Skip to main content

ရင်ထဲက တက္ကသိုလ်

ရန်ကုန်တက္ကသိုလ်ကြီး    တည်ထောင်ခဲ့သည်မှာ   နှစ် (၁၀၀) ပြည့်ခဲ့ပြီဖြစ်ရာ ယခုအခါ (၁၀၁)  နှစ်အတွင်းသို့ ဝင်ရောက်ခဲ့ပါပြီ။  ငယ်စဉ်က  နံနက်ချိန်ခါတေးသံသာ လာတိုင်း ကြားရတတ်သော ကိုမင်းနောင်၏ “တက္ကသိုလ် ကျောင်းသူတစ်ဦးသည်  နားထဲတွင်     စွဲနစ်နေ၏။ အောင်မင်းခေါင်ဘုရားလမ်းနေအိမ်မှ ၅ မိုင်ခွဲ မာတင် ရိပ်သာရှိ  ဦးလေးအိမ်သို့သွားတိုင်း  အင်းလျားလမ်းကို ဖြတ်ရလေ့ရှိရာ သစ်ပင်တွေ အုပ်ဆိုင်းနေသော ရန်ကုန် တက္ကသိုလ်ဝင်းကြီးထဲမှ    ဘွဲ့နှင်းသဘင်ခန်းမကြီးကို မြင်တွေ့ရလေ့ရှိပါသည်။     “သမီး  တစ်နေ့တက်ရမယ့် ကျောင်းကြီးပဲဟု အဖေက လက်ညှိုးညွှန်ပြ၏။ ကြီးမား ခံ့ထည်သော     အဆောက်အအုံကြီးက    ကျွန်မကို ရင်ခုန်စေခဲ့ပါသည်။

ဆယ်တန်းနှစ်တွင်   တောင်ကြီးမြို့သို့     မိဘများ ပြောင်းရွှေ့ခဲ့ရသည်။    ၁၉၇၈  ခုနှစ်တွင်  ဆယ်တန်း အောင်ပြီး ဒေသကောလိပ် နှစ်နှစ်တက်ကာ ၁၉၈၀-၈၁  စာသင်နှစ်တွင်   ရန်ကုန်တက္ကသိုလ်သို့   ဆက်လက် တက်ရောက်ခဲ့သည်။  တကယ်တော့  တောင်ကြီးဒေသ ကောလိပ်မှ မေဂျာလိုင်းရ၍ တတိယနှစ် ဆက်တက်လျှင် မန္တလေးတက္ကသိုလ်သို့သာ တက်ရောက်ရမည် ဖြစ်သည်။  သို့သော်     ကျွန်မသည်   ဆရာဇဝန၏    ကောလိပ် ကျောင်းသား၊ ဆရာသိန်းဖေမြင့်၏  အရှေ့က  နေဝန်း ထွက်သည့်ပမာ၊ သပိတ်မှောက်ကျောင်းသား၊ တက္ကသိုလ်  ဘုန်းနိုင်၏ ညီမလေးရယ် စိုးရိမ်မိတယ်၊  ကမ္ဘာကုန်ကျယ် သရွေ့ဝယ်၊ ဒေါ်ခင်ဆွေဦး၏ နှင်းဆီကမွှေး၊ ဆရာငြိမ်းကျော် ၏ ပဉ္စမမြောက် ဆောင်းရက်များ၊ မောင်ဝဏ္ဏ၏ ပန်းတွေ နဲ့ဝေ၊ အောင်ပြည့်၏ ပြိုမှာလေလား မိုးရဲ့၊ နေရစ်တော့  မြသီလာစသည့်     ရန်ကုန်တက္ကသိုလ်သမိုင်း   နောက်ခံ ဝတ္ထုများ၊ စာကဗျာများ ဖတ်ရှုပြီး ရန်ကုန်တက္ကသိုလ်သို့  ကျောင်းတက်လိုစိတ်က            ကြီးမားနေခဲ့ပါသည်။ သူငယ်ချင်းတချို့ပင် ဒုတိယနှစ်အောင်၍ ဆေး၊ စက်မှု၊ အီကိုတို့မဝင်လျှင် ရန်ကုန်သွားမတက်ရမည်စိုး၍ ဒုတိယ နှစ်ကတည်းက ရန်ကုန်ဒေသကောလိပ်များသို့ ပြောင်းရွှေ့ သွားကြသည်။ ကျွန်မလည်း တတိယနှစ်တွင်   ရန်ကုန် တက္ကသိုလ်သို့  ပြောင်းရွှေ့တက်ရောက်ရန်   ကြိုးစားခဲ့ပြီး  တက်ခွင့်ရခဲ့ပါသည်။

လှမ်းမျှော်ကြည့်မိ

ဂျပ်ဆင်ဝင်ပေါက်မှဝင်ပြီး         တက္ကသိုလ်မြေကို  ခြေချလိုက်ရသည်နှင့်    ကားပေါ်မှ   အဖေညွှန်ပြခဲ့သော ကျောင်းကြီးကို    “ငါတကယ်တက်ရပြီ      ဆိုသော အတွေးကြောင့်   ရင်ထဲတွင်   သိမ့်ခနဲလှိုက်ခါခဲ့ရသည်။ သီရိဆောင်ရှေ့က ရေတမာပင်တန်းများကို ဖြတ်လျှောက် ရင်း မောင်ဝဏ္ဏ၏  “ပန်းတွေနဲ့ဝေ ထဲမှ   အောင်လတ် နှင့် ဝေကို မြင်ယောင်လာသည်။ ဆရာအောင်ပြည့်၏ “ဂိုရမ်း ဆိုသော အချစ်တမန်တော်ကိုလည်း သီရိဆောင် ၏ ဂိတ်ဝမှာများ ရှိလေမလား။ ပါလာအဝမှာ  ရပ်နေ လေသလား လှမ်းမျှော်ကြည့်မိပါသည်။

