ပင်းတယ ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ထယ်သွန်းကျေးရွာအနီး ကုံလုံကျောင်းတိုက်ရှိ ကျေးဇူးရှင် ကုံလုံကျောင်းတိုက်ဆရာတော်၏ ရုပ်ကလာပ်တော်ထားရှိရာ စဉ့်စံကျောင်းတော်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်သည့် အခမ်းအနားတွင် ကုံလုံဆရာတော်ကြီး၏ ရုပ်ကလာပ်ထားရှိရာ စဉ့်စံ ကျောင်းတော်အနီး ဓမ္မာရုံတွင် ပင့်ဖိတ်၍ ကြွရောက်တော် မူလာကြသော မြို့နယ်သံဃာ့နာယက အဖွဲ့ ဥက္ကဋ္ဌ ရွာငယ်ကျောင်းသစ်ကျောင်းဆရာတော် အရှင်စန္ဒောဘာသနှင့် ပင့်သံဃာတော် ၁၉ ပါး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးဇော်နှင့် အဖွဲ့ဝင်များ၊ ကုံလုံစဉ်စံကျောင်းဘုရား ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးချစ်စိန်နှင့် အဖွဲ့ဝင်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ကြသည်။
ယင်းနောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား ကန်တော့ ကြကာ ဆရာတော်အရှင် စန္ဒောဘာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက စဉ့်စံကျောင်းတော်အား အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်၍ လှူဒါန်းမှုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့သည်။
ကုံလုံဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ထားရှိရာ စဉ့်စံကျောင်းတော်နှင့်အတူ ဆရာတော်ပုံ တူရုပ်တုတော်ထားရှိရာ သိရိစကြာရတနာကျောင်းတော်၊ မဟာသီရိ မင်္ဂလာ မြတ်စွာဘုရား ဆင်းတုတော်၊ ပြည်တော်အေး ဆုတောင်းပြည့်စေတီတော်၊ မြတ်ရတနာ နဂါးရုံကျောင်းတော်၊ ပြည်တော်ငြိမ်းအေးစေတီတော်တို့အား ၂ဝ၂ဝ ပြည့်နှစ်အတွင်း ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ပြန်လည်ဖွင့်လှစ် လိုက်ပြီဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အများပြည်သူများ လာရောက် ဖူးမြော်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
နောက်ဆုံးရသတင်းများ
27 Aug, 2025