ကျောက်ဖြူ၊ မတ် ၂၆
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ထဲရှိ သဇင်တန်ပေါက် တံတားအနီး ချောင်းအတွင်း ဝါးဖောင်များဖြင့် စီးပွားဖြစ်မွေးမြူလျက်ရှိသော ကယုကမာ မွေးမြူရေးလုပ်ငန်းများမှာ လက်ရှိအချိန်တွင် အောင်မြင် ဖြစ်ထွန်းနေပြီး ပင်လယ်စာ ရေထွက်ကုန်ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးတင်ပို့ရောင်းချသွားနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
ကယုကမာမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးခင်အေးမောင်က “ကမာမွေးမြူရေးလုပ်ငန်းကို ၂၀၂၀ အစောပိုင်းက စပြီး လုပ်ဖြစ် တာပေါ့။ စမွေးမွေးချင်းမှာ အကောင်ရေက သိပ်မပါဘူး။ ရေထဲမှာ သွားလာနေတဲ့ ကမာသားပေါက်လေးတွေ ရှိနေမယ်လို့ ထင်ရတဲ့ နေရာတွေကို ခန့်မှန်းပြီး ကပ်ခိုနိုင်ဖို့ နေရာတွေ လုပ်ပေးတယ်။ ပလတ်စတစ်ခြင်း၊ ကော်ဘူး၊ သံထည်စတဲ့ စွန့်ပစ်ပစ္စည်းတွေကို ကြိုးတွေနဲ့ချည်ပြီး ဝါးဖောင်တွေနဲ့တွဲပြီး ချထားပေးတယ်။ နှစ်လ လောက်ကြာရင် သူတို့တွေက အဲဒီစွန့်ပစ်ပစ္စည်းတွေမှာ လာကပ်တယ်။ ဒီလိုလာကပ်တဲ့ သားပေါက်တွေကိုလေးလသားလောက်ဆိုရင် ပြန်ခွာ ပြီးတော့ ဘိလပ်မြေ အတုံးလေးတွေနဲ့တွဲပြီး ရေထဲမှာ ပြန်ချထား ပေးတယ်။ တစ်တွဲမှာ အနည်းဆုံး ငါးလုံး၊ ခုနစ်လုံး၊ ဆယ်လုံးစီတွဲထား တယ်။ အတွဲပေါင်း တစ်သောင်းလောက် တွဲထားပါတယ်၊ အခုဆို ဒီမှာ ရောင်းတန်းဝင်တဲ့ ကမာတွေ အလုံးရေ ခုနစ်ထောင်လောက် တော့ ရှိမယ်ထင်တယ်။ တစ်လုံးကိုတစ်ထောင်ဈေးလောက်တော့ ရပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့က ပြည်တွင်းဈေးကွက်မှာဖြန့်ဖို့ လုပ်နေတယ်” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ယခုလို ကယုကမာ မွေးမြူရေးလုပ်ငန်းကို စွန့်ဦးတီထွင်အဖြစ် လုပ်ကိုင်နေသူမှာ ဦးခင်အေးမောင် တစ်ဦးသာ ရှိသေးကြောင်း၊ ယခုလို ကယုကမာ မွေးမြူ ခြင်းဖြင့် သဘာဝကို မထိခိုက်စေသည့် အပြင် ဒီရေတောကို အခြားသူများ လာရောက်ခိုးယူ ခြင်းမရှိအောင် ကာကွယ်စောင့် ရှောက်ပြီးသားလည်းဖြစ်ကြောင်း သိရသည်။ ကျောက်ဖြူ ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကျော်ဆင့်ကလည်း ငါးသယံဇာတများ ရှားပါးလာသည့် ယနေ့ကာလတွင် မိသားစုတစ်ပိုင်တစ်နိုင် အိုးအိမ်မကွာဘဲ ကယုကမာ မွေးမြူခြင်းဖြင့် လုပ်ငန်းရှင် တစ်ဦးစီတိုင်းသည် စီးပွားဥစ္စာများ တိုးပွားလာမည်ဖြစ်ကြောင်း ပြောကြား သည်။ လက်ရှိအချိန်တွင် မွေးမြူထားသည့် ကယုကမာများကို ကျောက်ဖြူခရိုင်အတွင်း မြို့နယ်များအပြင် ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်များနှင့် ရေလုပ်ငန်း ကုန်စည်ဒိုင် ဈေးကွက်များသို့ တင်ပို့နိုင်ရန် စီစဉ်လျက်ရှိပြီး မကြာမီတင်ပို့ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)
နောက်ဆုံးရသတင်းများ
28 Aug, 2025