Skip to main content

အိပ်မက်တက္ကသိုလ်

တစ်ခါက ဧရာဝတီမြစ်ကြီး၏ မြစ်ခွဲလေးတစ်ခု နံဘေးက မြို့ငယ်လေးတစ်ခုတွင် ရန်ကုန်တက္ကသိုလ်တက်ချင်ဇောဖြင့် မျှော်မောခဲ့ရသော မိန်းကလေးတစ်ယောက် ရှိခဲ့ဖူးလေသည်။

*****

ကျွန်မ၏   တက္ကသိုလ်အိပ်မက်သည်  တက္ကသိုလ် နောက်ခံဝတ္ထုများမှ အစပျိုးခဲ့သည်ဟု ဆိုကောင်းဆိုနိုင် ပါသည်။ စာဖတ်ဝါသနာပါသော ကျွန်မသည် အလယ်တန်း ကျောင်းသူဘဝကပင်    တက္ကသိုလ်နောက်ခံဝတ္ထုများကို စွဲစွဲလမ်းလမ်းဖတ်ခဲ့သည်။ ရန်ကုန်မြို့ကြီးကို မရောက်ဖူး သည့်တိုင် အင်းလျားကန်၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ အဓိပတိ လမ်းမနှင့် ဘွဲ့နှင်းသဘင်ခန်းမ တို့သည် ကျွန်မနှင့်မစိမ်း။ တက္ကသိုလ်နောက်ခံဝတ္ထုများက ကျွန်မကို တက္ကသိုလ်ထဲက    အထင်ကရနေရာများနှင့်    မိတ်ဆက်ပေးသည်။ တက္ကသိုလ်မှာပွင့်သည့်   ကံ့ကော်၏ရနံ့နှင့်  စိန်ပန်း၏ နီစွေးသောအလှကိုပင်    အဝေးက   လှမ်း၍ခံစားနိုင်သေး သည်။ တက္ကသိုလ်သည်   ပညာသင်ကြားရာသာမက အနုပညာ အရပ်ရပ်တို့  ပေါက်ဖွားရာနေရာလည်းဖြစ်ပေရာ အနုပညာတွင်   ပျော်ဝင်ညွှတ်နူးသော   ကျွန်မအတွက်တော့  တပ်မက်ဖွယ်နယ်မြေ  ဖြစ်လို့နေခဲ့သည်။ ကျွန်မ ဆယ်တန်းအောင်လျှင်   ရန်ကုန်တက္ကသိုလ်တက်မည်။ တက္ကသိုလ်တက်ရင်း     စာတွေရေးမည်။    ပြီးတော့ တက္ကသိုလ်တွင်     ဆရာမပြန်လုပ်မည်။  စာလည်းသင်၊ စာလည်းရေးမည်။  ဒါက ကျွန်မ၏  ထက်သန်သောရည် မှန်းချက်ဖြစ်ခဲ့ရသည်။   ကျွန်မက စာတော်သည်။ ကျွန်မ မိဘများကလည်း      စီးပွားရေးပြေလည်ကြသည်။ ထို့ကြောင့်ပင်  တက္ကသိုလ်သို့ မရောက်နိုင်စရာလည်း ဘာအကြောင်းမှမရှိဟု လောကဓံကို နားမလည်သေးသော မိန်းမငယ်လေးက တွေးခဲ့ပါသည်။

*****

၁၉၉၁ ခုနှစ်။

ကျွန်မ ဆယ်တန်းအောင်ခဲ့ပြီ။

နှစ်ချင်းပေါက်  အောင်သည့်အပြင်  အင်္ဂလိပ်စာနှင့် သမိုင်းဂုဏ်ထူး နှစ်ဘာသာဖြင့်အောင်ခဲ့ခြင်း ဖြစ်သည်။ ရှစ်တန်းတုန်းက  ဂုဏ်ထူးသုံးဘာသာဖြင့် အောင်ခဲ့သော ကြောင့် သိပ္ပံတွဲရခဲ့သော်လည်း ဘာသာစကားနှင့် သမိုင်းကို စိတ်ဝင်စားသော ကျွန်မက အင်္ဂလိပ်စာ နှစ်ဘာသာ၊ မြန်မာစာ နှစ်ဘာသာနှင့် သမိုင်းဘာသာတွဲများပါသည့် စိတ်ကြိုက်မြန်မာစာတွဲကို         ပြောင်း၍ယူခဲ့သည်။ ထိုဘာသာတွဲကိုယူလျှင်  ဆယ်တန်းမှာ  ဂုဏ်ထူးတွေ ဘယ်လောက်ပါပါ             ပေါ်ပြူလာ ဖြစ်လှသော ဆေးတက္ကသိုလ်ကို တက်ခွင့်မရှိပါ။ သို့သော် ဘာဖြစ်သေးလဲ၊ ကျွန်မ ဆေးတက္ကသိုလ် မတက်ချင်ပါ။ ဝါသနာမပါ သည့်ပညာကို မသင်ချင်ပါ။ ကျွန်မဝါသနာပါရာကို သင်ယူ ရန် ကျွန်မတက်ချင်လှသော တက္ကသိုလ်ကို တက်ရလျှင်ဖြင့် ကျွန်မ၏အိပ်မက်တို့ ပြည့်ဝရပေတော့မည်။

ထိုခေတ်ကာလ ၁၉၉၁ ခုနှစ်က အင်္ဂလိပ်စာမေဂျာကို ရန်ကုန်တက္ကသိုလ်မှာပင် သင်ကြားရမည်ဖြစ်ရာ ဧရာဝတီ တိုင်းရှိ မြို့ငယ်လေးမှာနေထိုင်သော ကျွန်မက အင်္ဂလိပ်စာ မေဂျာလျှောက်ထားခဲ့၏။   မကြာခင်မှာပင်   ရန်ကုန် တက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာ သင်ယူခွင့်ကျလာခဲ့သည်။ ကျွန်မလောက် ပျော်သူမရှိပြီ။ ကျွန်မလိုပင် စာဖတ်ဝါသနာ ပါသည့် ကျွန်မချစ်သော  သူငယ်ချင်းကလည်း  ကျွန်မနှင့်အတူ     တက္ကသိုလ်တက်မည်ဖြစ်ရာ     ကျွန်မတို့သည် တက္ကသိုလ်အကြောင်းပြောရင်း        စိတ်ကူးယဉ်လို့မဆုံး။  သို့သော်လည်း  လောကဒဏ်ဆိုသော အုတ်တံတိုင်းက  ကျွန်မနှင့် ရန်ကုန် တက္ကသိုလ်ကြားမှာ    စည်းခြားလို့နေ ခဲ့ပါသည်။     ကျွန်မမိဘများမှာ ကျွန်မကို      တက္ကသိုလ်ထားရန် မတတ်နိုင်ကြတော့ပြီ။  ကျွန်မကား ချက်ချင်း  အားမလျှော့။   ဓာတ်ပုံဆိုင် တစ်ဆိုင်တွင်   ဓာတ်ပုံရိုက်   သွားသင် သည်။ ကျွန်မ     တက္ကသိုလ်ထဲမှာ    ဓာတ်ပုံရိုက်ကာ ကျောင်းစရိတ်ရှာရင်း ကျောင်းတက်မည်။    သို့သော်  ..တဖြည်းဖြည်းနှင့်ပင်   ကျွန်မသည်  သမီးကြီးဖြစ်သော  ကျွန်မတာဝန်ကို      သိမြင်လာသည်။  တက္ကသိုလ်အိပ်မက်ကို     စွန့်လျက်  ကျောင်းဆရာမ     အလုပ်ဝင်ရန် ဆုံးဖြတ်လိုက် သည်။       အဲဒီနောက် အဝေးသင်တက္ကသိုလ်      ပြောင်းရန် ရန်ကုန်မြို့ကြီးသို့    သွားခဲ့ရသည်။   ထိုခရီးကတော့ လွမ်းဖွယ်  ခရီးပါပင်။  ထိုအချိန်က   ကျွန်မ၏   ဇာတိ ကျောင်းကုန်းမြို့ကလေးမှ     ရန်ကုန်သို့    သွားရာလမ်းတွင်   ဇက်ရေယာဉ် များဖြင့်    ဧရာဝတီမြစ်ကို  တစ်ကြိမ်၊ လှိုင်မြစ်ကို တစ်ကြိမ်  ဖြတ်ကူးရသည်။  နံနက်  ၄ နာရီ ထွက်သည့် ဒိုင်နာကားဖြင့် လိုက်သွားလျှင် ညနေလောက်မှ ရန်ကုန်ရောက်နိုင်သည်။ ဇက်စောင့်ရလျှင်စောင့်ရသလို  ခရီးဖင့်သည်။ ဤခရီးသည်   ရန်ကုန်တက္ကသိုလ် တက်ဖို့သွားရသည့်    ခရီးမဟုတ်၊    မတက်တော့ကြောင်း  သွားရောက်တင်ပြရမည့် ခရီးဖြစ်သည်။ ထို့ကြောင့်ပင် လမ်းတစ်လျှောက်လုံး    စိတ်နှလုံးပန်းလျ နေခဲ့ရသည်။

