Skip to main content

အသည်းရောင်ရောဂါကို အချိန်မဆိုင်းထိန်းချုပ်ရေး ဝိုင်းဝန်းရှာဖွေကုသပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ နှစ်တစ်နှစ်၏ ဇူလိုင်လ ၂၈ရက်နေ့ကို ကမ္ဘာ့အသည်းရောင်ရောဂါနေ့ (World Hepatitis Day) အဖြစ် သတ်မှတ်ထားရာ ထိုနေ့သို့ရောက်တိုင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အများပြည်သူများအတွက် အသိပညာနှင့် ကျန်းမာရေးဗဟုသုတများ ရရှိစေ ရန်ရည်ရွယ်၍ ပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိကြပါသည်။ မည်သည့်ရောဂါအတွက်မဆို ရောဂါဖြစ်ပေါ်ခံစားလာမှ ကုသခြင်းထက် မဖြစ်ခင်ကြိုတင်ကာကွယ် ထားခြင်းကပို၍သာလွန်ကောင်းမြတ်လှပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း (WHO) က ယခုလိုနှစ်တစ်နှစ်၏ ပြက္ခဒိန်လများတွင် ၉၆ ပါးသော ရောဂါဝေဒနာအမျိုးမျိုးအတွက် ကျန်းမာရေး သတိပေးနေ့များကို သတ်မှတ်ကာ စဉ်ဆက်မပြတ် အသိပေးလျက်ရှိပါသည်။ ယခု၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့အသည်းရောင် ရောဂါနေ့ဆောင်ပုဒ်အနှစ်ချုပ်မှာ “Hepatitis can't wait” ဖြစ်သည်။ ဆောင်ပုဒ်၏ဆိုလိုရင်းမှာ အသည်းရောင်ရောဂါကြောင့် လူဦးရေဖိတ်စဉ်မှုကို သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်လျှော့ချ နိုင်ရေးစီမံချက် ယခင်ကထားရှိခဲ့သော်လည်း ယခု အခါ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးဖြစ်နေသည့်အချိန် မှာပင် ကမ္ဘာတစ်ဝန်း စက္ကန့် ၃၀လျှင် လူတစ်ဦးနှုန်း မှာ အသည်းရောင်ရောဂါကြောင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ယခင်စီမံချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်အထိ စောင့်မနေသင့်တော့ဘဲ “အသည်းရောင်ဝေဒနာသည်ကို များများရှာ၊ မြန်မြန်တွေ့၊ စောစောကုသ၊အချိန်မဆိုင်း၊ ကောင်းစွာထိန်းချုပ်ပါ” ဟု ဆိုလိုခြင်းဖြစ်ပါသည်။ အသည်းရောင်ရောဂါမှာ ထွေထွေထူးထူး ရောဂါလက္ခဏာမပြဘဲ လူကောင်းပကတိအတိုင်း ရှိနေ၍ လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်သည်။ ထို့ကြောင့် မိမိတွင်၎င်းရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခံယူကာ ကြိုတင်ကာကွယ်ထားသင့်ပါသည်။ အသည်းရောင် အသားဝါပိုး အသည်းရောင် အသားဝါရောဂါဆိုသော အမည်ကို လူတိုင်းနီးပါးကြားဖူး နေမည်ဖြစ်သော်လည်း ထိုရောဂါအကြောင်း အသေးစိတ်ကို သိသူ နည်းသည်။ အသည်းရောင် အသားဝါပိုးဟုဆိုသော်လည်း အသားမဝါဘဲ အသည်းရောင်သောသူများ လည်း ရှိကြသည်။ ထို့ကြောင့် ဆေးပညာလောကတွင် “အသည်းရောင် ဗိုင်းရပ်စ်ပိုး” ဟု ခပ်တိုတိုခေါ်ဆိုလေ့ ရှိသည်။ တချို့သော အသည်း ရောင်ရောဂါ B နှင့် C ဝေဒနာရှင်များမှာ ခြောက်လကျော် သို့မဟုတ် တစ်သက်တာလုံး အသည်းရောင်ရောဂါကို ခံစားနေရပြီးနောက် ထိုသူများတွင် နာတာရှည် အသည်းရောင် ရောဂါမှစ၍ အသည်းခြောက်ရောဂါ၊ အသည်း ကြွပ်ရောဂါ၊ အသည်းကင်ဆာရောဂါများအထိ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်လာစေသည်။ ကိုယ်ခံအားကျဆင်းနေချိန်တွင် ဗိုင်းရပ်စ်ပိုးများ အသွင်ပြောင်းပြီး ဝင်လာတတ်ကြသဖြင့် ကိုယ်ခံစွမ်းအားများက ထိုပိုး၏ ၆၀ ရာခိုင်နှုန်း ခန့်ကိုသာ တိုက်ထုတ်နိုင်သည်။ လေ့လာ တွေ့ရှိချက်များ အရ ပိုးကူးစက်ခံရသူများ၏ ပျမ်းမျှ ၂၀ ရာခိုင်နှုန်းတွင် အသည်းရောင်အသားဝါ ဖြစ်ကြပြီး ၁၀ ရာခိုင်နှုန်းတွင် ရောဂါလက္ခဏာ မပြကြပေ။ သို့သော် ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေကြပြီး ဖြစ်လေသည်။ ၎င်းအနက် လေးရာခိုင်နှုန်းမျှသောသူများတွင် ကိုယ်ခံစွမ်းအား အနည်း၊ အများပေါ်မူတည်၍ နောင်တစ်နှစ်၊ နှစ်နှစ်၊ ငါးနှစ် စသည်ဖြင့်အချိန်ကြာလာသည့်အခါ အသည်းရောင်အသားဝါ ဖြစ်လာတတ်ကြသည်။ တရုတ်နိုင်ငံ မန်ဆာချူးဆက်ပြည်နယ် အမျိုးသမီး ဆေးရုံကြီးမှ ဆရာဝန်များသည် ထိုကူးစက်ပိုးဝင်နေသူ လူနာ သုံးသိန်းကို လေ့လာကြည့်ရာ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသောဘီပိုးသည်နေ့စဉ်အကောင်ရေ ဘီလီယံ ၁၀၀ ပွားပြီး စီပိုးက နေ့စဉ်အကောင်ရေ ဘီယီယံ ၁၅၀ ပွားများကြကြောင်း ကြောက်ခမန်း လိလိ လေ့လာတွေ့ရှိခဲ့သည်။ ဘီပိုးနှင့်စီပိုး ကွာခြားချက် အသည်းရောင်ရောဂါ ဘီပိုးသည်စတင်ကူးစက်သော အသက်အရွယ်ကို လိုက်၍ နာတာရှည်ရောဂါ ဖြစ်ပွားမှုနှုန်း ကွာခြားသွားသည်။ အကယ်၍ လူကြီးအရွယ်တွင် ဘီပိုးစ ဖြစ်လျှင် ၁၀ ရာခိုင်နှုန်းသာ နာတာရှည်ဖြစ်၍ ကျန် ၉၀ ရာခိုင်နှုန်းတွင် သူ့အလိုလို ပျောက်ကင်းသွား နိုင်သည်။ ကလေးဘဝတွင် စတင် ဖြစ်ပွားပါက ပိုးဝင်သူ၏ ပျမ်းမျှသုံးပုံတစ်ပုံခန့်မှာ နာတာရှည်ဖြစ်၍ ကျန်သုံးပုံနှစ်ပုံမှာ အလိုလို ပျောက်ကင်းနိုင်သည်။ မွေးကင်းစအရွယ်တွင် ရောဂါ ကူးစက်ခံရပါက ၉၀ ရာခိုင်နှုန်းတွင် နာတာရှည် ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့်သာ သူ့အလိုလိုပျောက်ကင်း နိုင်သည်။ အကြောင်းရင်းမှာ ကလေးငယ်များ၏ ကိုယ်ခံစွမ်းအား ကောင်းမွန်စွာ မဖွံ့ဖြိုးသေးသောကြောင့် ဖြစ်ပါသည်။ ဘီရောဂါပိုးရှိသော မိခင်နို့ရည်မှ တစ်ဆင့် ရင်သွေးငယ်သို့ ကူးစက်နိုင်သောကြောင့် ကလေးငယ်အား မွေးကင်းစမှ အသက်တစ်နှစ် အတွင်း ကာကွယ်ဆေးထိုးပေးရပါမည်။ စီပိုးသည် ဘီပိုးထက် နာတာရှည်ဖြစ်မှုနှုန်း ပိုများသည်။ အသည်းရောင်ရောဂါ စီပိုးရှိသူ၏ နာတာရှည် ဖြစ်မှုနှုန်းမှာ အသက်အရွယ်လိုက်၍ ကွာခြားမှု မရှိတတ်ပေ။ အသည်းရောင်စီပိုးရောဂါ ဖြစ်ပွားပြီး နောက် ၁၅ မှ ၂၀ ရာခိုင်နှုန်းမျှသာ ပျောက်ကင်းနိုင်ပြီး ကျန် ၈၀ မှ ၈၅ ရာခိုင်နှုန်းသော သူများတွင် နာတာရှည်အသည်းရောင်ရောဂါ ဖြစ်ပွားလေ့ရှိပါသည်။ ယနေ့အချိန်အထိ စီပိုးတွင် ဘီပိုးကဲ့သို့ ကာကွယ်ဆေး ထိထိရောက်ရောက် မရှိသေးပေ။ သို့သော် ကံကောင်းသည့်အချက်မှာ စီရောဂါပိုးသည် ဘီရောဂါပိုးလောက် ကူးစက်နှုန်း မများကြသေးပေ။ “ဘီပိုးနှင့်စီပိုး ကူးစက်ပုံနည်းလမ်းများ ၊ အထက်တွင် ရေးသားဖော်ပြထားသည့်အတိုင်း ယနေ့ကမ္ဘာ တစ်ဝန်း အသည်းရောင် အသားဝါ ဘီနှင့် စီရောဂါပိုးကူးစက်ခံရသူဦးရေမှာ တဖြည်းဖြည်း တိုးပွားလာ နေသဖြင့် ထိုရောဂါများ နှင့်ပတ်သက်၍ ကူးစက်နိုင်ပုံကို ဗဟုသုတအဖြစ် အမြင်ကျယ်ကျယ် သိထားသင့်ပါပြီ။ အရပ်သုံး စကားများဖြစ်ကြသော အေဘီစီဟု အလွယ်တကူ ခေါ်ဝေါ်နေကြသည့် အေအိုင်ဒီအက်စ်၊ အသည်းရောင်အသားဝါ ဘီနှင့် စီ ရောဂါပိုးများသည် ယေဘုယျအားဖြင့် ကူးစက်ပုံချင်း လွန်စွာဆင်တူကြသည်။ အသည်းရောင် အသားဝါဘီနှင့် စီ ရောဂါပိုး ကူးစက်ပုံ နည်းလမ်းများကို အောက်ပါအတိုင်း နှိုင်းယှဉ်ကြည့်ပါ။ * မိသားစုအချင်းချင်း တစ်အိမ်တည်း အတူတူနေလျှင် ဘီပိုးက ကူးစက်နိုင်ခြေများပြီး စီပိုးက မကူးစက်နိုင်ပေ။ * ရောဂါပိုးရှိသူ၏သွေးနှင့်ထိလျှင် ဘီပိုးရော စီပိုးပါ သေချာပေါက်ကူးစက်နိုင်ပါသည်။ * ရောဂါပိုးရှိသူ သုံးစွဲထားသော ချွန်ထက်သည့်ပစ္စည်း သို့မဟုတ် အပ်မှ ဘီပိုးရော စီပိုးပါ သေချာပေါက်ကူးစက်နိုင်ပါသည်။ * မူးယစ်ဆေးဝါး အကြောဆေးထိုးပြီးနောက် ၎င်းဆေးထိုးအပ်ကို ရောထွေး သုံးမိလျှင် ဘီပိုးရော စီပိုးပါ သေချာပေါက် ကူးစက်နိုင်ပါသည်။ ။ * ပိုးရှိသူ၏ သွေးသွင်းမိလျှင် ဘီပိုးရော စီပိုးပါ သေချာပေါက်ကူးစက်နိုင်ပါသည်။ • ပိုးရှိသူ၏သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား တို့ကို မျှဝေသုံးစွဲမိလျှင် ဘီပိုးရော စီပိုးပါ သေချာပေါက် ကူးစက်နိုင်ပါသည်။ * ပိုးမသန့်စင်သည့် ခွဲစိတ်မှုများမှတစ်ဆင့် ဘီပိုးရော စီပိုးပါသေချာပေါက် ကူးစက်နိုင်ပါသည်။ * ကျောက်ကပ်ဆေးသောစက်မှာ ပိုးပါသွားလျှင် ဘီပိုးရော စီပိုးပါ သေချာပေါက် ကူးစက်နိုင်ပါသည်။ * နှုတ်ခမ်းချင်းထိမိလျှင် (တံတွေးကတစ်ဆင့်) ဘီပိုးရော စီပိုးပါ ကူးစက်ရန် ခဲယဉ်းသည်။ * ပိုးရှိသူနှင့် လိင်ဆက်ဆံလျှင် ဘီပိုးက သေချာပေါက် ကူးစက်နိုင်ပြီး စီပိုးက ကူးစက်ရန်ခဲယဉ်းသည်။ * သာမန် လက်ဆွဲနှုတ်ဆက် နမ်းရှုပ်ခြင်းဖြင့် ဘီပိုးရော စီပိုးပါ မကူးစက်နိုင်ပါ။ * မိခင်မှကလေးသို့ ဘီပိုးကသေချာပေါက်ကူးစက်နိုင်ပြီး စီပိုးကကူးစက်ရန်ခဲယဉ်းသည်။ ။ * ချွေးမှတစ်ဆင့် ဘီပိုးကကူးစက်နိုင်ခြေများပြီး စီပိုးက မကူးစက်နိုင်ပေ။ * ဥပမာ နားဖောက်ခြင်း၊ ဆေးမင်ကြောင် ထိုးခြင်း၊ လက်သည်းညှပ်၊ သွားနုတ်၊ ရှားခြစ်၊ ရှားဆွဲခြင်း စသည်ဖြင့် ပိုးပါ သည့်ကိရိယာများနှင့် ခြစ်မိ၊ ဖောက်မိ၊ သုံးစွဲမိလျှင် ဘီပိုးရော စီပိုးပါ သေချာပေါက် ကူးစက်နိုင်ပါသည်။ ။ * ရောဂါပိုးရှိသူ၏ အင်္ဂါအစိတ်အပိုင်းနှင့် တစ်သျှူးများ အစားထိုးကုသမိလျှင် ဘီပိုးရော စီပိုးပါ သေချာပေါက်ကူးစက်နိုင်ပါသည်။ တင်ထက်ထက်ဇော်