နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက် ရာတွင် နိုင်ငံတကာမှ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ များစွာအရေးပါသဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ (International Commercial Passenger Flights) မြန်မာ နိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက် (Tem-porary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ၏ သက်ရောက်မှုကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁-၁၂-၂၀၂၀) ရက်နေ့၊ မြန်မာ စံတော်ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။
ယခုအချိန်ထိ ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေဆဲရှိသည့်အပြင် ဗြိတိန်နိုင်ငံ၌ စတင်တွေ့ရှိခဲ့သော ကူးစက်မြန် ဗီဇပြောင်း COVID-19 ရောဂါပိုးအသစ်ကို အချို့အာရှနိုင်ငံများအပါအဝင် အခြားနိုင်ငံများသို့ စတင် ကူးစက်နေလျက်ရှိကြောင်း တွေ့ရှိရသဖြင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်း ခရီးသည်များမှတစ်ဆင့် COVID-19 ရောဂါပိုး ကူးစက်မှုအန္တရာယ်မှ ဆက်လက်၍ တားဆီးကာကွယ်နိုင်ရေးအတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အထက်ပါညွှန်ကြားချက်၏ သက်ရောက်မှုကာလကို (၃၁-၁-၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။
တစ်ဖက်တွင် COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးထိခိုက်မှုကို ပြန်လည်ကုစားရေးအတွက် အထောက်အကူဖြစ်စေရန် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှု အရ International Commercial Passenger Flights များကို COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေအပေါ် မူတည်၍ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ နှင့်အညီ အဆင့်လိုက် ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများမှ ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း အသိပေးဖော်ပြပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန