Skip to main content

သမိုင်းဦးလှေ မနစ်စေနှင့်

မြို့မအမျိုးသားကျောင်းကြီး နှစ် ၁၀၀ သက်တမ်းသို့ ရောက်ရှိပေပြီ။ တသွင်သွင် စီးဆင်းနေသည့် ရေအလျဉ်တွင် ပဲ့ကိုင်ကောင်းမွန် ခဲ့သော မော်ကွန်းတင်မည့် လှေကြီးသည်ကား အကြောင်း အကျိုး၊ အကောင်းအဆိုးများကို တင်ဆောင်လျက် ရာပြည့်ဆိပ်ကမ်းဆီ သို့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဦးလည်မသုန် ကမ်းဆိုက်ကပ်ပေတော့မည်။

သမိုင်းဦးလှေကြီးသည်   ပဒေသရာဇ် ပညာရေးစနစ်ကို တော်လှန်သော အမျိုးသား ရေးစနစ်ကြီး၏ အမြုတေဖြစ်သည့် အမျိုးသား ကျောင်း၊ အမျိုးသားပညာရေးဗိမာန်ဆိပ်ကမ်းကြီးမှ   မြန်မာသက္ကရာဇ်   ၁၂၈၂  ခုနှစ်၊ နတ်တော်လဆန်း  ၇ ရက်  (၁၉၂၀  ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက်) နံနက် ၁၁ နာရီတိတိ အချိန်တွင်  ဗဟန်းကျောင်းတော်ရာ ရွှေကျင် တိုက်ဦးအရိယကျောင်းမှ  စတင် တာထွက်ခဲ့ပါသည်။

၁၉၂၀ အမျိုးသားပညာရေးတိုက်ပွဲသပိတ်တွင်  ပါဝင်ခဲ့သော   မျိုးချစ်သူရဲကောင်းများ၊ လွတ်လပ်ရေးတိုက်ပွဲဝင်     ကျောင်းသား ကျောင်းသူ များကို    တင်ဆောင်လာသော သမိုင်းဦးလှေသည်        အကွေ့အကောက်၊ အတက်အဆင်း၊          ကျောက်ဆောင်၊ ကျောက် ကမ်းပါး၊   သစ်ပင်၊   သစ်တုံး၊  သဲ သောင်၊ ရေဝဲ၊ အခက်အခဲ အတားအဆီးများစွာ ရှိသည့်   ရေအလျဉ်ကို      ကျော်ဖြတ်ရာ ၌ အမျိုးသားရေး   စိတ်ဓာတ်ဖြင့် အမျိုးသား ကျောင်းပေါင်း ၉၃  ကျောင်း    ဖွင့်လှစ်နိုင်ရန် အံခဲကာ လှော်ခတ်ခဲ့ကြပုံမှာ မျိုးချစ်ပုဂ္ဂိုလ်တို့၏ တက်ညီလက်ညီဖြစ်သော အစွမ်းသတ္တိ ပင်ဖြစ်ပါသည်။

ထိုတိုင်းရင်းသားမျိုးချစ်တို့၏  ဇာတိသွေးဇာတိမာန်ကြောင့် ပေါ်ထွန်းလာခဲ့သော အမျိုး သားကျောင်းများအနက်  ရန်ကုန်မြို့  မြို့မ အမျိုးသားကျောင်းကြီးသည်     ထိပ်ဆုံးမှ ပါဝင်ခဲ့ပါသည်။   မြို့မအမျိုးသားကျောင်းကို မျိုးစေ့ချခဲ့သူများက အမျိုးသားလွတ်မြောက်ရေးနှင့်      အင်္ဂလိပ်နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးဆိုသော   ရည်ရွယ်ချက်ဖြင့် စာသင်ခန်းများ အတွင်း     တိုက်ပွဲဝင်ခဲ့ကြသည်မှာ  မြန်မာပြည်လွတ်လပ်ရေးရရှိသည် အထိ  မြို့မကျောင်း သမိုင်းကား  ကြီးကျယ်ခမ်းနားခဲ့ပါသည်။