ရန်ကုန်ရောက်ပြီး    နောက်တစ်နေ့တွင်    အဝေးသင် တက္ကသိုလ်ဝင်းထဲသို့သွားပြီး      ဆောင်ရွက်စရာရှိတာ ဆောင်ရွက်ရ သည်။ ကျွန်မဝါသနာပါသည့် မြန်မာစာမေဂျာ ကို လျှောက်ဖြစ်ခဲ့သည်။ ဧရာဝတီတိုင်းမှာနေသူမို့ ပုသိမ် တက္ကသိုလ်မှာပင် တက်ရမည်ဖြစ်ပါသည်။ ဆောင်ရွက်ဖွယ် ကိစ္စများအပြီး ပြန်ခါနီးတစ်ရက်မှာတော့ ကျွန်မ မတက်နိုင်တော့ပြီဖြစ်သော   ရန်ကုန်တက္ကသိုလ်ကြီးကို သွားရောက်နှုတ်ဆက်ခဲ့ပါသည်။  ထိုစဉ်က အဓိပတိလမ်း ပေါ် လျှောက်ကြည့်ခဲ့သော်လည်းကျွန်မ၏ ခြေလှမ်းများ ကား အားငယ်စိတ်ဖြင့် နွမ်းလျနေခဲ့လေသည်။

*****

၂၀၀၅ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်။

ကျွန်မသည် ကျွန်မ၏ ဝတ္ထုစာမူခများဖြင့် ဝယ်ယူ ထားသည့် အဖြူရောင်ဆလွန်းကားလေးကို ကိုယ်တိုင် မောင်းကာ အဓိပတိလမ်းမဘက်သို့    ချိုးကွေ့ဝင်လာခဲ့ သည်။ အဓိပတိလမ်းမထက်တွင်  စိန်ပန်းနီတို့   ပြန့်ကျဲ လျက်။ အဓိပတိလမ်းမထိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမကြီးကား နံနက်ခင်း  နှင်းမြူများအောက်တွင်  ထည်ဝါစွာဆီးကြိုလျက်။ ကျွန်မက   ကားကို   တောင်ငူဆောင်ဘက်သို့  ချိုးကွေ့    မောင်းနှင်လာပြီး   ကန်တင်းရှိဆိုင်များကို ဖြတ်ကျော်ကာ   တောင်ငူဆောင်ရှေ့   ဦးချစ်ဆိုင်အနီး ကားပါကင်မှာ ရပ်လိုက်သည်။  ပြီးတော့  ရာမညဆောင် စာသင်ခန်းဘက်သို့ လမ်းလျှောက်ဝင်ခဲ့လေသည်။