တကယ်တော့ ရန်ကုန်တက္ကသိုလ်သည်  ကျွန်မ၏ နှလုံးသည်းပွတ်ထဲတွင် အမြစ်တွယ်စွာ ခိုဝင်ခဲ့သည်မှာ ငယ်ဘဝသက်တမ်းတစ်လျှောက်မှ    ယနေ့တိုင်   ဖြစ်ပါ သည်။ ဗိသုကာလက်ရာမြောက်သော  အဆောက်အအုံ ကြီးများက     ဖမ်းစားသည်။   ကြီးမားအုပ်ဆိုင်းသော သစ်ပင်ကြီးများက       ထိုအဆောက်အအုံကြီးများ၏ ရုပ်ကြွအလှကို ဖြည့်ဆည်းထားပြန်သည်။  ခံ့ညားခြင်းနှင့်  မှော်ဆန်ခြင်းတို့သည်    တစ်ပြိုင်နက်တည်း   ပေါင်းစပ်၍ နေသည်။ ဝင့်ကြွားသော ဂုဏ်သတ္တိကိုပေးသလို လွမ်းမော စရာ အငွေ့အသက်များကိုလည်း ခံစားရသည်။

သက်မဲ့ရုပ်ဒြပ်တို့တွင်  သက်ရှိတို့၏  စွမ်းဆောင် ချက်များ၊ ဂုဏ်ဒြပ်များ၊ ဝိညာဉ်များ ထင်ဟပ်လိုက်သော အခါ ထိုရုပ်ဒြပ် အဆောက်အအုံတို့သည် “သမိုင်းတန်ဖိုး ကြီးမားသွားလေသည်။

သမိုင်းအစဉ်အလာ ကြီးမား

အမျိုးသားရေးစိတ်ဓာတ်     နိုးကြားရှင်သန်ခြင်း၊ မြန်မာ့လွတ်လပ်ရေးအတွက်    ကြိုးပမ်းလှုပ်ရှားမှုများ၊ အာဏာရှင်စနစ်     ဆန့်ကျင်ရေးစသည်တို့မှသည်   ဒီမို ကရေစီရေးတိုက်ပွဲများအထိ    တိုင်းပြည်၏ကံကြမ္မာကို  ပြောင်းလဲသွားစေခဲ့သော     ရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းအစဉ်အလာက ကြီးမားသည်။  မည်သည့်အရာကမျှ  ဖျောက်ဖျက်၍ မရ။   ထို့ကြောင့်ပင်   ရန်ကုန်တက္ကသိုလ် ဆိုသည်နှင့်    တန်ဖိုးထားစရာ၊  တမ်းတလွမ်းမောစရာ များက ကပ်ပါလာကြသည်။

တက္ကသိုလ်ကျောင်းသားဘဝ       ဖြတ်သန်းမှုတွင် ကျွန်မ၏ ပုံရိပ်သည် မည်မည်ရရမရှိခဲ့ပါ။  သမိုင်းတာဝန် ဆိုသည်များနှင့်လည်း     ဝေးကွာလှပါသည်။   ကျွန်မတို့ ဆယ်တန်းအောင်သော ၁၉၇၈ ခုနှစ်သည် ၁၉၇၄-၇၅-၇၆ အရေးအခင်းများနောက်ပိုင်း ဒေသကောလိပ်အသီးသီးကို ဖွင့်လှစ်လိုက်ပြီး   အဆင့်မြင့်ပညာရေးစနစ်ကို    စမ်းသပ် ပြောင်းလဲလိုက်သောကာလများ  ဖြစ်ပါသည်။  ကျွန်မတို့ ကျောင်းသားများသည်     စမ်းတဝါးဝါး၊  ပထမနှစ်တွင် ဘိုင်အိုတွဲ၊ သင်္ချာတွဲ၊  ဝိဇ္ဇာတွဲတို့မှ  တစ်ခုခုကို    ရွေးချယ် တက်ရောက်ရသည်။ ဒုတိယနှစ်တွင် လုပ်ငန်းအတတ်ပညာ အမျိုးမျိုး၊ ပထမနှစ်တွင် ဘာသာစုံသင်ကြားရပြီး ဒုတိယ နှစ်တွင် လုပ်ငန်းနှင့်သက်ဆိုင်သော အတတ်ပညာမျိုးကို သင်ယူရသည်။    ထိုမှ   သုံးနှစ်ရမှတ်ကို    ပျမ်းမျှယူ၍ တက္ကသိုလ်အသီးသီးသို့  ဝင်ခွင့်ရရှိကြသည်။  တတိယနှစ်၊ စတုတ္ထနှစ်များတွင် နိုင်ငံရေးသိပ္ပံမှလွဲ၍ ဘာသာစုံ အင်္ဂလိပ် လို သင်ကြားကြရပြန်သည်။ ဘွဲ့ရပညာတတ် အလုပ်လက်မဲ့ ဆိုသော မပီပြင်သော အနာဂတ်အတွက်  ခရီးချီတက်ခဲ့ကြ ရဖူးသူများသည် ခံစားချက်ကို သိကြပါသည်။

ကောလိပ်အသီးသီးမှ ဆရာ ဆရာမများ၊ အုပ်ချုပ်သူများ၊ ဒေသအာဏာပိုင်များက ကျောင်းသား ကျောင်းသူများ အေးအေးချမ်းချမ်းပညာသင်ကြားသည်ကိုသာ  လိုလားကြသော ကာလလည်း ဖြစ်ပါသည်။

ကိုယ်တွေ့အဖြစ်

မှတ်မှတ်ရရ    ကိုယ်တွေ့အဖြစ်ကို   ပြောရပါလျှင် ၁၉၇၉-၈၀ ဒေသကောလိပ်   ဒုတိယနှစ်   နှုတ်ဆက်ပွဲ အခမ်းအနားတွင်   ကြုံတွေ့ခဲ့ရသော    အဖြစ်အပျက်ကို ဖော်ပြလိုပါသည်။  Farewell  ကျင်းပမည့်  ခန်းမကြီးကို ကျွန်မတို့ပြင်ဆင်ကြ၏။ အဆို၊ အက၊ တီးဝိုင်း၊ အကျွေး အမွေး စုံစုံလင်လင်ပါသည်။    ခန်းမကို   ပြင်ဆင်ကြရာ လေးဘက်လေးတန် နံရံများပေါ်တွင် အမှတ်တရစကားများ၊ စာတမ်းများရေးသား၍ ချိတ်ဆွဲကြ၏။ သည်နှုတ်ဆက်ပွဲ ပြီးသည်နှင့်   ဒေသကောလိပ်မှ  ကျောင်းသား ကျောင်းသူ တို့သည်    ရန်ကုန်၊   မန္တလေးတက္ကသိုလ်အသီးသီးသို့ တက်ရောက်ကြရမည်။ ခွဲခွာကြရမည်။

