Skip to main content

အရပ်သားဆရာဝန်များနှင့် သူနာပြုများမရှိ၍ ဆေးကုသရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် လွိုင်လင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၈ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာ မျိုးဇော် ဦးစီးဆရာဝန် ၄၀ နှင့် သူနာပြု ၈၀ တို့သည် ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ ၎င်းတို့၏ လုပ်ငန်းများ ပျက်ကွက်လျက်ရှိပြီး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ဒေသခံပြည်သူများအနေဖြင့် ဆေးကုသမှုခံယူရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး တာဝန်ရှိသူများက အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်ဆေးရုံများမှ ဆရာဝန်များနှင့် သူနာပြုများအား လာရောက်ကုသပေးနိုင်ပါရန် အကူအညီ တောင်းခံလာခဲ့သည်။ ထိုသို့ အကူအညီတောင်းခံလာမှုကြောင့် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ တပ်မတော် ဆေးရုံများမှ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စနစ်တကျစုဖွဲ့ပြီး ယနေ့ စေလွှတ်၍ အဆိုပါဆေးရုံရှိ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်စေခဲ့ရာ ဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြကြောင်းနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်များကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်