ခုတော့ ကျွန်မငယ်စဉ်က မက်ခွင့်မရခဲ့သော အိပ်မက်ကို  ပြန်မက်ရန်  စိတ်ပညာဒီပလိုမာကျောင်းသူဘဝဖြင့် တက္ကသိုလ်ထဲသို့ ရောက်လာခဲ့ရပြီ။ စိတ်ပညာဆိုသည်မှာ စာရေးသူတစ်ယောက်အဖို့      သိအပ်သော ပညာဖြစ်ပေရာ စိတ်ပညာဒီပလိုမာတန်းကို တက်ဖို့ရွေးချယ်ဖြစ်ခဲ့သည်။ ၁၉၉၁ ကနေ ၂၀၀၅ ခုနှစ်ဆိုတော့ ၁၄ နှစ်တောင်ကြာခဲ့ပြီ ပေါ့။ ဒီ ၁၄ နှစ်အတွင်းမှာ ကျွန်မအလုပ်တွေ အများကြီး လုပ်ခဲ့ရသည်။ အခွင့်အရေးတစ်ခု ဆုံးရှုံးရခြင်းဟာ နောက် အခွင့်အရေးတစ်ခုရဖို့လမ်းစလည်း ဖြစ်နိုင်သည်မဟုတ် လား။ လွန်ခဲ့သော နှစ်တွေအတွင်း ကျောင်းဆရာမလည်း လုပ်ခဲ့သည်၊  မဂ္ဂဇင်းအယ်ဒီတာလည်း    လုပ်ခဲ့သည်၊ ဇာတ်ညွှန်းတွေလည်းရေးခဲ့သည်၊ ဝတ္တုတွေလည်းရေးခဲ့ သည်။  ကလောင်တစ်လက်လည်း တောက်ပလာခဲ့သည်။ မိသားစုကိုလည်း စောင့်ရှောက်နိုင်ခဲ့သည်။ သို့သော်လည်း တက္ကသိုလ်အိပ်မက်က  ပူနွေးဆဲဖြစ်ရာ  ကျွန်မဘဝမှာ တစ်ကြိမ်တစ်ခါပဲဖြစ်ဖြစ်     ရန်ကုန်တက္ကသိုလ်၏ရင်ခွင်ကို ခိုဝင်ခွင့်ရရန် ရောက်ရှိလာခဲ့ရပါသည်။ ရန်ကုန်တက္ကသိုလ် သည်    လွန်ခဲ့သော ၁၄ နှစ်က သူ မထွေးပိုက်လိုက်ရသော မိန်းကလေး၏ နှလုံးသားကို နားလည်စွာ ဆီးကြိုထွေးပွေ့ လိုက်သည်။ ကံ့ကော်ပွင့်ချိန်၌ ကံ့ကော်ရနံ့ကို ပေးကာ၊ သစ်ပုပ်ပင်ရိပ်တွင် ခိုနားစေကာ၊ အေးမြသော ကွန်းခိုရာ ဖြစ်စေခဲ့ပါသည်။

အပေါ်ယံကြည့်လျှင်   ငယ်စဉ်က   မပြည့်စုံသဖြင့် မတက်ခဲ့ရသော တက္ကသိုလ်ကို အောင်မြင်စ စာရေးဆရာမ လေးဘဝဖြင့် ကိုယ်တိုင်ကားလေးမောင်း၍ တက်နိုင်ခြင်း သည် အနိုင်နှင့်ပိုင်းသည့်ပမာ  ထင်မှတ်စရာဖြစ်သည်။ သို့သော်လည်း အသက် ၃၀ ဝန်းကျင် တက္ကသိုလ်ကျောင်းသူသည် ဆယ်ကျော်သက်အရွယ်တက္ကသိုလ်ကျောင်းသူနဲ့တော့ ဘယ်တူနိုင် ပါတော့မလဲ။ ကျွန်မ၏ နှလုံးသားသည် ဆယ်ကျော်သက်တုန်းကလောက် မနုနယ်နိုင်တော့ပြီ။

