Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက် လက်ခံကုသ

နေပြည်တော် ဖေဖော်ဝါရီ ၂၀ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲ များကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေး လျက်ရှိရာ ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏သဘောဆန္ဒအလျောက် ကုသရေးလုပ်ငန်းများ တွင် လာရောက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၂၀၄၂၂ ဦး၊ အတွင်းလူနာ ၂၈၈၄ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင် စားသောက်ရေး အဆင်ပြေစေရန်အတွက် စီမံဆောင်ရွက် ပေးလျက်ရှိသည်။ ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၈၅၆ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၄၆၂ ဦး စုစုပေါင်း ၁၃၁၈ ဦးတို့ကို ခွဲစိတ်ကုသပေး နိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း (ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသ ပေးလျက်ရှိသည်။ ထို့အပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော် ဆေးရုံ အသီးသီးတွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့အနက် ၅၁၃ ဦးကို ခွဲစိတ် မွေးဖွားပေး နိုင်ခဲ့ကာ ၇၅၉ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ်မျိုးဆက်သစ် ကလေးငယ် ၁၂၇၂ ဦးကို မွေးဖွားနိုင်ခဲ့သည်။ တိုင်းရင်းသားပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ၊ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ် ဆေးကုသမှုခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာ ဆေးရုံများမှလည်း လွှဲပြောင်း ၊ ကုသမှုခံယူနိုင်ကြောင်း သိရသည်။ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၅၀၀) သို့ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များကလည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံတပ်မတော်ဆေးရုံများသို့ ဆေးရုံလာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက လည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသောလူနာများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်