နေပြည်တော် ဖေဖော်ဝါရီ ၂၇
လက်ရှိ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှစ၍ မြန်မာ့မီးရထား၏ ခရီးသည် ရထား ခရီးစဉ်များနှင့် ကုန်ရထားခရီးစဉ်များကို လျော့ချရပ်ဆိုင်းထားရသည်ဖြစ်ရာ အဆိုပါ အခြေအနေမှ လုပ်ငန်းများ ပုံမှန်ပြန်လည် အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ့ မီးရထားအနေဖြင့် လိုအပ်သည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် မြန်မာ့မီးရထားရုံးချုပ်မှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူ များ၊ တိုင်းအဆင့်အရာထမ်းများသည် ဖေဖေါ်ဝါရီ ၂၆ ရက်တွင် ပြေးဆွဲသောခရီးတို RBE ရထားဖြင့် တောင်ငူ-ပျဉ်းမနားလမ်းပိုင်း (၅၉)မိုင်အတွင်းလိုက်ပါ၍ ရထားသံလမ်းနှင့် တံတားများ၏ ကြံ့ခိုင်မှု၊ ဆက်သွယ်ရေးနှင့် အချက်ပြစနစ်များ၏အခြေအနေ၊ ဘူတာ (၁၅) ဘူတာတို့၌ ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုများကို စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားသည်။ ဆက်လက်၍ ၎င်းအဖွဲ့သည် ဖေဖေါ်ဝါရီ ၂၇ ရက်တွင် RBE ရထားဖြင့် ပျဉ်းမနား-ပျော်ဘွယ်လမ်းပိုင်း (၆၂)မိုင် အတွင်းရှိ ရထားလမ်းကြံ့ခိုင်မှု၊ ဘူတာ (၁၆)ဘူတာတို့၏ လုပ်ငန်းဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ပေးသည်။
အလားတူ ဖေဖော်ဝါရီ ၂၇ ရက်တွင် မြန်မာ့မီးရထားမှ (အထက်မြန်မာပြည်)နှင့် တိုင်းအဆင့် အရာထမ်းများ၊ တာဝန်ရှိသူများသည် ခရီးတို RBE ရထားဖြင့် မန္တလေး-ခင်ဦးရထား လမ်းပိုင်း (၇၈)မိုင်အတွင်းရှိ ရထားလမ်းအခြေအနေနှင့် ဘူတာ(၂၂)ဘူတာတို့၏ လုပ်ငန်းဆောင်ရွက်မှု များကို စစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဤသို့ ဆောင်ရွက်မှုအစီအစဉ်များတွင် မြန်မာ့တပ်မတော် ဒေသခံတပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ရဲတပ်ဖွဲ့ ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ သက်ဆိုင်ရာဌာနတို့မှ တာဝန်ရှိသူများကလည်း လုံခြုံရေး၊ လုပ်ငန်းများအဆင်ပြေချောမွေ့ စေရေးတို့အတွက် လိုအပ်သည်များ ကူညီညှိနှိုင်း ဆောင်ရွက်ပေးသည်။
မြန်မာ့မီးရထားအနေဖြင့် အရေးကြီးသော ရထားလမ်းပိုင်းအလိုက် လမ်းပိုင်းကြံ့ခိုင်မှု၊ သွားလာရေးစနစ်များနှင့် ဘူတာများ၏အခြေအနေတို့အရ မကြာမီတွင် ခရီးတိုနှင့် ခရီးဝေးလူစီး ရထားခရီးစဉ်များ၊ ကုန်ရထားခရီးစဉ်များကို ပုံမှန်ပြန်လည်ပြေးဆွဲပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)