ဆိုရသော်  မြို့မကျောင်း၏  ပထမဆုံး ကျောင်းအုပ်ဆရာကြီး ဦးဘိုးလတ်မှ စတင်ဖွင့် လှစ်ခဲ့သော မြို့မသမိုင်းကျောင်းအစသည် ၁၉၂၄ မှ  ၁၉၅၃ ခုနှစ်အထိ နှစ်ပေါင်း  ၃၀ ကာလ တာဝန်ယူခဲ့သော  ဆရာကြီး ဦးဘလွင် ကာလအတွင်း   ထင်ရှားကျော်ကြားခြင်း၊ အမျိုးသားရေးနှင့်  နိုင်ငံရေး ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ခဲ့ခြင်း၊    နိုင်ငံ့သားကောင်း ရတနာများ      မွေးထုတ်ပေးခြင်းတို့အပြင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေသော ပညာရပ်များ၊ ဘာသာရပ်များ၊ ဗလငါးတန်ဖြစ်သည့် ကာယ၊  ဉာဏ၊  မိတ္တ၊  စာရိတ္တ၊ ဘောဂ ဖွံ့ဖြိုးရေးများကို သင်ကြားပေးနိုင်ခဲ့သည်မှာ ပဲ့ကိုင်ကောင်းမွန်သော ဆရာကြီးဦးဘလွင်၏ ကျေးဇူးများပင်ဖြစ်ပါသည်။

မြို့မကျောင်းကြီးတွင် ၁၉၂၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ ကြသော ဆရာကြီးများ၊ ဆရာ ဆရာမများ၏ ကျေးဇူးကြောင့်  ထိုကာလအတွင်း  ပညာရင်နို့စို့ခဲ့ကြသူ ကျောင်းသား ကျောင်းသူများသည်     နိုင်ငံတော်အကြီးအကဲများ၊   နိုင်ငံ ခေါင်းဆောင်များ၊     တတ်သိပညာရှင်များ၊  စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် ထူးချွန် ထင်ရှားသူများ ဖြစ်ခဲ့ကြပြီး ယခုအခါ သင်္ခါရနယ်ပယ်မှ တချို့လည်း  စွန့်ခွာကြသလို တချို့လည်း သမိုင်းဦးလှေတွင်     ပါဝင်လှော် ခတ်နေကြဆဲဖြစ်ပါသည်။

ကျွန်တော်တို့    သမိုင်းဦးလှေပေါ်တွင် ကျန်ရစ်နေဆဲ   ကျောင်းသား  ကျောင်းသူဟောင်းများ၊ ပညာသင်ကြားနေဆဲ ကျောင်းသူ  ကျောင်းသားများ၊   ဆရာ ဆရာမများ၊ မိဘများတို့သည် သုံးပွင့်ဆိုင် လက်တွဲညီကာ ၂၀၂၀ ပြည့်နှစ်  ဒီဇင်ဘာလ   နှစ် ၁၀၀ ဆိပ်ကမ်းသို့  အားကြိုးမာန်တက်  လှော်ခတ်ခဲ့ကြပါသည်။    ထိုသို့   လှော်ခတ်ကြရာတွင် တက်ညီလက်ညီဆိုသော    စကားအတိုင်း ရာပြည့်ပွဲ ကျင်းပရေးကော်မတီအသီးသီးတို့၏ ဆောင်ရွက်လှုပ်ရှားမှုများသည်    ရေစုန်တစ်လှည့်၊ ရေဆန်တစ်ခါ ကြုံကြရာ၌ စည်းလုံး ညီညွတ်သော   စိတ်ဓာတ်ဖြင့်   မခိုမကတ် လှော်ခတ်ခဲ့ကြရာ   ပန်းတိုင်သို့  အရောက် လှမ်းနိုင်ကြပြီဖြစ်ပါသည်။ ရာပြည့်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ     ကျောင်းသားဟောင်း ဗိုလ်ချုပ် စိန်ထွား(ငြိမ်း) ခေါင်းဆောင်ကာ ရာပြည့်အကြိုပွဲများကို (၃)နှစ်တိုင်တိုင် ကျင်းပခဲ့ကြပါသည်။