ကျွန်မသည် ဆံရစ်ဝိုင်းနှင့် နားသန်သီးလေး တပ်ထားသော     မိန်းကလေးပုံလေးကိုဆွဲ၍   ပုံ၏အောက်တွင် “ဝန်ကြီးဖြစ်လည်းမမေ့နဲ့၊ သူတောင်းစားဖြစ်လည်းမမေ့နဲ့ ဟူသော စာသားလေးထည့်သွင်းကာ  နံရံတွင်   ချိတ်ဆွဲ လိုက်၏။ ညနေရောက်၍ ဌာနမှူးက အခမ်းအနား ပြင်ဆင် ထားပုံကို  လာရောက်ကြည့်ရှုရာ  ကျွန်မပုံရှေ့ရောက်သော အခါ မျက်နှာမှာ မသာမယာဖြစ်၍ သွားလေသည်။ ကျွန်မ ဆွဲထားသည်ကို သိသောအခါ ဖြုတ်လိုက်ဖို့ ပြောပါသည်။ ကျွန်မက   “ဆင်ဆာ  ၏   သဘောတရားကို   သိသည့် အားလျော်စွာ “ဆရာရယ်။ ဒီစာသားဟာ  ကျွန်မကိုယ်ပိုင် မဟုတ်ပါဘူး။   အမျိုးသားစာပေဆုရ    စာရေးဆရာမ တက္ကသိုလ်မြစိမ်းရဲ့ တိုင်းမင်းကြီးသမီးဝတ္ထုထဲက စာသား ပါ။ ထုတ်ဝေပြီးသား လူကြိုက်များ ထင်ရှားပြီးသားပါ ဆရာ။ ဘာမှ မငြိစွန်းပါဘူးဟု   ရှင်းပြလိုက်ပါသည်။  “ပြီးတော့ ဒါ သူငယ်ချင်းတွေ အချင်းချင်းကို ရည်ရွယ်တဲ့  စကားပဲ ဆရာရယ် ဟု ရင်ထဲမှာ တိုးတိုးလေး ထပ်ပြော နေမိပါသည်။   ကျွန်မရှင်းပြလိုက်မှ  ဆရာ့မျက်နှာမှာ ပို၍ညှိုးငယ်သွားပါသည်။  “မလုပ်ပါနဲ့  ငါ့တပည့်ရယ်၊ မကောင်းပါဘူး ဆရာ့အသံမှာ ခပ်ပျော့ပျော့၊ မျက်နှာလေး ငယ်သွား၏။  တပည့်တွေကို အမြဲအလိုလိုက်သော ဆရာ။  ခုတော့  ဆူလည်း  မဆူရက်။ ခွင့်လည်း မပြုဝံ့။ တပည့်ဆန္ဒ ကိုလည်း နားလည်သည်။  နှုတ်ဆက်ပွဲအခမ်းအနားတွင်  ပါတီ၊  ကောင်စီမှလာမည်။  ကျောင်းအုပ်ကြီး လာမည်။  ဆရာ့ကိုကြည့်ပြီး သနားသွားသဖြင့် ပုံလေးကို ဖြုတ်ပေး လိုက်ပါသည်။

ထိုအခြေအနေမျိုးတွင်     ရန်ကုန်တက္ကသိုလ်သို့ တတိယနှစ်   ကျောင်းသူအဖြစ်  တက်ရောက်ခဲ့ရသည်။ သို့သော် ပျော်စရာကောင်းလှပါဘိ။ ၁၉၈၀-၈၁၊ ၁၉၈၁-၈၂ တက္ကသိုလ် ပညာသင်နှစ်များတွင် ကျွန်မတို့သည်  ပေါ့ပေါ့ပါးပါး၊    ပျော်ပျော်ရွှင်ရွှင်။   တက္ကသိုလ်ကျောင်းသား ဘဝ (University Student Life) ဆိုတာကို အပြည့်အဝ ခံစားခဲ့ကြရသည်။ ကျွန်မက စာကျက်ပျင်းသူမို့ သင်္ချာ မေဂျာယူသည်။  ယောကျ်ားလေးအများစုကလည်း  သင်္ချာအဓိက   ယူကြသည်။   မောင်မယ်သစ်လွင်ကြိုဆို ပွဲတွင် သင်္ချာပါမောက္ခ ဒေါက်တာချစ်ဆွေက သင်္ချာ ဘာသာကို   တကယ်တော်သည့်သူများ    လာယူဖို့ ကောင်းကြောင်း၊ MC ဝင်သည့် ကလေးများ သင်္ချာကို လာတက်ဖို့ကောင်းကြောင်း၊  ခုတော့  သင်္ချာဘာသာရပ်မှာ  အမှတ်နည်းသူများ၊  စာကျက်ပျင်းသူများ ရွေးချယ်စရာ မေဂျာဖြစ်နေကြောင်း၊ သို့သော်   ဘယ်လိုပင်ဖြစ်ဖြစ် ဆရာတို့ကတော့ တတ်မြောက်အောင်  သင်ကြားပေးမှာ ဖြစ်ကြောင်း၊   တပည့်တို့ကလည်း    ချစ်လို့ပဲယူယူ၊ မိဘပေးစားလို့ပဲယူယူ      ယူပြီးရင်တော့    သစ္စာရှိရှိ  ချစ်ချစ်ခင်ခင် ရိုးမြေကျအောင်ပေါင်းဖို့လိုသလို သင်္ချာကို  ချစ်ဖို့၊ တတ်မြောက်အောင် သင်ကြားဖို့၊ စိတ်တိုသံလေး စွက်လိုက်၊ ပြန်ချော့လိုက်ဖြင့် အဖေကြီးက သားသမီးကို  ဆုံးမသလို မိန့်မှာခဲ့သည်ကိုလည်း ယနေ့တိုင် မမေ့နိုင်ပါ။ ထို့ကြောင့်လည်း ရိုးရိုးမေဂျာတက်၍ B.Sc  ဘွဲ့လေး ရခဲ့သည်ဟုလည်း ဂုဏ်ငယ်သည် မထင်ခဲ့။  နက်နဲသော  မိခင်ဘာသာရပ်အတွက် ဂုဏ်ယူနေဆဲ ဖြစ်ပါသည်။

