နေပြည်တော် ဖေဖော်ဝါရီ ၁၇
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Trade Policy Review Body (TPRB) က ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပသည့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွက် အပြီးသတ်အစီရင်ခံသည့် အစည်းအဝေး ဒုတိယနေ့ကို ယနေ့ ညနေ ၃ နာရီခွဲတွင် ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမင်းမင်း တက်ရောက်သည်။
ရှေးဦးစွာ အစည်းအဝေးအစီအစဉ်အရ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ TPRB ဥက္ကဋ္ဌ အိုက်စလန်နိုင်ငံ သံအမတ်ကြီး Mr. Harald Aspelund က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှု သဘောတူညီချက်များပါ စည်းမျဉ်းများနှင့် ကတိကဝတ်များကို မိမိတို့နိုင်ငံအနေဖြင့် အကောင်းဆုံးလိုက်ပါ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပထမနေ့ အစည်းအဝေးတွင် ကနေဒါ၊ အမေရိကန်၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်း၊ ယူကေ၊ ဂျပန်၊ ဖိလစ်ပိုင်၊ ကိုရီးယား၊ စင်ကာပူ၊ တရုတ်၊ တူရကီ၊ အင်ဒိုနီးရှား၊ အီးယူ၊ ဘရာဇီး၊ လာအို၊ တရုတ်တိုင်ပေ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ချက်၊ သြစတြေးလျနှင့် နီပေါနိုင်ငံတို့မှ စုစုပေါင်းကိုယ်စားလှယ် ၂၃ ဦးက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမူဝါဒအစီရင်ခံစာပါ အချက်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည့်အပြင် မေးခွန်းအချို့ကိုလည်း ထပ်မံမေးမြန်းခဲ့ပါကြောင်း၊ ဇန်နဝါရီ ၁၁ ရက် နောက်ပိုင်း ပေးပို့ခဲ့သော မေးခွန်းများအတွက် အဖြေများကို သတ်မှတ် အချိန်ဇယားအမီ ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်း။
ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်သည် နိုင်ငံရေးကိစ္စထက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံ ကုန်သွယ်မှုစနစ်တွင် ပါဝင်ဆောင်ရွက်နေမှုများကို ပွင့်လင်းမြင်သာစွာ အစီရင်ခံခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ၏ ကုန်သွယ်မှု မူဝါဒအပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ ချမှတ်ထားသည့် အစီအမံများကိုသာ အလေးထားကာ Technical Nature အရ ဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်အား အဖွဲ့ဝင်များ လိုက်ပါဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံစုံ ကုန်သွယ်မှု သဘောတူညီချက်များပါ စည်းမျဉ်းများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ကတိကဝတ်များကို အဖွဲ့ဝင်အားလုံးက တက်ကြွစွာ လိုက်ပါဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှုစနစ်ကို မြန်မာနိုင်ငံက အစဉ်တစိုက် အားပေး ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Discussant ဖြစ်သူ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Kirsti Kauppi က သုံးသပ်ပြောကြားပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ TPRB ဥက္ကဋ္ဌ အိုက်စလန်နိုင်ငံ၊ သံအမတ်ကြီး Mr. Harald Aspelund က မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ၎င်း၏အမြင်များကို ထပ်မံသုံးသပ် ဆွေးနွေးသည်။
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ဆက်စပ်သော ဌာနများမှစုစုပေါင်း ကိုယ်စားလှယ် ၃၀ သည် အွန်လိုင်းဖြင့် ချိတ်ဆက်တက်ရောက်ခဲ့ကြပြီး ဂျီနီဗာမြို့ရှိ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီးနှင့် ဘာသာရပ် တာဝန်ခံသံမှူးအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၆၄ နိုင်ငံမှ ကိုယ်စားလှယ်များက In person ဖြင့် လည်းကောင်း၊ Virtual Platform အသုံးပြု၍ လည်းကောင်း ပါဝင်တက်ရောက်ကြကာ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်း အပြီးသတ်အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်