါ် မူတည်ပြီး Covid-19 အသေးစားဖြစ်သည့်ပုံစံမျိုးဖြစ်ကြောင်း။

အချို့လူများတွင် ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊  ကိုယ်လက်မအီမသာဖြစ်ခြင်းများ တစ်ရက်၊ နှစ်ရက် ဖြစ်နိုင်ပြီး နောက်ပိုင်းတွင် ပုံမှန်ဖြစ်ကြောင်း၊ ရိုးရိုး ဆေးစားလျှင် ပျောက်နိုင်ကြောင်း၊ မိမိတို့ကိုယ်တိုင် ထိုးနှံပြီးဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ပထမ အကြိမ်တွင် ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက် မအီမသာ ဖြစ်ခြင်းများဖြစ်ပါကြောင်း၊ အချို့ ကိုယ်ခံ အားနည်းသူ၊ အပြင်းအထန်တုံ့ပြန်သူများ ပိုပြီး ဖြစ်တတ်ကြောင်း၊ မြန်မာနိုင်ငံတွင် Covid-19 ဆေး ထိုးပြီးသည့်လူတိုင်းတွင် Covid-19 နှင့်ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးကျန်းမာရေးထိခိုက်နိုင်သည်အထိ ဆိုးဆိုးရွားရွားခံခဲ့ရသူမရှိကြောင်း၊ စိတ်ချယုံကြည် စွာ ဆောင်ရွက်နိုင်ကြောင်း ဖြေကြားသည်။

Sky Net သတင်းဌာနမှ သတင်းထောက် ပိုးဥ ရန်နိုင်က သတင်းမီဒီယာကဏ္ဍနှင့် ပတ်သက်ပြီး မိမိတို့ သည် နေပြည်တော်အခြေစိုက်သတင်းယူခြင်း ဖြစ်ကြောင်း၊ အချို့ပိတ်သိမ်းခံလိုက်ရသည့် မီဒီယာ များလည်းရှိသည့်အတွက် ယခုနေပြည်တော်မှာ သတင်းလိုက်နေသည့်မီဒီယာများသည် လက်ချိုး ရေလို့ရသည့် အနေအထားမှာရှိကြောင်း၊ ယခု ဒီရက်ပိုင်းတွင် မီဒီယာသုံးယောက် ထိန်းသိမ်းခံထား ရကြောင်း၊ ယခုအချိန်မှာ ၎င်းတို့ထဲမှ တစ်ယောက် သည် ပြန်လွတ်လာကြောင်း၊ မိမိတို့ယခုသတင်းရယူ နေမှု၊ ထုတ်လွှင့်ခွင့်ရနေသည့် သတင်းမီဒီယာမှ သတင်းသမားများအနေဖြင့် လွတ်လွတ်လပ်လပ် သတင်းယူနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန  အနေဖြင့် ဘယ်လောက်ထိ အာမခံချက်ပေးနိုင်လဲ။ သတင်းကို လွတ်လွတ်လပ်လပ်ရယူနိုင်ရန်အတွက် ဘာတွေလုပ်ရမလဲသိလိုကြောင်း မေးမြန်းသည်။ သတင်းမီဒီယာသမားများ ကိုယ်တိုင်ပင်ဖြစ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာ သမားများကို အာမခံချက်အပေးနိုင်ဆုံးလူသည် သတင်းမီဒီယာသမားများ ကိုယ်တိုင်ပင်ဖြစ်ကြောင်း၊ သတင်းမီဒီယာသမားများကို အာမခံချက်ပေး နိုင်ဆုံးလုပ်ရပ်သည် သတင်းမီဒီယာသမားများလုပ်ကိုင်နေသည့်လုပ်ရပ်ပင် ဖြစ်ပါကြောင်း၊ ထိုအရာကို အကြောင်းမဲ့ပြောနေခြင်း မဟုတ်ပါကြောင်း၊ နေပြည်တော်မှာ မိမိနှင့်ခင်မင်သည့် သတင်းထောက် အသိုင်းအဝိုင်းများအား မိမိအနေဖြင့် သတိပေးထား ပါကြောင်း၊ နံပါတ်တစ်အချက်သည် ပြန်ကြားရေး ဝန်ကြီးဌာနပဲဖြစ်ဖြစ်၊ ပြန်ကြားရေးနှင့်ဆက်စပ်ပြီး လုပ်နေသည့်သူများပဲဖြစ်ဖြစ် မိမိတို့သည် သတင်း မီဒီယာများနှင့်ဆက်ဆံရေးကိုအလေးထားပါကြောင်း။

သို့သော်လည်း ဆူပူအကြမ်းဖက်လှုံ့ဆော်မှုများ ဖြစ်လာသည့်အခါ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ၎င်းတို့၏အမြင်သည် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအမြင်ကို အဓိကထား ကြည့်ရှုမည်ဖြစ်ပါကြောင်း၊ မိမိတို့၏အမြင်ချင်းသည် တူနိုင်စရာ အကြောင်း မရှိပါကြောင်း၊ အချို့ သတင်းမီဒီယာ သမားများဆိုလျှင် ပေါ်ပေါ်တင်တင်ပြောပါကြောင်း။