ကျောင်းတက်ပြီး အတန်းမတက်သော နေ့ရက်များ ကိုတော့    ကျောင်းတော်ကြီးက    ခွင့်လွှတ်ရစမြဲ။ ကျောင်းကြီးက အမြဲစည်ကားနေသည်။  အတန်းမတက် ကြသော်လည်း မိုးလင်းမှ မိုးချုပ်ကျောင်းထဲမှာ ရှိကြ သည်။ ကျွန်မဆိုလျှင် စနေ၊ တနင်္ဂနွေမှာပင်  အမျိုးတွေ အိမ်မသွားအား၊ ကျောင်းနှင့် တစ်ဖဝါးမှမခွာ။ အင်းလျား ဆောင်သူဘဝကလည်း  တက္ကသိုလ်ကျောင်းသူဘဝကို      ပိုမိုပြည့်စုံစေခဲ့သည်။ အဆောင်နောက်ပေါက်   ပေါင်းမိုး ပါသော   စင်္ကြံလေးတစ်လျှောက် နေတစ်ပြောက်မပူ၊ မိုးတစ်ပေါက် မစိုစေရဘဲ  စာသင်ခန်းထဲ ရောက်ကြရသည်။

ကျောင်းသားအများစုမှာ    ငွေစာရင်းဌာန   (Cash)အောက် လှေကားတွင် စုထိုင်လေ့ရှိကြသည်။   Science  Building ၊ Arts Building များ၏ ဝင်ပေါက်  မြောင်းခုံများ ပေါ်မှာ၊ စာသင်ခန်းအပြင်ဘက်  ကော်ရစ်ဒါတစ်လျှောက်  ဘေးပေါင်များပေါ်မှာ အမြဲပျော်နေသော ကျောင်းသား များကို တွေ့ရမည်။ စာကြမ်းပိုးများ၊ စာပေဝါသနာရှင် များက စာကြည့်တိုက်ထဲ တကုပ်ကုပ်။   RC အထဲမှာလည်း အနုပညာခန်းမက တဒင်ဒင် တဒေါင်ဒေါင်။ အားကစား ခန်းမထဲပွဲရှိလျှင်  ခုံတန်းများပေါ်   ပြိုင်တူဆောင့်နင်း ကြရင်း    အားပေးသံများက   တဒုန်းဒုန်း။  RC ထဲတွင် ဘက်စကက်ဘော၊ ဘော်လီဘောပွဲများမှာ  အားပေး အကြမ်းဆုံးပွဲများ ဖြစ်ကြသည်။  “အုတ်ကျားမြက်ပေါက် Maths ကိုရောက် ဟု ထီးအမည်းတွင် ဆေးအဖြူဖြင့်  စာရေးထားသော ကျောင်းသားတစ်ဦးနှင့် ရန်ဖြစ်ခဲ့ရသည်  ကိုလည်း သတိရပါသေးသည်။ 

ကျောင်းထဲတွင် ပွဲမရှိသောနေ့ပင် မရှိသလောက်ဟု ထင်မိသည်။   ဘာပဲဖြစ်ဖြစ်    မေဂျာအလိုက်  Fresher   ပွဲများရှိသလို  အဆောင်အလိုက်ကျင်းပသော  ပွဲများ လည်း ရှိသည်ကိုး။ နှစ်စတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ (Freshers'   Welcome) များ ရှိသည်။  မေဂျာအလိုက်  ကြိုသည်။ အဆောင်များက အဆောင်အလိုက် ကြိုသည်။  မြို့နယ်အသင်းအဖွဲ့များက မြို့နယ်အလိုက် ကြိုသည်။  သန်လျင်၊  ပဲခူး၊  ကျိုက်ထီးရိုးစသည့်   ခရီးတိုလေးများ စုထွက်ကြသည်။ တက္ကသိုလ်အနုပညာအသင်းမှ ကျင်းပ သော အငြိမ့်ပွဲများ၊ အဆိုပြိုင်ပွဲများမှပင်  ယနေ့ထင်ရှား ကျော်ကြားသော  အနုပညာရှင်များ   ပေါက်ဖွားလာပါ သည်။

RC  အပေါ်ထပ်တွင်    တိုင်းရင်းသားအသင်းအဖွဲ့ အသီးသီးက     ရိုးရာစားသောက်ဆိုင်များဖွင့်၍     စုစည်း ရောင်းချသော    ပွဲကလည်း   နှစ်စဉ်ကျင်းပမြဲ ဖြစ်သည်။ ပြည်နယ်နေ့ အထိမ်းအမှတ်ကပွဲများကလည်း ရှိသေး သည်။ စနေ၊ တနင်္ဂနွေနေ့များတွင် သိပ္ပံခန်းမ၊ ဝိဇ္ဇာခန်းမ အပေါ်ထပ်များတွင်  စာပေဟောပြောပွဲများကို  ကျင်းပ ပေးသည်။

မေဂျာနှုတ်ဆက်ပွဲများ

အသင်းအဖွဲ့များကလည်း စုံလင်သည်။ တက္ကသိုလ် အနုပညာအသင်း၊  ပန်းချီအသင်း၊  လှေလှော်ရွက်တိုက် အသင်း၊  ခြေလျင်နှင့်တောင်တက်အသင်း၊  တက္ကသိုလ် အရန်တပ်ရင်း။ နှစ်လယ်ရောက်တော့ ပန်းချီပြပွဲ၊ ကာတွန်း ပြပွဲ၊ နံရံကပ်စာစောင်ဆိုသည်များ အလှည့်ကျလာသည်။ နှစ်ဆုံးခါနီးတွင်    မေဂျာအလိုက်၊     အဆောင်အလိုက် Farewell ဟုခေါ်သော နှုတ်ဆက်ပွဲများ။ RC ခန်းမကြီး ထဲမှာ မေဂျာနှုတ်ဆက်ပွဲများ  မပြတ်။  L-P-J,  Play Boys, The Wilde ones တီးဝိုင်းကြီးများ၊ အဆိုတော်များ အများအပြား လာရောက်ဖျော်ဖြေကြသည်။   Venus  ဟုခေါ်သော မိန်းကလေးများ ဆိုတီးသော အဖွဲ့သည်လည်း နာမည်ကြီးသည်။ အဆောင် Dinner များတွင်  မြန်မာ့ အသံခေတ်ပေါ်တီးဝိုင်း၊  စိန်ဗိုလ်တင့်တို့ဖြင့် မြိုင်မြိုင် ဆိုင်ဆိုင်။ ကိုယ်ပိုင်အငြိမ့်များ  ကပြဖြေဖျော်ကြသေး၏။   ရတနာဆောင်မှ ကျောင်းသူများ၏ လူရွှင်တော်အမည်များ က ကြက်ရိုးတို့၊  ဘဲဥတို့ဆိုလား။