ကျွန်တော်တို့ မြို့မကျောင်းဆိုသည်ကား ရှေးအခါကပင်  မြို့မအမျိုးသားကျောင်းနှင့် အမျိုးသမီးကျောင်းဟူ၍  တည်ရှိနေခဲ့ရာမှ  ၁၉၆၄     ခုနှစ်မှစ၍     အ.ထ.က(၂)ဒဂုံ၊ အ.ထ.က(၃)ဒဂုံဟု  အမည်သညာပြောင်းခဲ့သော်လည်း မြို့မက မြို့မပါပဲ၊  မြို့မစိတ်ဓာတ် က အမျိုးသားရေးစိတ်ဓာတ်ပါပဲ ၊  လက်သည်း ဆိတ်ရင်          လက်ထိပ်နာတတ်သော၊  ကောင်းကျိုး လိုလားသော မြို့မမောင်နှမများသည် ရာပြည့်ပွဲသို့ ချီတက်လှော်ခတ်ကြရာ၌ ပင်လယ်ပြာကြီး ကာဆီးပါစေ၊  တို့တွေလက်တွဲ လှော်ခတ်ကြမယ်လေဆိုသော စည်းလုံးညီညွတ်ခြင်းထုံးကို နှလုံးမူခဲ့ကြပါသည်။

ကျွန်တော်တို့  မြို့မသမိုင်းဦးလှေကြီးသည် သမိုင်းတွင်သော အဖြစ်အပျက်များစွာနှင့် နိုင်ငံသားကောင်းများစွာကို သယ်ဆောင်နိုင်ခဲ့သော်လည်း  (၂၅)  နှစ်တာ  ငွေရတုကို လည်းကောင်း၊  နှစ် (၅၀) ကာလ ရွှေရတုကိုလည်းကောင်း  ကျင်းပနိုင်ခဲ့ခြင်း  မရှိခဲ့ပေ။ သို့သော်လည်း ၁၉၉၅ ခုနှစ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နှင့်အတူ (၇၅) နှစ်မြောက် စိန်ရတုသဘင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ စည်ကားစွာ ကျင်းပနိုင်ခဲ့ကြပါသည်။ ထူးခြားသည်ကား   စိန်ရတုပွဲနှင့်အတူ  ကျေးဇူးရှင် ဆရာကြီး ဦးဘလွင်၏  ပုံတူရုပ်တုကြီးသည်လည်း  အ.ထ.က(၂)ဒဂုံ မြို့မကျောင်းကြီး၏ရှေ့တွင်    သမိုင်းမော်ကွန်းတင်ကာ  မားမားမတ်မတ်ရပ်တည်နိုင်ခဲ့ပါသည်။ ထို့အတူ မြို့မ (၇၅) နှစ်မြောက်  စိန်ရတု   မဂ္ဂဇင်းကိုလည်း အမှတ်တရ  ကြိုးစားထုတ်ဝေ နိုင်ခဲ့သည်မှာ ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်ပါသည်။

မြို့မအမျိုးသားကျောင်းသမိုင်းကို ပြော လျှင်   နှစ်  ၁၀၀   အတွင်း   နှစ်   ၃၀  ကျော် ကျောင်းအုပ်ကြီး   တာဝန်ထမ်းဆောင်ခဲ့သော ဆရာကြီး ဦးဘလွင်အကြောင်း မပါမပြီး ပြော ရပါမည်။ ဆရာကြီးကို အမျိုးသားပညာရေးခေါင်းဆောင်ကြီးအဖြစ် တစ်ခေတ်တစ်ခါက ဂုဏ်ပြုခဲ့ကြ၍   ဗြိတိသျှအစိုးရက KIH ဘွဲ့   (Kaiser in Hind) ပေးခဲ့သလို မြန်မာနိုင်ငံ အစိုးရကလည်း       မဟာသရေစည်သူဘွဲ့ကို ချီးမြှင့်ခဲ့ပါသည်။

