စစ်တွေ မတ် ၆
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး တို့မှ ရခိုင်ဒေသတွင် ရှေ့တန်းတာဝန်ထမ်းဆောင်ခဲ့သော အမှတ်(၇)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ရိက္ခာပစ္စည်းများထောက်ပံ့ ပေးအပ်ပွဲကို ယနေ့တွင် စစ်တွေမြို့အမှတ်(၃၆) ရဲတပ်ရင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းက ဝန်ထမ်း တစ်ဦးအနေဖြင့် အထက်ကပေးအပ်လာသော တာဝန်များကို ကျေပွန်စွာဆောင်ရွက်ခြင်းသည် အမြင့်မြတ်ဆုံး၊ ဂုဏ်သိက္ခာအရှိဆုံး အလုပ်ပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့မိမိတို့ပြည်နယ် ကိုလာရောက်ပြီး ကျရာတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သည့်အတွက် ရခိုင်ပြည်နယ် သည်လည်း အခြေအနေတစ်ခုထိအေးချမ်း သာယာလာသည်ကို တွေ့မြင်နိုင်ကြောင်း၊ ထို့ကြောင့် ပြည်နယ်သူပြည်နယ်သားများကိုယ်စား အထူးပင် မှတ်တမ်းတင်ဂုဏ်ယူပါကြောင်းနှင့် ထပ်မံ၍လည်းတာဝန်ကျရာ ဒေသများတွင် မိမိတို့တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးက ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးတို့က ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြရာ အမှတ်(၇) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးအောင်မျိုးသန့် က လက်ခံရယူသည်။
ယင်းနောက် ထောက်ပံ့ပစ္စည်းများကို ခေတ္တဗျူဟာစစ်ရေယာဉ်စုမှူး၊ ယာယီ ဗိုလ်မှူးကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ပေးအပ်ကြရာ အမှတ်(၇) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် အမှတ်(၇) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးအောင်မျိုးသန့်ကထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)