ကန္ဒရဝတီငွေတောင်ပြည်၏ ကျေးလက်လမ်း၊ တံတားဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်ချက်များ
ကန္ဒရဝတီငွေတောင်ပြည် (ကယားပြည်နယ်) သည် သဘာဝ၏အလှတရားများနှင့်ဝန်းရံနေပြီး မြန်မာနိုင်ငံ၏ အရှေ့ဘက်တွင် တည်ရှိသည်။ သဘာဝတောတောင် ရေမြေအလှတရားများဝန်းရံ၍ ပြည်ထောင်စု တိုင်းရင်းသားညီအစ်ကိုများ ချစ်ကြည်ရင်းနှီးစွာ အတူတကွ လက်တွဲနေထိုင်ကြသော ပြည်နယ်တစ်ခုဖြစ်ပြီး မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် အနောက် တောင်ဘက်တွင် ကရင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိပြီး မြောက်လတ္တီကျု ၁၈ ဒီဂရီ ဝ မိနစ်နှင့် အရှေ့လောင်ဂျီကျု ၉၄ ဒီဂရီ ၄၀ မိနစ်နှင့် ၉၇ ဒီဂရီ ၉၃ မိနစ်ကြားတွင် တည်ရှိပါသည်။
ကယားပြည်နယ်တွင် လွိုင်ကော်ခရိုင်နှင့် ဘော်လခဲခရိုင်ဟူ၍ ခရိုင်နှစ်ခုရှိပြီး လွိုင်ကော်ခရိုင် တွင် လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နှင့် ရှားတောမြို့နယ်တို့ပါဝင်၍ ဘော်လခဲခရိုင်တွင် ဘော်လခဲမြို့၊ ဖားဆောင်းမြို့၊ မယ်စုံမြို့နယ်တို့ ပါဝင်ကာ စုစုပေါင်းမြို့နယ် ခုနစ်မြို့နယ်ဖြင့် ဖွဲ့စည်း ထားသည်။ ဧရိယာအားဖြင့် ၁၁၇၃၂ km နှင့် လူဦးရေ သုံးသိန်းခန့် နေထိုင်ပါသည်။ ကယားပြည်နယ်၏ မြို့တော်မှာ လွိုင်ကော်မြို့ဖြစ်ပြီး အထင်ကရနေရာ များအဖြစ် တောင်ကွဲစေတီတော်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်ရေကန်၊ ငွေတောင်ဆည်၊ လောပိတ ရေအားလျှပ်စစ်စက်ရုံ၊ ထီးစဲခါးရေတံခွန်၊ ကယန်း ရိုးရာပန်ပက်တို့အပြင် အခြားစိတ်ဝင်စားဖွယ် နေရာများလည်းများစွာရှိသည်။
ကယားပြည်နယ်တွင် မြို့နယ်ပေါင်းခုနစ်မြို့နှင့် ကျေးရွာပေါင်း ၅၀၆ရွာ ရှိသည့်အနက် ဆောက်လုပ် ရေးဝန်ကြီးဌာနကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ပေးရသော မြို့နယ်များမှာ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ရှားတောမြို့၊ ဘော်လခဲမြို့၊ ဖားဆောင်းမြို့၊ မယ်နဲ့ မြို့တို့ဖြစ်ပြီး ကျေးရွာအုပ်စု ၂၆ ခု ကျေးရွာ ၁၇၂ ရွာများရှိလမ်းများအား ရာသီမရွေးသွားလာ နိုင်သောလမ်းများ ဖြစ်စေရေးအတွက် ကယား ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေ ဖြင့် ၂၀၃၀ မဟာဗျူဟာရည်မှန်းချက်အား ပန်းတိုင် အဖြစ်သတ်မှတ်ကာ ဘဏ္ဍာရေးနှစ်အလိုက် အဆင့် မြှင့်တင်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ မူဝါဒနှင့် ရည်မှန်းချက် မူဝါဒ
• ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်။
ရည်မှန်းချက်
• ကျေးလက်လမ်း၊ တံတားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၊ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန် ရောက်ရှိရေး၊
• ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက် လမ်းကွန်ရက်များ အသုံးပြု၍ အမြန်ဆုံး ဆက်သွယ်သွားလာနိုင်ရေး၊
• အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းအား အထောက်အကူဖြစ်စေရေး၊
• ၂၀၃၀ ပြည့်နှစ် မြန်မာနိုင်ငံရှိကျေးရွာများ အားလုံး ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦး ရေ၏ ၉၀ ရာခိုင်နှုန်းအပေါ် ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် နှစ်စဉ် အဆင့်မြှင့်တင်ဆောင်ရွက်ရေး၊
ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအား ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဌာန၏ မဟာဗျူဟာရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင် နှုန်းနှင့် နိုင်ငံအတွင်းရှိ ကျေးရွာလူဦးရေ၏ ၉၀ ရာခိုင်နှုန်းအတွက် ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် နှစ်စဉ်အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါသည်။
ကယားပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
ကယားပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦး စီးဌာနအနေဖြင့် ပြည်နယ်အတွင်း နေထိုင်ကြ သည့် ကျေးလက်နေပြည်သူ လူဦးရေအတွက် မြေသားလမ်းမှ ရာသီမရွေး သွားလာနိုင်သော ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ အမာခံလမ်းအဖြစ်လည်းကောင်း၊ မူလပျက်စီး အိုဟောင်းနေသော သစ်သားတံတားများအားသံကူ ကွန်ကရစ်တံတားများအဖြစ်သို့ လည်းကောင်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။ ကျေးလက်နှင့် မြို့ပြလူနေမှုဘဝ ကွာဟမှုကျဉ်း မြောင်းစေရန်ရည်ရွယ်ချက်ဖြင့် အချိန်နှင့် တစ်ပြေး ညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်လမ်း များ အဆင့်မြှင့်တင်ရာ၌ ကယားပြည်နယ်ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် စတင်ဖွဲ့စည်းခဲ့ သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် လုပ်ငန်းများ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က အခြေအနေမှာ ကယားပြည်နယ်အတွင်း ကွန်ကရစ် လမ်း(၆/ ၅.၁၉)မိုင်၊ ကတ္တရာလမ်း(၃၉/၀.၄၂၃)မိုင်၊ ကျောက်လမ်း(၁၁၄/၁.၇၈၇) မိုင်၊ မြေသားလမ်း (၂၈၆/၄.၄၃)မိုင်၊ စုစုပေါင်း (၄၄၆/၃.၈၃)မိုင်ဖြစ်ပြီး ပြည်နယ်အတွင်းရှိ ကျေးလက်လမ်းများအနေဖြင့် ရာသီမရွေးသွားလာနိုင်သောလမ်း ၃၅ ရာခိုင်နှုန်းနှင့် ခြောက်သွေ့ရာသီတွင် သွားလာနိုင်သောလမ်း ၆၅ ရာခိုင်နှုန်းသာရှိခဲ့သော အခြေအနေ ဖြစ်ပါသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာ နှစ်အထိ ပြည်ထောင်စု၊ ပြည်နယ် ရန်ပုံငွေများဖြင့် ကျေးလက်လမ်းတံတား အဆင့်မြှင့်တင်တည် ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၀၂၀၂၁ ဘဏ္ဍာနှစ် ကုန်ဆုံးပြီးပါက ကွန်ကရစ်လမ်း (၂/၂)မိုင်၊ ကတ္တရာလမ်း (၅၁.၃.၂)မိုင်၊ ကျောက်လမ်း (၄၆/၂.၀၈)မိုင်၊ မြေသားလမ်း (၅၅/၄.၄) မိုင် စုစု ပေါင်း (၁၅၅၃.၆၈)မိုင်အားကျေးလက်နေပြည်သူ လူထုအတွက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။ တံတားများအနေဖြင့်လည်း သံကူ ကွန်ကရစ်တံတား ၆၅ စင်း၊ CH သံပေါင်တံတား နှစ်စင်း၊ ရေကျော်နှစ်စင်း၊ လူကူးကြိုးတံတား တစ်စင်း၊ ရိုးရိုးလူကူးတံတားတစ်စင်းနှင့် မြောင်းကူး တံတား ၄၁၇ စင်း စုစုပေါင်း ၄၈၈ စင်းတို့အား အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ကယားပြည်နယ်အတွင်းရှိကျေးလက်လမ်းများအား ရာသီမရွေးသွားလာနိုင်သောလမ်း ၆၀ ရာခိုင်နှုန်း အထိ တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်သော ကျေးလက်လမ်း ၄၀ ရာခိုင်နှုန်းအား ရာသီမရွေးသွားလာနိုင်သော လမ်းများဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။
မဟာဗျူဟာရည်မှန်းချက်၏ အဆင့်လိုက် ရည်မှန်းချက်များဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ ၅၀၀ နှင့်အထက်ရှိကျေးရွာများအားလုံး၏ ၉၅ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၂၅၀ နှင့် အထက်ရှိ ကျေးရွာများအားလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၂၅၀ အောက်ရှိ ကျေးရွာအားလုံး၏ ၉၀ ရာခိုင်နှုန်းတို့ကို ရာသီမရွေး သွားလာနိုင်သော လမ်းများအဖြစ် ဆောင်ရွက်ပေး သွားနိုင်ရေးတို့အား ဆက်လက်၍ ဆောင်ရွက်လျက် ရှိပါသည်။
ကယားပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ အမှတ်တရလမ်းများ
ကယားပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ဆောင်ရွက်ခဲ့သော လမ်းများ အနက်အဓိကကျသော လမ်းများမှာ ရေယို-နိုးကိုး ကုန်းသာလမ်း၊ ဒေါခလိုက်လင်း- ဗေထူဖျ ကန်ခုနှစ်ဆင့်လမ်း၊ မိုင်းထမ်း- ဝမ်းချယ်လမ်း အစရှိသော လမ်းများဖြစ်သည်။ ယင်းတို့အနက်လွိုင်ကော် မြို့အတွက် အမှတ်တရအဖြစ်ဆုံးလမ်းကို ညွှန်းပြ ရမည်ဆိုပါက လွိုင်ကော်မြို့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ဆက်သွယ်ဖောက်လုပ်ခဲ့ရသည့် အရှည် (၄/၂.၂၅)မိုင်ရှည်သည့် ဘုရားဖြူ - ပလဖ စခန်း-ဘီလူးချောင်းလမ်းဆုံအထိ လမ်းပင်ဖြစ်ပေ တော့သည်။ ယင်းလမ်းတည်ရှိရာ ယခင်ဆည်မြောင်း တာပေါင်ဟောင်းနေရာသည် သစ်ပင်၊ ချုံနွယ်များ ထူထပ်စွာပေါက်ရောက်လျက်ရှိပြီး ဘီလူးချောင်း တစ်လျှောက်တွင်ရှိသော လယ်ဧကများစွာကို ရေမလွှမ်းစေရန် တည်ဆောက်ထားခြင်း ဖြစ်ပါ သည်။ မိုးတွင်းရော နွေအခါပါ တစ်ဆက်တစ်စပ် တည်းသွားလာ၍မရသဖြင့် လယ်ယာစိုက်ပျိုးသူများ အခက်အခဲ ကြုံတွေ့ရပါသည်။ ယင်းတာပေါင်ဟောင်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် လုပ်ငန်းတင်ဒါခေါ်ယူခဲ့ကာ ယခင် တာပေါင်ဟောင်းအား Coreသဖွယ် အမာခံထားပြီး စက်ယန္တရားကြီးများဖြင့် မြေကြီးကျင်းပေါင်း မြောက်မြားစွာသယ်ယူ၍ လမ်းတာပေါင်အား ၂၆ ပေ အကျယ်ရအောင် ဆောင်ရွက်ခဲ့ပြီး ယင်းမြေသား တာပေါင်ပေါ်မှ ၁၆ပေ အကျယ်ကျောက်ချောလမ်းကို တစ်ဆက်တည်း ဆောင်ရွက်ခဲ့သည့်အတွက် ယခုအချိန်တွင် ခရီးလမ်းပန်းချောမွေ့စွာ သွားလာနိုင်ပြီ ဖြစ်ပါသည်။
ယခင်(၁၀ ပေ/၁၂ပေ) အကျယ်ခန့်သာရှိသော ဆည်မြောင်းတာပေါင်ပေါ်တွင် မိုးရာသီအတွင်း သွားလာ၍ မရအောင်ခက်ခဲခဲ့ရာမှ ကျယ်ပြန့်သော မြေသားတာပေါင်နှင့် ချောမွေ့သော ကျောက်ချောလမ်းကို တည်ဆောက်ပေးခဲ့သည့်အတွက် လွိုင်ကော်မြို့ အရှေ့ခြမ်းရှိ ပြည်သူလူထုများ၊ လွိုင်ကော်မြို့ အနောက်ခြမ်း နန်းမယ်ခုံ မြို့နယ် အတွင်းရှိ ဆင်တောင်၊ လီဂိုး၊ နန်းမယ်ခုံ၊ ဘုရားဖြူ၊ မောင်းတော၊ ကပ္ပယ်ခူ၊ မြို့မရှမ်း၊ မြို့မကယန်း စသည့် လွိုင်ကော်မြို့ အနောက်ခြမ်းနေ ပြည်သူတို့သည် ယခင်က မိမိတို့အနောက်အရပ်မှ လွိုင်ကော် မြို့သို့လာမည်ဆိုပါက ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်ကို ဖြတ်သန်း၍လည်းကောင်း၊ ရှမ်း- ကယား နယ်စပ် ဖယ်ခုံမြို့ကိုလည်းကောင်း မိုင် ၂၀ ခန့် ကွေ့ပတ်သွားနေရသည့်အဖြစ်မှ ယခုဖောက်လုပ်ပြီးစီးခဲ့သော ဘုရားဖြူ -ပလဖ-ဘီလူးချောင်း လမ်းဆုံအထိ ဖြတ်လမ်းပြီးစီးသွားသောကြောင့် လွိုင်ကော်မြို့သို့ ခုနှစ်မိုင်ခန့်ဖြင့် အချိန်တိုအတွင်း ရောက်ရှိနိုင်ပြီဖြစ်သလို လယ်ယာကုန်ထုတ်လမ်းအဖြစ်လည်း များစွာအထောက်အကူ ဖြစ်စေခဲ့ပါသည်။
ကယားပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ဌာန၏မူဝါဒ၊ ရည်မှန်းချက်နှင့် မဟာဗျူဟာရည်မှန်းချက်များနှင့်အညီ ကယားပြည်နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်နှင့်မြို့ပြ တစ်ပြေးညီ ဖွံ့ဖြိုးလာစေရန်အတွက် နှစ်စဉ် ကျေးလက်လမ်း/ တံတားလုပ်ငန်းများကို စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာဖြင့် ရေရှည် တည်တံ့အောင် ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရေးသားဖော်ပြလိုက်ရပေသည်။ ။
သူရအောင်အောင် (ကန္ဒရဝတီ)