Skip to main content

စစ်တွေ-ကျောက်ဖြူ(ကမ်းရိုးတန်းတိုက်ရိုက်)ရေယာဉ် ခရီးစဉ်ပြန်လည်ပြေးဆွဲ

နေပြည်တော် ဖေဖော်ဝါရီ ၂၇ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲမှ စစ်တွေ-ကျောက်ဖြူ(ကမ်းရိုးတန်းတိုက်ရိုက်) ခရီးစဉ်၊ ခေါက်ရေအမှတ်(၁) ကစ္ဆပနဒီ-၃ အမြန်ရေယာဉ်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက် ၆ နာရီတွင် စစ်တွေမြို့ မင်းဂံဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်း သိရသည်။ ရခိုင်ဌာနခွဲရှိ ကစ္ဆပနဒီ-၃ ရေယာဉ်ဖြင့် စစ်တွေ-ကျောက်ဖြူ (ကမ်းရိုးတန်းတိုက်ရိုက်) ခရီးလမ်း ကို ယခင်က တစ်ပတ်လျှင် တစ်ခေါက်ပြေးဆွဲခဲ့ရာ မိုးတွင်းကာလ ရာသီဥတုအခြေအနေအရ ခရီးသည်နှင့် ရေယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာယီရပ်နားထားသည်။ ထို့နောက် ကိုဗစ်-၁၉ ကူးစက်မြန် အဆုတ်ရောင်ရောဂါ ကာကွယ်တားဆီးရန် ရပ်နားထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်မှုနှုန်း လျော့ကျလာပြီဖြစ်သဖြင့် ဒေသခံခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခြင်း ဖြစ်သည်။ ယင်းကစ္ဆပနဒီ-၃ ရေယာဉ်သည် အတိုင်းအတာအားဖြင့် (၃၄ု ဒသမ ၇၁ မီတာ x ၆ မီတာ x၂ ဒသမ ၇၀ မီတာ) ရှိပြီး ခရီးသည် ၁၅၀ တင်ဆောင်နိုင်၍ တစ်နာရီလျှင် ရေမိုင်(၂၀)ခန့် ခုတ်မောင်းနိုင်သည်။ ယင်းရေယာဉ်ဖြင့် အပတ်စဉ် စနေနေ့ နံနက် ၆ နာရီတွင် စစ်တွေမြို့မှ ကျောက်ဖြူသို့ စတင်ထွက်ခွာပြီး တနင်္ဂနွေနေ့ နံနက်၇နာရီတွင် ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။ (သတင်းစဉ်)