ဆရာကြီး   ဦးဘလွင်ကို   ရန်ကုန်မြို့ လှည်းတန်းရပ်ကွက်တွင် ကန်ထရိုက်တာကြီး ဦးဘိုသိန်းနှင့် အမိ ဒေါ်ခင်တို့မှ ၁၈၉၂ ခုနှစ် စက်တင်ဘာလ  ၂၀  ရက်နေ့တွင် ဖွားမြင်ခဲ့ သည်။ ငယ်စဉ်က ရန်ကုန်မြို့ အစိုးရတန်းမြင့် ကျောင်းတွင် လည်းကောင်း၊ မော်လမြိုင်မြို့ စိန့်ပက်ထရစ်ကျောင်းတွင်  လည်းကောင်း ပညာသင်ကြားခဲ့ပြီး ၁၀ တန်းအောင်မြင်ခဲ့ သည်။ ရန်ကုန်ကောလိပ်မှ IA  ဥပစာ အထက် တန်း အောင်မြင်ခဲ့သည်။ YMBA အသင်း၏ ကျောင်းဆရာအဖြစ်လည်းကောင်း၊ ရမည်း သင်းမြို့     ပညာဝန်ထောက်အဖြစ်လည်းကောင်း   လုပ်ကိုင်ခဲ့သည်။    ယင်းနောက် တက္ကသိုလ်ပြန်လည် တက်ရောက်ရာ B.A ဘွဲ့ ကို အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

ဆရာကြီးသည်        သူရိယမဂ္ဂဇင်း အယ်ဒီတာအဖြစ်  လည်းကောင်း၊   ပညာအုပ် အဖြစ်လည်းကောင်း ဆောင်ရွက်နေစဉ် ၁၉၂၄ ခုနှစ် ဇွန်လ  ၁ ရက်နေ့တွင် ရန်ကုန်မြို့ မြို့လူ ကြီးများ၊  ကျောင်းအုပ်တာဝန် ထမ်းဆောင်နေ သော ဆရာကြီး ဦးအေးသွယ်နှင့် ကျောင်းသား မိဘများ၏    တောင်းဆိုချက်အရ    မြို့မ အမျိုးသားကျောင်းတွင်   ကျောင်းအုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းအုပ်တာဝန်ထမ်းဆောင်နေစဉ် ဗြိတိန်နိုင်ငံတွင်   ပညာရေးဒီပလိုမာ  သင်တန်းတက် ရောက်ခဲ့သည်။   ဗြိတိသျှတော်ဝင် ပထဝီ အသင်းကြီးမှ ဆရာကြီးကို F.R.G.H ဂုဏ်ထူး ဆောင်ဘွဲ့ ချီးမြှင့်ခဲ့သည်။

ဆရာကြီးသည် မြို့မအမျိုးသားကျောင်း ကို အုပ်ချုပ်နေစဉ်အတွင်း နေရာအတည်တကျ မရှိသော ကျောင်းနေရာများစွာသို့ ပြောင်းရွှေ့ ပြီး ကျောင်းသားများ၏ ပညာရေးအတွက် အပင်ပန်းခံကာ ဆောင်ရွက်ခဲ့ရသည်။ ၁၉၂၄ ခုနှစ်မှ  ၁၉၂၉  ခုနှစ်အတွင်း  မြို့မကျောင်း အမည်ခံသော အမျိုးသားကျောင်း အဆောက် အအုံ မြေပိုင်ယာပိုင်မရှိသဖြင့် စစ်တန်းလျား များ၊ အငှားအိမ်များ၊ အငှားမြေကွက်များတွင် ထရံကာ ဓနိမိုးအဆောက်အအုံများဆောက်ကာ   နိုင်ငံတစ်ဝန်းမှ  ကျောင်းသားများကို အမျိုးသားပညာရေး    စိတ်ဓာတ်နှင့်အတူ ထူးချွန်အောင် သင်ကြားပြသ ပေးခဲ့သည်။