ငယ်စဉ်က     ဖတ်ခဲ့ဖူးသည့်    တက္ကသိုလ်ဝတ္ထုထဲက တက္ကသိုလ်ကျောင်းသူများလို ဗရုတ်ကျ၍ လည်း မတင့်တယ်တော့၊ အလုပ် တစ်ဖက် stress များနှင့်မို့ ဆယ်ကျော်သက်များလိုတော့ မပေါ့ပါးနိုင်တော့ပြီ။ ဆယ်ကျော်သက် အရွယ်က တက္ကသိုလ်ကို ခြေချခွင့်ရခဲ့ကြသည့် ကျောင်းသူ ကျောင်းသားများဟာ ဘယ်လောက်များ ကံထူးခဲ့ပါသလဲ။ သူ့အရွယ်နှင့်သူ အချိန်ကိုက်  ရသင့်ရထိုက်သော အတွေ့ အကြုံနှင့်    အခွင့်အရေးများကို   ရရှိကြသူများသည် အင်မတန်မှ ကံကောင်းကြသူများဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ   တက္ကသိုလ်ရင်ခွင်၌   နှစ်နှစ်တာ ခိုလှုံခွင့်ရခဲ့သော အချိန်ကာလများသည်  ကျွန်မအတွက် တော့ အဖိုးထိုက်တန်သော၊ မမေ့နိုင်သော နေ့ရက်များဖြစ် ပါသည်။ တက္ကသိုလ်၌ ဆုံစည်းခဲ့ရသော ဆရာ ဆရာမများ နှင့် သူငယ်ချင်းများ ကို သတိရဆဲဖြစ်ပါသည်။ ကျောင်းသူ ဘဝ ထိုကာလက  အထူးအားဖြင့်   ချစ်ခင်တွယ်တာခဲ့ရသော ပင်းယဆောင်အဆောင်မှူး   စိတ်ပညာ ပါမောက္ခဆရာ    ဦးအောင်သန်းဦးနှင့် ချစ်ခင်လေးစားရသော ဆရာမကြီး ဒေါ်ခင်အေးဝင်းတို့လည်း ကွယ်လွန်ဆုံးပါးခဲ့ကြပြီ။ စာသင်ခန်းပြင်ပ၌    ကျွန်မနှင့်တွေ့သည့်အခါ   “ပုညခင်ရဲ့ ..တို့ဧရာဝတီတိုင်းသားတွေဟာလေ..” ဟု   အစချီကာ အားရပါးရစကားဆိုတတ်သော အိမ်မဲသားဆရာ ဦးအောင်သန်းဦး၏ အသံကို ကြားယောင်မိသည့်အခါ လွမ်းဆွတ် မျက်ရည်ဝဲခဲ့မိပါသည်။

ယခုအခါမှာတော့   တက္ကသိုလ်ကို    လွမ်းရသော အလွမ်းတို့သည် ချစ်ခင်ရသူတို့နှင့်အတူတွဲ၍ ပိုမိုလေးနက် လာခဲ့ရသည်။ ကံ့ကော်တို့သည် သူ့ရနံ့နှင့်အတူ   ဆရာ ဆရာမများ၏   စာသင်ကြားသံများကို  ရောယှက်လျက် အလွမ်းကို ဆောင်ယူလာသည်။   တောင်ငူဆောင်ထက်က ခိုကလေးများသည် ကန်တင်းမှာထိုင်၍ စကားဆိုခဲ့ကြစဉ် က စကားသံများကို မှတ်သားလျက် သစ်ပုပ်ပင်ကြီးဘက်သို့ ပျံသန်းသွားခဲ့သည်။  ရာမညဆောင်   စာသင်ခန်းများ၏ ခုံတန်းကလေးများသည် တစ်ယောက်ဆင်း တစ်ယောက်တက်       ထွက်ခွာသွားသူတို့၏   ကိုယ်ငွေ့ဖြင့်    နွေးဆဲပဲလား။

နှစ်စဉ်   နွေနှောင်းမိုးဦးအခါ   ရောက်လေတိုင်း တက္ကသိုလ်ရိပ်သာ   လမ်းတစ်လျှောက်တွင် စိန်ပန်းတို့ရဲရဲ နီစွေးနေသည်ကို တွေ့မြင်ရလေ့ရှိပါသည်။ စိန်ပန်းနီတွေ ခြံရံထားသည့်   လမ်းတစ်လျှောက်ကားမောင်းသွားရင်း အဓိပတိဂိတ်တံခါးဝသို့ ရောက်လျှင် အဓိပတိလမ်းမဆီ လှမ်းမျှော်ကြည့်မိမြဲဖြစ်ပါသည်။

