Skip to main content

သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေများ(မူကြမ်း) ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၆ သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေများ(မူကြမ်း) ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၏ လုပ်ငန်း ဆောင်ရွက် ချက်များ၊ ပြဋ္ဌာန်းပြီးဖြစ်သည့် ဥပဒေ / နည်းဥပဒေများ၊ ပြဋ္ဌာန်းရန်အတွက် ဆောင်ရွက်လျက်ရှိသည့် ဥပဒေ / နည်းဥပဒေ(မူကြမ်း)များကို မိမိအနေဖြင့် လေ့လာနေဆဲ ကာလဖြစ်ပါကြောင်း၊ ယနေ့ ရှင်းလင်း တင်ပြမည့် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေ (မူကြမ်း) နှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ ဌာနများ၏ သဘောထားမှတ်ချက် ရယူဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များပြီးစီးပါက အတည်ပြုနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လိုအပ်သည့် စောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝရရှိရေး၊ ကိုယ်၊ စိတ်နှလုံးအေးချမ်းစွာ နေထိုင်နိုင်အောင် စောင့်ရှောက်နိုင်ရေး အရေးကြီးပါကြောင်း၊ မိခင်ဝမ်းတွင်းမှ သက်ကြီးရွယ်အိုအထိ ပြည်သူတို့၏ အကျိုးကို ထမ်းရွက်နေသည့် လုပ်ငန်းဆောင်တာများကို သင်ယူလေ့လာပြီး အကောင်းဆုံး၊ အကျိုးရှိဆုံး ဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေ (မူကြမ်း) ရေးဆွဲထားရှိမှု အခြေအနေများ၊ နည်းဥပဒေ(မူကြမ်း) အတည်ပြုနိုင်ရေး ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အို များဆိုင်ရာ ကော်မတီဖွဲ့စည်းထားရှိမှု၊ အစည်းအဝေးများကျင်းပ ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည့်အချက်များ၊ မရှင်းလင်းသည့်အချက်များကို မေးမြန်း ဆွေးနွေးပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများပါဝင်သည့် ကော်မတီအစည်းအဝေးများ ကျင်းပနိုင်ရေးကိစ္စများ၊ သက်ကြီးရွယ်အိုဆိုင်ရာ ရန်ပုံငွေရရှိရေး ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (သတင်းစဉ်)