ကျောင်းထဲတွင် ခြေစကြာဖြန့်ပြီးတော့  ကင်န်တင်း တွေမှာ  စားကြနားကြ။   ဂျပ်ဆင်ကင်န်တင်း၊   အီကို  ကင်န်တင်း၊ ဆိုင်းယင့်စ်ကင်န်တင်း၊  တောင်ငူကင်န်တင်း၊ နာမည်ကျော်            ဦးချစ်လက်ဖက်ရည်ဆိုင်တို့သည် ကျောင်းသား ကျောင်းသူများ စတည်းချရာ။ ထမင်းတစ်ပွဲ  ပြား ၅၀၊ အကြော်သုပ်တစ်ပွဲ နှစ်ကျပ်။ ငွေ ငါးကျပ်ပါလျှင် သူငယ်ချင်းနှစ်ယောက်       စားလောက်သည့်ခေတ်။  ဦးယမ်းဘီလူး၊ ကိုအောင်ရင်၊ ဦးကြက်ဖ၊ အမေကြည်တို့မှာ ကျောင်းသားတို့၏    မိတ်ဆွေများ၊   ဂျပ်ဆင်နံဘေးက ရွှေဘိုဆောင်ဘေး ဘယ်ဘက်လမ်းမှဖြတ်၍    ငှက်ပျော တောလေးရှိသော   ဦးချစ်ဆိုင်ကို     သွားခဲ့ကြသည်။ စာသမား ပေသမားများက ဦးချစ်ဆိုင်တွင် စုရုံးလေ့ရှိ၏။ တစ်နေ့ကပင်  ဦးသန့်အရေးအခင်းတွင်  ကျောင်းများ ပိတ်လိုက်သော်လည်း ဦးချစ်ဆိုင်မပိတ်။ ကျောင်းသား များအတွက် ရေနွေးတည်ပြီး ကုသိုလ်ပြုနေသဖြင့် ဖမ်းဆီး ခံရပြီး ထိုစဉ်က မော်စကိုဟုခေါ်သော နရသိန်တွင် နှစ်လ  ခန့်နေခဲ့ရသည်ဟု ကျောင်းသားဟောင်းတစ်ဦး ဖေ့စ်ဘွတ် တွင် ရေးသားထားသည်ကို ဖတ်လိုက်ရသေးသည်။

တစ်ခါတလေတော့          အမရဆောင်မှထွက် တက္ကသိုလ်ရိပ်သာလမ်းဘက်ကိုဖြတ်ပြီး       တက္ကသိုလ် ဓမ္မာရုံရှေ့က      ပုစွန်ခွက်ကြော်ကို     ပြေးစားကြသည်။ တောင်ငူဆောင်၊ အမရဆောင်၊ ရာမညဆောင်၊ မန္တလေး  ဆောင်တို့သည်   Compound   ကြီးတစ်ခုတည်းတွင် ကျောချင်းကပ်     တည်ရှိကြသည်။  ထိုအဆောင် လေးဆောင်မှာ  ၁၉၆၂-၆၃    ခုနှစ်လောက်ကအထိ ကျောင်းသားဆောင်များဖြစ်ခဲ့ပြီး နောင်တွင်    လူနေခန်း  များကို      ဖြိုဖျက်ပြီး   ဘာသာရပ်ဆိုင်ရာဌာနများ၊ စာသင်ခန်းများဖြစ်သွားကြသည်ဟု သိရဖူးပါသည်။

လှည်းတန်းမှ ကော်ပိုရေးရှင်း (9) ၊ ဦးဆောက်ပန်း စာပေ၊ ဆီချက်ဆိုင်များ၊ မနွယ်အသုပ်၊ အိမကျောက်ကြော ဆိုသည်များကလည်း ခြေရာထပ်ခဲ့သော  နေရာများဖြစ်ပါ သည်။ အမရဆောင်ရှေ့မှ ကမာရွတ်ရဲစခန်းသည်လည်း  ကျွန်မဘဝတွင် ပုံရိပ်တစ်ခု။

တစ်နေ့ကျောင်းမှ စကော့ဈေးအသွား  ဒတ်ဆန်း လိုင်းကားရှေ့ခန်းတွင်  ထိုင်ရာ  ထိုစဉ်က  ငါးမူးသာ  ပေးရသော  ကားခကို၊   စပယ်ယာက  တစ်ကျပ်ယူပြီး ပြန်မအမ်း။ ငါးမူးပြန်အမ်းဖို့ပြောတော့ ရှေ့ခန်းက တစ်ကျပ် ဟု ဆိုသည်။ တစ်သက်လုံးစီးနေတာ ငါးမူးမို့ စပယ်ယာနှင့် တစ်ယောက်တစ်ခွန်း စကားများကြသည်။ စပယ်ယာက  “ရော့ရော့ ပြန်ယူ ဟု အော်ကာ ကျွန်မပေးသော ကျပ်စေ့ ကို ပြတင်းပေါက်မှ ကျွန်မပေါင်ပေါ်သို့ ပစ်ချပေးလိုက် သည်။ ကားကလည်း ထွက်ပြီ။ ကျွန်မဒေါသဖြစ်၍ မဆုံး။  ဘုန်းကြီးလမ်းထောင့်တွင် Surprised Check ဟုခေါ်သော ရဲအဖွဲ့ကိုတွေ့တော့   ကားကိုရပ်ရပ်ဟုဆိုကာ   တံခါးကို ဖွင့်ပြီး    ကားထဲကပြေးထွက်၍   ရဲကိုသွားတိုင်သည်။ စပယ်ယာ၏ ဆက်ဆံရေးဆိုးရွားပုံ၊ ပိုက်ဆံကို ပေါင်ပေါ် သို့  ပစ်ချပေးပုံတို့ကို  ဒေါသတကြီး  ပြောပြလိုက်သည်။ ရဲတွေက ကားကိုရပ်ပြီး  စပယ်ယာကို  လိုင်စင်သိမ်းလိုက် သည်။ ကျွန်မကို နောက်ကားနှင့် တင်ပေးလိုက်သည်။