အဓိပတိလမ်းမကတော့  အရင်လိုပါပဲတဲ့။  အဓိပတိလမ်းကို မြင်တွေ့ရတိုင်း  ထိုသီချင်းလေးကို တီးတိုးညည်းမိ တတ်ပါသည်။

သို့သော်လည်း အဓိပတိလမ်းပေါ် ဖြတ်သန်းဖူးကြသူ များ၏ ဘဝတွေကတော့    အမျိုးမျိုးအဖုံဖုံ   ပြောင်းလဲခဲ့ ကြပြီ၊    ရှင်ခြင်းဖြင့် ခွဲခွာခဲ့ကြသလို   သေခြင်းဖြင့်   ခွဲခွာ သွားသူတွေလည်း များလှပြီ။

အဓိပတိလမ်းမကြီးကတော့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀    ကလိုပင်    သူ့ထံရောက်လာပြီး    ပြန်ထွက်သွားကြ မည့်သူများကို  ဆီးလို့ကြိုမြဲ ကြိုဆဲပင်ဖြစ်လေသည်။      ။

 ဆရာမ ပုညခင်၏

ကိုယ်ရေးအကျဉ်း

---------------------------

- အမည်ရင်း ဒေါ်သင်းသင်းမာဖြစ်သည်။

- ၁၉၇၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီး    ကျောင်းကုန်းမြို့၌   အဖ        ဦးညွန့်ရှိန် အမိ ဒေါ်ဌေးဌေးတို့မှ မွေးဖွားသည်။ မွေးချင်း သုံးဦး အနက် သမီးကြီး ဖြစ်သည်။

- ၁၉၉၁ ခုနှစ်တွင် ကျောင်းကုန်းမြို့ အ.ထ.က (၁) မှ အခြေခံပညာအထက်တန်းအောင်မြင်ခဲ့ပြီး နောက် ကျောင်းကုန်းမြို့နယ် တာကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်      မူလတန်း ပြ ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ရင်း ဝတ္ထုတို ဝတ္ထုရှည်များ စတင်ရေးသားခဲ့သည်။

- ၁၉၉၅ ခုနှစ်တွင်  ပုသိမ်အဝေးသင်တက္ကသိုလ်မှ မြန်မာစာအဓိကဖြင့် ဘွဲ့ရသည်။

- ၂၀၀၀ ပြည့်နှစ်တွင်   ပုညခင်ကလောင်အမည်ဖြင့် ‘ရင်ခုန်ရဲတိုက် ဝတ္ထုကို ထုတ်ဝေခဲ့သည်။

- ၂၀၀၅ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန တွင် အသုံးချစိတ်ပညာဒီပလိုမာတန်းကို တက် ရောက်ခဲ့ပြီး ၂၀၀၇   ခုနှစ်တွင်   Counselling ဘာသာဂုဏ်ထူးဖြင့် ဘွဲ့လွန်အသုံးချစိတ်ပညာ ဒီပလိုမာဘွဲ့ရရှိသည်။

- ယခုအချိန်ထိ    ဝတ္ထုတိုပေါင်း  ၈၀   ကျော်နှင့် ဝတ္ထုရှည် ၁၀၀ ကျော် ၊ လူငယ်စာပေ ၊ အတွေး အမြင်စာပေများ ရေးသားခဲ့သည်။

- ဝတ္ထုများစွာကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူး ခြင်းခံရပြီး  အချို့သော  ရုပ်ရှင်များမှာ အကယ်ဒမီ ဆုများဆွတ်ခူးရရှိခဲ့သည်။

- အရှေ့တံခါးအဝင် (ရွှေကြာ) ဝတ္ထုကို လူသားချင်း စာနာစိတ်ဖြင့် ရေးဖွဲ့ခဲ့သည့်အတွက် ၂၀၁၉ ခုနှစ် တွင်   ကုလသမဂ္ဂ  AIDS  ပူးပေါင်းအစီအစဉ် (UNAIDS)    အဖွဲ့အစည်းက    ပေးအပ်သော မှတ်တမ်းတင်ဂုဏ်ပြုလွှာကို လက်ခံရရှိခဲ့သည်။

ပုညခင်