နေပြည်တော် ဖေဖော်ဝါရီ ၁၇
နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့တွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က လက်ရှိကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒေသအသီးသီး၌ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအပြင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် လူမှုစီးပွားကဏ္ဍအသီးသီး၌ပါ ထိခိုက်မှုများ ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ရောဂါကူးစက်မှုနှင့် ပြီးဆုံးမည့်အခြေအနေကို ခန့်မှန်းရန်ခက်ခဲသည့်အတွက် ကာကွယ်ဆေးများ တစ်နိုင်ငံလုံး အတိုင်းအတာ ထိုးနှံပြီးမှသာ စိတ်ချရမည့် အခြေအနေဖြစ်ပါကြောင်း၊ ကာကွယ်ဆေး အမြန်ဆုံးထိုးနှံနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်လျက်ရှိပြီး ကြားကာလတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အသိ၊ သတိတို့ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း၊ ခေတ္တပိတ်ထားရသည့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ လူငယ်သင်တန်းကျောင်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းများကိုလည်း ကိုဗစ်-၁၉ အလွန် ကာလများတွင် စနစ်တကျပြန်လည်ဖွင့်လှစ် နိုင်ရေး၊ နည်းပြများနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး Capacity Building အတွက် စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်ရေး၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးတို့ကို သတိပြု ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းနှင့်စပ်လျဉ်း၍ တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြေရှင်းပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း၊
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် “တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်စေရေး” ဟူသောမဟာဗျူဟာအရ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို နယ်စပ်ဒေသနှင့် ပြည်မအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူစွမ်းအား အရင်းအမြစ်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရုံသာမက ဖွံ့ဖြိုးမှုရေရှည်တည်တံ့စေရေး၊ နယ်စပ် ဒေသဖွံ့ဖြိုးရေးအတွက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ဦးတည်ချက်ထားရှိ အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် နယ်စပ်ဒေသများတွင် အမှန်တကယ်မရှိမဖြစ်ဆောင်ရွက်ရမည့် လုပ်ငန်း စီမံကိန်းများကို နိုင်ငံတော်၏ဘဏ္ဍာငွေ အကန့်အသတ်ဖြင့် ခွင့်ပြုမှုအရ ဦးစားပေးအလိုက် အဆင့်ဆင့်ကြပ်မတ်စစ်ဆေး လျာထားခွင့်ပြုခဲ့သည့် လုပ်ငန်းများဖြစ်၍ နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့်မဖြစ်ပေါ်စေရေး၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်း၊ အရည်အသွေးပြည့်ဝစေရေး၊ လုပ်ငန်းများ အချိန်မီပြီးစီးရေးတို့ကို မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အဆင့်ဆင့်သော ဝန်ထမ်းများအားလုံး တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် စနစ်တကျစစ်ဆေးကြပ်မတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းဥပဒေအရ ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်၍ သတိပြု ဆင်ခြင်ကြစေလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံဝန်ထမ်းများကို နိုင်ငံရေး၏ အသုံးချခံမဖြစ်စေရေးနှင့် နစ်နာခြင်းမရှိစေရေးအတွက် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြရန် ဖြေလျှော့ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများ အနေဖြင့် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ရှေ့ရူ၍ ဆင်ခြင်တုံတရားဖြင့် သတိပြုဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများကို အကျဉ်းချုပ် ရှင်းလင်းတင်ပြကြပြီး ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာလုပ်ငန်းဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ၊ ခရိုင်ဦးစီးဌာနမှူးများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ဆဲ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ကိုဗစ်-၁၉ အလွန်ကာလ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ သင်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆရာ၊ ဆရာမများနှင့် နည်းပြများ အရည်အသွေး မြင့်မားစေရေး သင်တန်းများဖွင့်လှစ်သင်ကြားနေမှု အခြေအနေများ၊ ဝန်ထမ်းရေးရာ ဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လုပ်ငန်းဌာန ညွှန်ကြား ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများ၊ ခရိုင်ဦးစီးဌာနမှူးများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှု အသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်များက Online စနစ်ဖြင့် တက်ရောက်ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်းတံတား၊ ပညာရေး၊ ရေရရှိရေး၊ အိမ်ရာဆောက်လုပ်ရေး စသည့် လုပ်ငန်းစုစုပေါင်း (၅၆၀) အတွက် ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၆၂,၃၄၃ဒသမ၇၆၃)ဖြင့် လည်းကောင်း၊ တိုင်းရင်းသားလူငယ်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ သင်တန်းကျောင်းများတွင် တည်ဆောက်ရေးလုပ်ငန်း (၃၄၂) ခု အတွက် ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၁၀,၂၃၆ဒသမ၄၆၆) ဖြင့်လည်းကောင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)