ထိုအဖြစ်အပျက်မှာ သောကြာနေ့နံနက်က ဖြစ်၏။  စနေ၊ တနင်္ဂနွေ      ကျောင်းပိတ်သောအခါ     ထိုကိစ္စကို မေ့သွားသည်။  တနင်္လာနေ့  ကျောင်းပြန်ဖွင့်ချိန်   ညနေ စောင်းတွင် ကမာရွတ်ရဲစခန်းမှအဆောင်ကို    လိုက်လာ သည်။  အဆောင်မှူးက  ကျွန်မ   ဘာဖြစ်လာမှန်းမသိ။ တစ်ခုခုဖြစ်လာလျှင် အဆောင်မှူးကို သတင်းပို့ရသည်ကို  ကျွန်မမေ့သွားခဲ့သည်။

ခင်လေးဝင်း ဘာတွေလုပ်လာလဲ အခန်းဘက်ကို  လာ၍ အဆောင်မှူး မမဝေ (ဒေါက်တာစန်းစန်းဝေ) က စိုးရိမ်တကြီးမေးသည်။ ထိုကျမှ သတိရပြီး  ဖြစ်ကြောင်း ကုန်စင်ပြောပြရသည်။ မမဝေမျက်နှာက တင်းမာသွားသည်။  ရုံးခန်းထဲရောက်တော့ တစ်ပွင့်နှင့်   ရဲအရာရှိ၊ ရဲတပ်ကြပ်ကြီး နှင့်  ကားဒရိုင်ဘာ၊  စပယ်ယာတို့ကို တွေ့လိုက်ရသည်။ ကျွန်မက တိုင်ချက်ဖွင့်ထား၍ ရဲက  လိုင်စင်သိမ်းထားသဖြင့်     ပြန်လည်ကျေအေးပေးပါမှ ယာဉ်ပေါ် ပြန်တက်ခွင့်ရမည်။ မမဝေက    မိမိကျောင်းသူတစ်ဦးကို   သည်လိုဆက်ဆံ ခံရသည်ကို    သူလည်း မကျေနပ်ကြောင်း၊  ကာယကံရှင် ကျောင်းသူကလည်း   ကျေအေးပေးနိုင်မည်မထင်ကြောင်း    ခပ်တင်းတင်း      ဆိုလိုက်သည်။   တောင်းပန်စကားများ၊  မိသားစု စားဝတ်နေရေးဆိုတာများ အကြိမ်ကြိမ်ပြောလာမှ  မမဝေက ကျွန်မကို     လက်မှတ်ထိုး    ကျေအေးခွင့်ပြုပေးရန် တိုက်တွန်းပြောဆိုဟန်ပြုသည်။  ရဲအရာရှိက မျက်နှာလေး အောက်ချကာ   “ကျွန်တော်တို့   ကမာရွတ်ရဲစခန်းကို ကျောင်းသားတွေနဲ့     ဘာမှပြဿနာမဖြစ်စေရဘူးလို့ အထက်က  မှာကြားထားတာပါ။   နောင်ဒီလိုင်းကားတွေ ဒီလိုရိုင်းပျတဲ့   ဆက်ဆံရေးမဖြစ်စေရပါဘူးဟု အာမခံ သွားသည်။ မမဝေက ကျွန်မကို အဓိပ္ပာယ်ပါပါကြည့်သည်။  ရုံးခန်းကအထွက် အဆောင်သူများက စောင့်ပြီး ဝိုင်းအုံ မေးကြသည်။  “အင်းလျားဆောင်ကို   ရဲတွေလာတယ် ဟုလည်း  နာမည်ကြီးသွားပါတော့သည်။

တကယ်တော့    အဆောင်သူဘဝတွင်   နေထိုင်ခွင့် ရခဲ့ခြင်းသည်လည်း ကျောင်းသားဘဝ၏ ပြီးပြည့်စုံသော  ပျော်ရွှင်မှုတစ်မျိုးကို  ပိုင်ဆိုင်ခွင့်ရရှိခဲ့ခြင်း   ဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး အတူနေ၊ အတူစား၊ အဖော်မင်သော အရွယ် မို့ ညီအစ်မတွေလို ချစ်ကြရသည်။ ကျောင်းသားများက ပိုဆိုးသည်။  day   တက်သူများကလည်း  အိမ်မပြန်။ အဆောင်များတွင်   အတူလိုက်အိပ်ကြ၊  ကျောင်းတက်ကြ။  ရှိတာ ဝေမျှသုံးကြ။

အမှတ်ရစရာများ

အဆောင်သူဘဝတွင်လည်း    အမှတ်ရစရာများစွာ ကျန်ရစ်ပါသည်။

တစ်ည အဆောင်ကို သူခိုးဝင်သည်။ ည ၁ နာရီ ခန့် အိပ်မောကျတုန်း သူခိုး သူခိုးဟူသော  အော်သံကြောင့် လန့်နိုးလာသည်။   ကျွန်မနှင့်   အခန်းဖော်   မာမာတို့ အခန်းထဲမှ အပြင်ထွက်ဖို့၊   အပြင်ရောက်လျှင်   အခန်းကို ပြန်ပိတ်ဖို့   အခန်းသော့    ရှာကြသည်။    သူတစ်ချောင်း၊  ကိုယ်တစ်ချောင်းရှိပါလျက် တစ်ချောင်းမှ ရှာမတွေ့။ ကျွန်မက တံမြက်စည်းရိုးကို ကိုင်ထားသည်။ အောက်ထပ်မှ အိုင်စီ ကျောင်းသူ မမုန်းနှင့် မိုးကုတ်သူ ဂျာကော့တို့က တီစကွဲကြီး  များဖြင့် အခန်းရှေ့ရောက်လာသည်။  ကျွန်မတို့က အခန်းက မထွက်နိုင်သေး။

