နေပြည်တော် ဖေဖော်ဝါရီ ၁၈
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများနှင့်ဆေးမှူးဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့များက ပါဝင်ကူညီတာဝန် ထမ်းဆောင်လျက်ရှိသည်။
အဆိုပါ လှည်းကူးမြို့နယ် COVID-19 ရောဂါ ကုသရေးဌာန (ဖောင်ကြီး)တွင် (၁၃)ကြိမ်မြောက် အဖြစ် သွားရောက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်ပါရဂူများ၊ ဆေးမှူး ဆရာဝန်များ စုစုပေါင်း ၄၀ ဦးနှင့် တာဝန်လဲလှယ်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် ဆေးတက္ကသိုလ်ရှိ Theater ခန်းမ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေက သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားပြီး သွားရောက်တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးက သွားရောက်သည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်း တင်ပြသည်။ ထို့နောက် တိုင်းမှူးက ဆေးဝန်ထမ်းအဖွဲ့အား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တာဝန်ထမ်းဆောင်ကြမည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များတွင် မေ့ဆေးပါရဂူ သုံးဦး၊ အဏုဇီဝပါရဂူ တစ်ဦး၊ ဆေးကုသမှုပါရဂူ ခြောက်ဦး၊ ခွဲစိတ်ပါရဂူ ခုနစ်ဦး၊ ဆေးမှူးဆရာဝန် နှစ်ဦးနှင့် သူနာပြုအရာရှိ ၂၂ ဦး စုစုပေါင်း ၄၁ ဦးတို့ပါဝင်ပြီး ၎င်းတို့သည် အများပြည်သူများ အခက်အခဲ ကြုံတွေ့ပြီး စိုးရိမ်စိတ်များ မြင့်တက် နေချိန်တွင် ရောဂါဝေဒနာခံစားနေရသော ပြည်သူများကို ကာကွယ်၊ ကုသနိုင်ရန် ကိုယ်တိုင်ဆန္ဒပြုခဲ့ကြခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်မှ COVID-19 ရောဂါ ကုသရေးဌာန (ဖောင်ကြီး)သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
အဆိုပါ COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)အား ၂ဝ၂ဝ ပြည့်နှစ်၊ မေ ၇ ရက်မှစတင်၍ COVID-19 ရောဂါ ပိုးတွေ့လူနာများအား ကုသပေးခဲ့ပြီး ယခုအခါ ရောဂါပိုးတွေ့ရှိသူ လျော့နည်းလာသဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပိတ်သိမ်းခဲ့ရာ ယနေ့တွင် တပ်မတော်မှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ၄၁ ဦးနှင့် ဒေသခံ Volunteer ၂ဝ တို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့နှင့် ပူးပေါင်း၍ COVID-19 ရောဂါ ပိုးတွေ့လူနာများအား အဆိုပါဆေးရုံ၌ ဆက်လက်လက်ခံကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်