ဆန္ဒပြမှုများကို သတင်းသွားယူခြင်းသည် အပြစ်မဟုတ်ပါကြောင်း၊ သို့သော် ဆန္ဒပြသည့်နေရာ မှာ ဦးဆောင်ဦးရွက်လုပ်ခြင်းသည် အပြစ်ဖြစ်သွား နိုင်ပါကြောင်း၊ မည်ကဲ့သို့ ဦးဆောင်ဦးရွက်လုပ်သလဲ ဆိုသည်ကို မိမိအကြောင်းမဲ့ပြောနေခြင်း မဟုတ်ပါကြောင်း၊ မိမိနှင့်ရင်းနှီးသည့် သတင်းသမားများ၏ အခြေအနေကို သိရှိသည့်အတွက် ပြောနေခြင်း ဖြစ်ပါကြောင်း၊ အချို့ သတင်းသမားများ ဘာတွေလုပ်ကြ သလဲဆိုတာသည် ဥပမာ “ငါလာခဲ့မယ်၊ အဲဒီမှာ စုထားလိုက် ငါရိုက်ပေးမယ် ရိုက်သည့်နေရာမှာ လည်း ဒီလိုမျိုးမလုပ်နဲ့ ဆိုင်းဘုတ်တွေက ဘယ်လို မျိုး၊ မင်းတို့က ရှေ့ကိုတက်လာမှ ဆိုသည့်အတိုင်း  ကိုယ်တွေ့ပြောခြင်း ဖြစ်ကြောင်း၊ စိတ်ကူးယဉ်ပြီး ပြောနေခြင်း မဟုတ်ကြောင်း။

ထိုသို့ပြုလုပ်လျှင် တစ်ဖက်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့်သူများအနေဖြင့် ဦးစီး ဦးဆောင်လုပ်နေသည့်သူဟု အထင်မှားသွားနိုင်ပါကြောင်း၊ ထို့ကြောင့်ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သတင်းမီဒီယာများနှင့် ဆက်ဆံရေးကို အလေးထားပါကြောင်း၊ သတင်းမီဒီယာများ၏ လွတ်လပ်ခွင့် ကို အလေးထားပါကြောင်း၊ မိမိအရင်က ပြောသလို UDHR မှာပါသည့် Article ၁၉ ကို လိုပါက Article ၂၉ ကို လိုက်နာရန်လိုအပ်ပါကြောင်း၊ သတင်းသမားများ၏ လုပ်ဆောင်ချက်များသည် မိမိကိုယ်မိမိ  အာမခံနိုင်မှာဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန  အနေဖြင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောလိုပါကြောင်း ရှင်းလင်းဖြေကြားသည်။ Sky Net သတင်းဌာနမှ သတင်းထောက် ပိုးဥရန်နိုင်က သတင်းမီဒီယာနှင့် ပတ်သက်၍ လက်ရှိတွင် နယ်မြေတည်ငြိမ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက်မှာ ဆန္ဒပြသည့်ကိစ္စများနှင့် လက်ရှိအောက်က မြေပြင်သတင်းများသည် အထက်ကို အကုန်လုံးရောက်မရောက် သိလိုကြောင်း၊ ယခုလို မေးခြင်းသည် လက်ရှိရောက်သည့် သတင်းများကို မည်သို့စိစစ်ပြီး ဝန်ကြီးတို့အောက်ရှိသည့် state media များတွင် မည်ကဲ့သို့ စိစစ်ပြီးထုတ်လွှင့်သည်ကို သိလိုကြောင်း။

ယခု ပိတ်သိမ်းလာသည့် မီဒီယာများ များလာ သည့်အခါ ပြည်သူတော်တော်များများသည် state media များကိုသာ အားကိုးပြီးကြည့်နေရကြောင်း၊ ထိုအချိန်မှာ ၎င်းကနေပြီး ထုတ်လွှင့်သည့်အခါ သဘောထားကွဲလွဲခြင်း၊ အငြင်းပွားသည့်ကိစ္စများ ဖြစ်လာမှုများရှိကြောင်း၊ ထို့ကြောင့် MRTV ကဲ့သို့ state media များကို အားပေးနေသည့် ပြည်သူများ လည်းရှိပါကြောင်း၊ သတင်းများကို ယခုလိုမျိုး ထုတ်လွှင့်သည့်အခါ အငြင်းပွားမှုများ နည်းပါးသွားစေရန် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိ မည်သို့သတင်းများကို စိစစ်ပြီး ထုတ်လွှင့်နေသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

မှန်ကန်မှုရှိသည်ဆိုတာကို အာမခံနိုင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် သတင်းနှင့်ပတ်သက်ပြီး မူဝါဒများဖြစ်သည့် မြန်ရမည်၊ မှန်ရမည်၊ တိကျရမည် ဆိုသည့်မူဝါဒကို အဓိကထားပြီး ဆောင်ရွက်ပါကြောင်း၊ သတင်းနှင့်ပတ်သက်ပြီး ထုတ်လွှင့်သွားသည့် သတင်းမှန်သမျှသည် မှန်ကန်မှုရှိသည် ဆိုတာကို အာမခံနိုင်ပါကြောင်း၊ မှန်ကန်မှုမရှိဘူးဆိုလျှင် မိမိတို့ထုတ်လွှင့်ခဲ့သည့်သတင်းများမှ မှန်ကန်မှုမရှိဘူး ဆိုသည့်သတင်းများကို မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနကို တရားဝင်ပြောနိုင် ပါကြောင်း၊ မိမိတို့အနေဖြင့် မှန်ကန်မှုရှိသည်၊ မရှိဘူး ဆိုသည်ကိုလည်း ပြန်လည်ဖြေရှင်းနိုင်ပါကြောင်း ရှင်းလင်းဖြေကြားသည်။(ဆက်လက်ဖော်ပြပါမည်)