ဆရာကြီးဦးဘလွင် ကျောင်းအုပ်တာဝန် ထမ်းဆောင်စဉ်အတွင်း   မြို့မကျောင်းတွင် လာရောက်ပညာ    သင်ကြားခဲ့ကြသူများမှာ ဝါးခယ်မမှ မောင်နု(ဝန်ကြီးချုပ် ဦးနု)၊ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်မင်း ခေါင်၊ သခင်သိန်းဖေ (ဝါးခယ်မ)၊ သခင်သန်း ထွန်း ၊ ဗိုလ်မှူးချုပ်   သောင်းတင်၊   ဗိုလ်ချုပ် ချစ်လှိုင်၊    ဗိုလ်ချုပ်ကြီး   သိန်းဝင်း (လေ)၊ ဗိုလ်ချုပ် စိန်ထွား၊  စာရေးဆရာ  မောင်ထင်၊ ဆရာ တိုက်စိုး၊ ဝဏ္ဏကျော်ထင် ဦးသက်ထွန်း၊ ရှေ့နေချုပ်  ဦးသာထွန်း၊  ဒေါက်တာ တင်လှိုင်၊ ဦးမောင်မောင်ဟန်        (ဗဟိုဘဏ်ဥက္ကဋ္ဌ)၊ မောင်ဆုရှင်၊ စိန်လွင်လေး၊ ဟံသာ၀တီ ဦးဝင်းတင်စသော ထူးချွန်သူ ကျောင်းသားများစွာ ပညာသင်ကြားခဲ့ကြသည်။

ဆရာကြီးသည် နေရာအတည်တကျ မရှိသော  မြို့မကျောင်းကို   ၁၉၂၉   ခုနှစ်တွင် ဗြိတိသျှအစိုးရဘုရင်ခံ ဆာဟာကုတ်ဘတ္တလာနှင့် သွားရောက်တွေ့ဆုံပြီး တင်ပြတောင်းခံခဲ့ရာ တပ်မြေ (ယခုကျောင်းရှေ့ မြင်းပြိုင်ကွင်း ဟောင်း) ၄ ဧကကို ပေးအပ်ခဲ့သည်။ ထိုအချိန် တွင်   ကျောင်းဆရာ   ဦးတင့်က   ယခုထက် ကျယ်သော မြေ ၆ ဧက ရှိကြောင်း ကန်တော် မင်မြေကို   အိန္ဒိယနိုင်ငံ  ဆင်းမလားတွင် ရှိသော CMC (Chief Military Command) ကာကွယ်ရေးဦးစီးချုပ်ထံသို့ စာရေးတောင်းပါရန် အကြံပြုချက်အရ စာရေးတောင်းခံခဲ့ရာ ယခုမြို့မ ကျောင်းနေရာဖြစ်သော ကန်တော်မင်  တပ်ပိုင်မြေနေရာကို  ငွေကျပ် ၃၅၀၀ (ကျပ်သုံးထောင်ငါးရာ) နှင့်    ဝယ်ယူရရှိခဲ့ပါ သည်။  ဘုရင်ခံထံမှ  ရရှိသော မြေ ၄ ဧကကို ပြန်လည်အပ်ခဲ့ပါသည်။

ဆရာကြီးသည်      မြေရရှိသည်နှင့် အဆောက်အအုံဆောက်လုပ်ရန်   ငွေကြေး အခက်အခဲရှိသဖြင့်   မြို့ခံသူဌေး  ပုဂံစက် ဦးသော်၊  ဆာဦးသွင်နှင့်   ကျောင်းသားမိဘများထံမှ    အလှူခံခဲ့သလို     ကျောင်းသား ကျောင်းသူများ၏ ပဒေသာကပွဲကို မြို့တော်ခန်းမ ဂျူဗလီဟောတွင် ပြုလုပ်ပြီး ရန်ပုံငွေ ရှာဖွေခဲ့သည်။   အဆိုပါ  စုဆောင်းငွေဖြင့် အင်္ဂလန်နိုင်ငံမှ ဗိသုကာပညာသင်ကြားပြီး ပြန်လာသော  မိတ်ဆွေ ဦးတင်ကို ဒီဇိုင်းရေးဆွဲပေးရန်  အကူအညီတောင်းခံခဲ့သည်။ ဦးတင်၏   စုလစ်မွမ်းချွန်တို့ဖြင့်  မြန်မာ့လက်ရာ နန်းဆန်သောပုံစံကို လမ်းအရေးပိုင် အင်ဂျင်နီယာ ဦးဘိုးသောင်ကို အပ်နှံကာ ဆောက်လုပ်စေခဲ့သည်။ အဆောက်အအုံကို A.C Martin ကုမ္ပဏီက ငွေ ၅ သိန်းဖြင့် လက်ခံဆောက်လုပ်ခဲ့ရာ ၁၉၃၁ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းဖွင့်ပွဲကို ခမ်းနားစွာကျင်းပနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ မြို့မအမျိုးသား အထက်တန်းကျောင်း ကြီးသည်     နန်းဆန်သော၊   မြန်မာတို့၏ ယဉ်ကျေးမှု    လက္ခဏာများ  ပါဝင်သော ပြာသာဒ်ဘုံအဆင့်ဆင့်ဖြင့်    ခမ်းနားသော ကျောင်းကြီးအဖြစ် ပထမဆုံးပေါ်ထွန်းလာခဲ့ပါသည်။