နင်တို့ ဘာလုပ်နေတာလဲ

သော့ရှာနေတာ

ဟဲ့ ဒီမှာလေ သော့

မျက်စိရှေ့ စားပွဲပေါ်က သော့တွဲ နှစ်တွဲကို နှစ်ယောက် စလုံး မတွေ့ကြ။ အပြေးထွက်ပြီး လှေကားထိပ်ရောက်တော့ ဘုရားစာရွတ်နေသော “ပြည် မြို့သူ သိင်္ဂီက  ကျွန်မတို့  လက်ထဲက လက်နက်တွေ ကြည့်ပြီး “ဟဲ့ဟဲ့ သတိထားကြ  သတိထားကြ ဟု တုန်တုန်ရီရီဆိုသည်။ လားရှိုးသူ ကိန်ခမ်း၊ နန်းညွန့်နှင့် ခင်မေဆိုင်တို့ကလည်း လက်ထဲမှာ ဓာတ်မီး များ      တုတ်များကိုယ်စီနှင့်။    အဆောင်လှေကားတွင် ကျောင်းသူများ  တန်းစီနေသည်။ အဆောင်စောင့်  ဦးချစ်ပို ကို  သူခိုးရှာဖို့  အဆောင်အတွင်းသို့   ပေးဝင်ထားသည်။ ကျောင်းသူများက တစ်ယောက် တစ်ပေါက်။

ဦးချစ်ပို လက်လွန်မယ်နော်

အရမ်းမလုပ်ပါနဲ့

သွေးထွက်သံယိုတွေ ဖြစ်ကုန်မယ်

ရဲလက်ပဲ အပ်ကြပါ

ကျွန်မတို့ကလည်း    ကောရစ်တာတစ်လျှောက်  တဝုန်းဝုန်းပြေးနေကြသည်။  နာရီဝက်လောက်ကြာတော့  ဦးချစ်ပို ပြန်ရောက်လာသည်။

မိပြီလား …” ကျောင်းသူတွေ  အသံက ပြိုင်တူ။

ဦးချစ်ပိုက “ရေချိုးခန်း ပြတင်းပေါက်က ထွက်ပြေး သွားပြီ…”

လက်လွန်မှာ စိုးနေသူများက အော်ကြပြန်သည်။

မမိလိုက်ဘူးပေါ့…”

အေး…”

ဦးချစ်ပို     ပြန်ဖြေသံက   ဆောင့်ကြီးအောင့်ကြီး။ ငိုအားထက်   ရယ်အားသန်ခဲ့ရသည်။   ကျွန်မတို့လည်း လက်စွမ်းမပြလိုက်ရ။

ပျော်စရာဘဝလေး၏ အမှတ်တရ

ဒီသူငယ်ချင်းများနှင့်ပဲ   မောင်နှမဆောင်ဖြစ်သော  သထုံဆောင်တွင်      ဓမ္မစကြာသွားရွတ်ခဲ့ကြတာလည်း   အမှတ်ရမိသည်။ ဝါဆိုသင်္ကန်းကပ်ပွဲထင်သည်။  အဆောင် အချင်းချင်း အပြန်အလှန်ဖိတ်၍  သွားခဲ့ရသည်။ တရားနာ အပြီး မုန့်ဟင်းခါးဖြင့် ဧည့်ခံသည်။ ကျောင်းသားများက ကျွန်မတို့  မစားရဲဘဲ  ရှက်နေမည်  ထင်သည်။  သို့သော် တစ်နှစ်မှတစ်ခါ အဆောင်ထဲရောက်လာသော ကျောင်းသူ လေးများမို့     အားမနာတမ်း   ဝိုင်းကြည့်နေကြသည်။ ကျွန်မတို့ကလည်း ရှက်ဖို့ပင် သတိမရ၊ စားကောင်းကောင်း နှင့်စားကြရုံသာမက ဆွမ်းတော်ကပ်ထားသော သစ်သီး များကို  လှမ်းလှမ်းကြည့်ကြသည်။ အဆောင်မှူး  ဆရာက  သဘောပေါက်သည်။ ဆွမ်းတော်စွန့်ပြီး    ပြန်ကျွေးလိုက် သည်။ နောက်တစ်နေ့ရောက်တော့ …

အင်းလျားဆောင်က  ကျောင်းသူတွေ   ငါတို့စားဖို့  ဆွမ်းတော်စာတောင်  ချန်မသွားကြဘူး ဟု  သတင်းက မွှေးသွားသည်။ ပျော်စရာဘဝလေး၏ အမှတ်တရပါ။

သည်လိုနှင့် Final ရောက်လာပြီး နောက်ဆုံး စာမေးပွဲ ကြီးဖြေဆိုရတော့မည့်အချိန်တွင်  တစ်ဖက်က  စာမေးပွဲ အောင်အောင်ဖြေရန် စိတ်ကဖိစီး၊ တစ်ဖက်က သည်စာမေးပွဲ အောင်ပြီးလျှင်    ကျောင်းကြီးနှင့်   ခွဲရတော့မည်ဆိုသော စိတ်က မသက်သာ၊ ဘယ်လောက်ပင် ပွဲတကာပွဲ ပျော်ခဲ့  ရွှင်ခဲ့ပေမယ့် စာမေးပွဲဆိုသော ပွဲကြီးကျတော့  မပျော်နိုင်ကြ တော့။  တက္ကသိုလ်ကျောင်းသူဆိုသည်မှာ  မိမိကိုယ်ကို စောင့်ရှောက်တတ်သော  အသိတရား၊  အကောင်းအဆိုး ဝေဖန်နိုင်သော ဆင်ခြင်မှု၊ အရာရာကို  ချင့်ချိန်စဉ်းစား တတ်သော  ဉာဏ်ပညာများကို   အတွေ့အကြုံများနှင့် ရင်းနှီးပြီး ရခဲ့ကြပြီမို့ စာမေးပွဲအောင်ဖို့ကိုတော့ အလေးထား ကြိုးစား ကျက်မှတ်ကြရသည်။ အချင်းချင်းသင်ပြ၊  ဌာနတွင် ဆရာများကိုမေး၊ စာကြည့်တိုက်တွင် ရှာဖွေ။ သည့်အတွက်  ဘယ်သူမှ လာရောက် တိုက်တွန်းရန်၊ တရားပြရန် မလိုပေ။ ဤသည်မှာ    တက္ကသိုလ်က   သင်ကြားပေးလိုက်သော အရာဖြစ်သည်။

