ရန်ကုန် မတ် ၂၆ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက လှိုင်သာယာနှင့် ရွှေပြည်သာ မြို့နယ်များရှိ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးဆောင်ရွက်နေ သည့် စည်ပင်သာယာရုံးဌာနများသို့ ကွင်းဆင်းသွား ရောက်၍ လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် နိုင်ရေး မှာကြားသည်။ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၉ နာရီတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အင်ဂျင်နီယာဌာန (လမ်းနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းများစီမံခန့်ခွဲ ရေး) မြောက်ပိုင်း ခရိုင်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ယခုအခါ လမ်းသွယ်၊ လမ်းမများ တွင် ပိတ်ဆို့ထား သည့် အတားအဆီးများကို ရှင်းလင်းပြီးသော်လည်း ကျန်ရှိအမှိုက်များကို အပြီးသတ်ရှင်းလင်းရန်၊ မိမိရုံးဝင်းများအတွင်း ရေလှောင်ကန် Retention Pond များတူးထားခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းစို၍ လူကိုစိတ်ကြည်လင်စေပြီး မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် အရန်ရေ စုဆောင်းနိုင်သည့် အပြင် မြေအောက်ရေ ထိန်းသိမ်းနိုင်ခြင်းကြောင့် ရေလှောင်ကန်များတူးရန်၊ ယခုနှစ်အတွင်း လျာထား ချက်နှင့်အညီ ဆောင်ရွက်ရန်ကျန်သည့် လုပ်ငန်းများ အမြန်ပြီးစီးစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက် ရန် မှာကြားခဲ့ပြီးရုံးဝင်းအတွင်းရှိ ကွန်ကရစ် ဖျော်စပ်စက်ရုံ Batching Plantများ ကြံ့ခိုင်မှုရှိအောင် ဆောင်ရွက် ထားမှု၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှု၊ ရေကန် တူးရန် လျာထားမြေနေရာများအားလိုက်လံစစ်ဆေးသည်။ ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၁၀ နာရီတွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး လှိုင်သာယာ (အရှေ့ပိုင်း)နှင့် လှိုင်သာယာ (အနောက် ပိုင်း) မြို့နယ်များမှ အရာထမ်း၊ အမှုထမ်းများကို တွေ့ဆုံ၍လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၁၁ နာရီတွင် ရွှေပြည်သာမြို့နယ်ရှိ အင်ဂျင်နီယာဌာန (လမ်းနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းများ စီမံခန့်ခွဲရေး) မြောက်ပိုင်းခရိုင်ရုံးခွဲသို့ရောက်ရှိပြီး ကွန်ကရစ်ဖျော်စပ် စက်ရုံနှင့် ကတ္တရာကွန်ကရစ် ဖျော်စက်များ ကြံ့ခိုင်မှု ရှိအောင် ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေး ခဲ့သည်။ ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၁၁ နာရီခွဲတွင် ရွှေပြည်သာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များအတွက် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ ရုံးဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုများ၊ ရေကန်တူးဖော်ထားမှုများ အား စစ်ဆေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်
နောက်ဆုံးရသတင်းများ
28 Aug, 2025