ဆရာကြီးသည်   ၁၉၂၃   ခုနှစ်တွင် ဒေါ်သန်းညွန့်နှင့် လက်ထပ်ခဲ့ပြီး သားသမီး ၈ ဦး မွေးဖွားခဲ့သည်။ သားသမီးများမှာပညာ ထူးချွန်ကြပြီး ဆရာကြီးကဲ့သို့ပင် မျိုးချစ်စိတ် ပြင်းထန်သူများ ဖြစ်ကြသည်။ ဆရာကြီး၏ သားတစ်ဦးဖြစ်သော ရေတပ်ဗိုလ် - ဗိုလ်ကြီး ကျော်သိန်းလွင်သည်         အင်းစိန်တိုက်ပွဲ၊ ဝက်ကော်တိုက်ပွဲများတွင်       ရန်ကုန်မြို့ မကျဆုံးရေး   ရွပ်ရွပ်ချွံချွံ   ပါဝင်တိုက်ခိုက်ခဲ့သည်။    ဆရာကြီးသည်    နိုင်ငံများစွာသို့ ပညာရေး နှီးနှောဖလှယ်ပွဲများ၊     လေ့လာရေးများသို့    သွားရောက်ခဲ့ရာတွင်   တိုက်ပုံ၊ ခေါင်းပေါင်း၊    ပုဆိုးတို့သာ    ဝတ်ဆင်ပြီး နိုင်ငံခြားသားများကို လေးစားစွာ ဆက်ဆံခဲ့သည်။

ဆရာကြီးဦးဘလွင်သည်  ပညာရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် သင်ကြားခဲ့သူဖြစ်သည်။ ဗြိတိသျှ၏ ကျွန်ပညာရေးစနစ်ကို လက်မခံခဲ့သူဖြစ်သည်။    ၁၉၃၈   ခုနှစ် ကျောင်းသားသပိတ်တွင်  ယုဒသန်ကောလိပ် ကျောင်းသား ဗိုလ်အောင်ကျော်တို့ တက္ကသိုလ် ကျောင်းသား အခွင့်အရေး တောင်းဆိုရာတွင် ဗြိတိသျှ    စစ်ရဲတပ်က   ရိုက်နှက်သဖြင့် ဗိုလ်အောင်ကျော်   ကျဆုံးသွားခဲ့ရသည်။ ဆရာကြီး ဦးဘလွင်သည် ဗိုလ်အောင်ကျော် ကျဆုံးသည်ကို  စိတ်ထိခိုက်ကာ  သူ့အား ဗြိတိသျှအစိုးရမှ   ဂုဏ်ပြုချီးမြှင့်ထားသော KIH ဘွဲ့ (Kaiser in Hind) ဘွဲ့ကို ပြန်လည် အပ်နှံကာ ရှုတ်ချခဲ့သည်။

