Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၆ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီ ၅၃ ပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၇ အရ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေသတ်မှတ်ပြီး ပုဒ်မ ၄၁၈(က)အရဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ယာယီသမ္မတက လွှဲအပ်ခဲ့ပါကြောင်း၊ ယင်းသို့ လွှဲအပ်သည့်နေ့မှစ၍ လွှတ်တော်အားလုံး နှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများ ရပ်ဆိုင်းထားရမည်ဟု မှတ်ယူရမည့်အပြင် လွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာလွှတ်တော်များသည် အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း၊ ထိုသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်အာဏာ ၃ ရပ်ကို လွှဲအပ်ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ချမှတ်ထား သည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် ပထမလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖေဖော်ဝါရီ ၅ ရက်မှစ၍ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပေါ်ပေါက်ခဲ့သည့် မဲမသမာမှုများနှင့်စပ်လျဉ်းပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်လျက်ရှိပါကြောင်း။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သက်ဆိုင်ရာ လွှတ်တော်အသီးသီးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားသော လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိ အမှတ်ပြုလွှာများသည် မဲမသမာမှုများအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်ကာလအတွင်း အကျိုး သက်ရောက်မှုတစ်စုံတစ်ရာ မရှိကြောင်းကို ဖေဖော်ဝါရီ ၅ ရက်စွဲဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲ ကာလတွင် မဲစာရင်းကောက်ယူပြုစုခြင်း၊ ကြိုတင်မဲပေးခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံတွင် မဲပေးခြင်း စသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မဲမသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများကို သိရှိသည့် ပြည်သူများမှတိုင်ကြားနိုင်ရန် အသိပေးကြေညာချက်နှင့် မဲစာရင်းကွာဟမှုများကို ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသုံးပြုခဲ့သည့် မဲစာရင်းများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှရရှိသည့် လူဦးရေစာရင်းများ၊ မြေပြင်အခြေအနေများနှင့် ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးလျက်ရှိပြီး စစ်ဆေးတွေ့ရှိချက်များအား ထုတ်ပြန်သွားမည်ဖြစ်ကြောင်းတို့ကို ဖေဖော်ဝါရီ ၁၁ ရက်စွဲဖြင့်လည်းကောင်း၊ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေရှိ မြို့နယ် ၈ မြို့နယ်၏ မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စိစစ်တွေ့ရှိမှုများကို ဖေဖော်ဝါရီ ၁၆ ရက်တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ရှိ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့၏ မြို့နယ် အလိုက် မဲဆန္ဒရှင်စာရင်းများ စိစစ်တွေ့ရှိမှုများကို ဖေဖော်ဝါရီ ၂၂ ရက်တွင်လည်းကောင်း၊ အထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်ရိုက်နှိပ်မှုနှင့် စစ်ဆေးတွေ့ရှိချက်များကို ဖေဖော်ဝါရီ ၂၃ ရက်နှင့် ဖေဖော်ဝါရီ ၂၄ ရက်တို့တွင်လည်းကောင်း၊ လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းဆောင်ရွက် နေမှုအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်းကို ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ မဲစာရင်းစိစစ်တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ တွေ့ရှိချက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင်ပါရှိသော ပထမလုပ်ငန်းစဉ်ကို ဆောင်ရွက်ပြီးပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေး သွားမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဥပဒေနှင့်အညီ ကျင်းပပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းကို ပြုစုသွားမည်ဖြစ်ပါကြောင်း၊ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းသည် ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့၌ အသက် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူများသာ ဖြစ်ရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲများကို တည်ငြိမ်အေးချမ်းပြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပိုမိုကောင်းမွန်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံရေး ပါတီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများမှ အခက်အခဲများ၊ အကြံ ပြုချက်များရှိပါက အကြံပြုပေးကြပါရန် ပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများက မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပတွင် ရောက်ရှိနေသာ မဲဆန္ဒရှင်များအနေဖြင့် ရောက်ရှိနေ သည့်နေရာတွင် ဆန္ဒမဲပေးခြင်းဆိုင်ရာများ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးဆိုင်ရာများ၊ ရွေးကောက်ပွဲစနစ် ပြင်ဆင်ရေး၊ လွှတ်တော်ကိုယ်စားပြုကော်မတီ များ ဖွဲ့စည်းဆောင်ရွက်နေမှုအပေါ် အရေးယူဆောင်ရွက်ရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတပြီး အောင်မြင်စွာ ကျင်းပပေးရေးတို့ကို တင်ပြဆွေးနွေးခဲ့ကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေး သည်။ ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)