ကျွန်မသည်          အဆောင်လှေကားတစ်လျှောက် ဆင်းချည် တက်ချည်။ ဦးနှောက်ထဲမှာက စာပြီးစာ လုံးထွေး နေသည်။ စိတ်ထဲမှာက သည်ကျောင်း၊ သည်အဆောင်နှင့်  မကြာခင်ခွဲရတော့မှာပါလားဆိုသည့် စိတ္တဇ။ ယောကျ်ားလေး သူငယ်ချင်းတချို့က သည်နှစ်ကို အကျခံပြီး ကျောင်းထဲမှာ  တစ်နှစ်ထပ်နေ၊  စာပြန်ကျက်၊  ဂုဏ်ထူးတန်းဝင်အောင် လုပ်လိုက်လျှင် ကျောင်းဆက်တက်ရမည့်လမ်းကို ရွေးကြ သည်။ ကျောင်းတွင် ပျော်လွန်းသဖြင့် တတိယနှစ်ကတည်းက စာမေးပွဲအကျခံပြီး တစ်တန်းကို နှစ်နှစ်နေ၊  အိမ်ကိုတော့ တတိယနှစ်အောင်ပြီး     ဖိုင်နယ်တက်နေပြီ၊     ဖိုင်နယ် ရောက်ပြန်တော့ ဝင်မဖြေဘဲ ထပ်အကျခံကာ ဂုဏ်ထူးတန်း  တက်နေပြီဟု   တစ်နှစ်ပြီးတစ်နှစ်    အိမ်ကိုညာပြောပြီး    ကျောင်းသက်ကို ဆွဲဆန့်သွားသော ကျောင်းပျော် သူငယ်ချင်း ယောကျ်ားလေးတစ်ဦးကိုလည်း  သတိရမိပါသည်။   ဤမျှပင်   ကျောင်း၏ဖမ်းစားခြင်းကို ခံခဲ့ကြရဖူးသည်။

ထို့ကြောင့် ဖေ့စ်ဘွတ်တွင် နှစ် (၁၀၀) ပြည့်  အထိမ်း အမှတ်  ကျောင်းသားဘဝ   ပျော်ခဲ့ရပုံများ၊   အမှတ်တရ အကြောင်းအရာများ Post လေးတွေ တင်တိုင်း ဤဘဝကို မရလိုက်သော  ကျောင်းသား ကျောင်းသူများက  ကျွန်မတို့ ရရှိခဲ့သော   တက္ကသိုလ်ကျောင်းသားဘဝကို    အားကျ ကြောင်း၊ အပျော်တွေ ကူးစက်ရပါကြောင်း၊ သူတို့ဘဝတွင် သည်လို ကျောင်းသားဘဝမျိုးကို အပြည့်အဝ မခံစားခဲ့ကြ ရကြောင်း Comment  ပေးကြပါသည်။   ကျွန်မကိုယ်တိုင် လည်း ၁၉၈၈ ခုနှစ် ကျောင်းပိတ်လိုက်စဉ်က ကျောင်းသား ကျောင်းသူများ၊ ၁၉၉၆ ခုနှစ်နောက်ပိုင်း ကျောင်းသား ကျောင်းသူများကိုကြည့်၍     သူတို့၏  တက္ကသိုလ်ဘဝ ပျောက်ဆုံးခဲ့ရပုံ၊ တချို့ အိမ်ထောင်တွေကျ၊    တချို့ စာသင်ရမည့်အရွယ်တွင် စာမသင်ကြရဘဲ ငွေရှာကြရ ပုံတွေကို  “အဝါရောင် မျက်လုံးများ ဟူ၍လည်းကောင်း၊ ကျောင်းပြီး   ဘွဲ့ကိုယ်စီရ၍   ဘဝခရီးကို   ဆက်လက် လျှောက်လှမ်းကြရသောအခါ  ဝါသနာနှင့်   လက်တွေ့ အသက်မွေးဝမ်းကျောင်းဖန်တီးရပုံ  တခြားစီဖြစ်သွား ကြရပုံကိုလည်း “ပျောက်ဆုံးသွားသော ဆေးစက်များ ဟူ၍လည်းကောင်း ဝတ္ထုတိုများ ဖန်တီးခဲ့ပါသည်။

ကျွန်မတို့ကတော့     ကံကောင်းထောက်မစွာ ပျော်ရွှင်စွာ    ပညာသင်ကြားခွင့်ကို     ရခဲ့ကြပါသည်။ ဘယ်တော့မှ မမေ့နိုင်။ မှတ်တိုင်မစိုက်နိုင်ခဲ့သော်လည်း မှတ်တမ်းများအများကြီးရှိခဲ့သည်။

ဆရာဇော်ဂျီဖွင့်ဆိုခဲ့သည့်အတိုင်း  “တက္က-စဉ်းစား ကြံစည်ခြင်းနှင့် သီလ-အလေ့အကျင့်ဟူသော  စဉ်းစား  ကြံစည်ခြင်း အလေ့အကျင့် ကို ပျိုးထောင်ပေးခဲ့သော ဉာဏ်ပညာထွန်းကားစေရာ မြေမဟာ။ နှစ်နှစ်တာ ကာလကလေးနှင့် ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ လွမ်းမော စရာ၊ ကောင်းသော အကျင့်သီလကို ဆောက်တည်အပ်ရာ၊ အရာရာကို     သိမြင်ခံစားခွင့်ပေးခဲ့သဖြင့်    ကျေးဇူးတင် နေဆဲ ။ ကျောင်း၏  အငွေ့အသက်တွေက  လွှမ်းခြုံ နေဆဲ

အမိတက္ကသိုလ် သို့မဟုတ် ရင်ထဲကတက္ကသိုလ်

မခင်လေး