ဆရာကြီးသည် တိုင်းပြည်နှင့် လူမျိုးကို အလွန်ချစ်မြတ်နိုးသူဖြစ်သည်။ ၁၉၅၃ ခုနှစ် တွင် ကျောင်းအုပ်ကြီးတာဝန်မှ သံအမတ်ကြီး တာဝန် ထမ်းဆောင်ပေးရန် တပည့်ဖြစ်သူ ဝန်ကြီးချုပ်   ဦးနုက    မေတ္တာရပ်ခံခဲ့သည်။ မသွားလိုသော်လည်း တာဝန်ကို မငြင်းဆန်လို သဖြင့် သီရိလင်္ကာ နိုင်ငံ (သီဟိုရ်) ၌ သံအမတ် ကြီး တာဝန် ၆ နှစ်ထမ်းဆောင်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိ လာသောအခါ မြို့မတိုင်းရင်းသား ကျောင်းအုပ်ကြီးအဖြစ်   ပြန်လည် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာကြီးသည် အဆင့်မြင့်သော ရာထူးကို လက်မခံဘဲ ကျောင်းအုပ်ကြီးတာဝန်နှင့် ကျောင်းအုပ်ချုပ်ရေး  အကျိုးတော်ဆောင် အဖွဲ့တာဝန်ကိုသာ  မြတ်နိုးစွာသက်ဆုံးတိုင် ထမ်းဆောင်သွားခဲ့သည်။   ဆရာကြီးသည် ၁၉၆၈ ခုနှစ် ဧပြီလ ၇ ရက်နေ့ နံနက်  ၅ နာရီ တွင် ကွယ်လွန်သွားခဲ့သည်။

မြို့မအမျိုးသားကျောင်းကြီးကား  နှစ် ၁၀၀ ပြည့်မြောက်ပြီဖြစ်သဖြင့် မြို့မကျောင်း ကို ပြုစုပျိုးထောင်ကာ   သမိုင်းတွင်သော ကျောင်း၊ သမိုင်းဝင်ပုဂ္ဂိုလ်များစွာ   မွေးထုတ်ပေးခဲ့သော   ကျောင်းကြီး၊   အမျိုးသားရေး လက္ခဏာကို         အပြည့်အဝဖော်ဆောင် နေသော  ကျောင်းကြီး၏     ဖခင်ဆရာကြီး ဦးဘလွင်ကို     ဂုဏ်ပြုရင်း    ရာစုပုံသွင်    သမိုင်းတွင်အောင်         ဆောင်ရွက်ခဲ့ကြသော     မြို့မကျောင်းသား      ကျောင်းသူများကိုလည်း   သမိုင်းဦးလှေ    မနစ်စေရန်     ရာစုအဆက်ဆက်     ထိန်းသိမ်းစောင့်ရှောက် နိုင်ကြပါစေဟု  ဆန္ဒပြုရေးသား တင်ပြလိုက်ရ ပါသည်။      ။

စာရေးသူ၏

ကိုယ်ရေးအကျဉ်း

-------------------

အမည်ရင်း - ဗိုလ်မှူး မျိုးသန့် (ငြိမ်း)

မိဘ - ဦးတင်အေး(ခရိုင်လ၀ကမှူး)

ဒေါ်တင်တင်သန်း

မွေးဖွားရာ - ကျိုင်းတုံ

ဇာတိ

ပညာသင် -  အ.ထ.က(၄)တောင်ငူ၊ ကြားခဲ့သော  အ.ထ.က(၂)ဒဂုံ (မြို့မ)၊ ကျောင်း ပုသိမ်ကောလိပ်မှ  ကပ်ပါးဗေဒဘွဲ့ရရှိ (၁၉၇၈)၊

စာပေဆု - စာပေဗိမာန်   စာပေဆု  (၂) ဆု၊

 -  ပခုက္ကူ ဦးအုန်းဖေ စာပေဆု၊

 -  အမျိုးသားစာပေဆု၊

 - မြ၀တီဝတ္ထုရှည်

 အကောင်းဆုံးဆု 

တာဝန် - ကကပြည်/ ကျောင်းအုပ်ကြီး၊ ထမ်းဆောင် ရွှေနတ်တောင် အထက်တန်းခဲ့သော ကျောင်း၊ မော်လမြိုင်၊ ဌာနများ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊  (ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဌာန၊ အထူးအရာရှိ)  ဒေါပုံသင်္ဘောကျင်း  စက်ရုံမှူး၊

 - လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  

လက်ရှိ - မြို့မအမျိုးသားကျောင်း တာဝန် ရာပြည့်သဘင်ကျင်းပရေး လုပ်ငန်းကော်မတီ၊ ဒု ဥက္ကဋ္ဌ၊

 -  မြို့မရာပြည့်သဘင်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ၊

ကလောင်ခွဲ -  မောင်မာန်ရိုး၊ တေးရေး- မိုးယံထိုက်

မောင်မိုးယံ